ဆာလံ။ 65
1 အိုဘုရားသခင်၊ ဇိအုန်မြို့၌ငြိမ်ဝပ်စွာနေခြင်းသည်၊ ကိုယ်တော့်ထံချီးမွမ်းခြင်းဖြစ်လျက်၊ သစ္စာဝတ်ကိုလည်းဖြေထိုက်ပါ၏။
2 ပဌနာကိုနာခံတော်မူသောအရှင်၊ ကိုယ်တော့်ထံလူအပေါင်းတို့တိုးဝင်ရကြပါလိမ့်မည်။
3 မတရားမှုများသည်၊ အကျွန်ုပ်ထက်အားကြီးသော်လည်း၊ အကျွန်ုပ်တို့ကျူးလွန်မှုများကို၊ ကိုယ်တော်ဖြေရှင်းတော်မူလိမ့်မည်။
4 တံတိုင်းတော်များအတွင်း၊ ကိုယ်တော့်ထံချဉ်းကပ်နေထိုင်ရန်၊ ရွေးချယ်တော်မူခြင်းခံရသူသည်မင်္ဂလာရှိပါ၏။ သန့်ရှင်းသောစံတော်မူရာဗိမာန်တော်၏စည်းစိမ်ချမ်းသာနှင့်၊ အကျွန်ုပ်တို့ရောင့်ရဲကြလိမ့်မည်။
5 အကျွန်ုပ်တို့ကိုကယ်တင်ပိုင်ရှင်၊ မြေကြီးအစွန်းနှင့်သမုဒ္ဒရာအဖျားရှိရှိသမျှတို့၏ကိုးစားဖွယ်အရှင်၊ အိုဘုရားသခင်၊ ကြောက်မက်ဖွယ်ဓမ္မမှုများဖြင့်၊ အကျွန်ုပ်တို့အားတုံ့ပြန်တော်မူပါ၏။
6 ခွန်အားကိုခြုံရုံသောကိုယ်တော်သည်၊ တန်ခိုးတော်ဖြင့် တောင်များကိုတည်လျက်၊ သမုဒ္ဒရာဟိန်းသံ၊
7 လှိုင်းတံပိုးဟုန်းသံ၊ လူစုတို့ခြိမ်းသံကို ငြိမ်စေတော်မူပါ၏။
8 နိမိတ်လက္ခဏာတော်များကြောင့်၊ ဝေးကွာရာအရပ်များ၌ နေထိုင်သူတို့ခန့်ညားရကြရာ၊ နေထွက်ရာ၊ နေဝင်ရာအရပ်များလည်း ကြွေးကြော်ခွင့်ရလှပါ၏။
9 ကိုယ်တော်သည် မြေကြီးကိုကြည့်ရှုလျက်၊ မိုးရွာစေလျက်၊ ပြန့်ပြောစေတော်မူပါ၏။ ဘုရားသခင်၏မြစ်ချောင်းများလည်းရေပြည့်လျှံလျက်ရှိ၏။ လူတို့အဖို့စပါးကို ပြုစုတော်မူရာ၊
10 ထယ်ကြောင်းစိုစွတ်ခြင်း၊ ထယ်စာညီညာခြင်း၊ မိုးရွာသဖြင့် ပြော့အိခြင်း၊ အေညှာက်ကောင်းကြီးပေးခြင်းများဖြင့်ပြုစုတော်မူပါ၏။
11 မင်္ဂလာတော်ခံစားရာနှစ်ကို၊ သရဖူဆောင်းစေလျက်၊ လှည်းကြောင်းတော်များမှဆီဥယိုကျပါ၏။
12 တောတောင်စားကျက်များမှ၊ ဆီဥယိုကျ၍၊ တောင်များသည်၊ ရွှင်လန်းခြင်းကိုခြုံရုံကြပါ၏။
13 စားကျက်များသည်၊ သိုးဆိတ်များနှင့်ဆင်ယင်လျက်၊ ချိုင့်ဝှမ်းရာများလည်း၊ ကောက်ပင်များနှင့်ခြုံရုံလျက်၊ ရွှင်မြူးကြွေးကြော်သီဆိုကြပါ၏။