ဆာလံ။ 64
1 အိုဘုရားသခင်၊ အကျွန်ုပ်မြည်တမ်းသံကိုကြားနာ၍၊ ရန်ဘေးမှအသက်ကိုစောင့်ထိန်းတော်မူပါ။
2 လူဆိုးတို့အသင်းအပင်းမှလည်းေကာင်း၊ ဒုစရိုက်ပြုကျင့်သူတို့အစုအခဲမှလည်းေကာင်း၊ ကွယ်ကာတော်မူပါ။
3-4 ထိုသူတို့သည်ကိုယ့်လျှာကိုဓားကဲ့သို့ကျင်းခြင်း၊ နစ်နာရာစကားဖြစ်သောမြှားကိုရွယ်ခြင်း၊ စုံလင်သောသူ့ကို၊ အောင်းရာမှပစ်ခြင်းကြံလျက်၊ ရှောင်တခင်ဘေးကင်းစွာပစ်တတ်ကြသည်တကား။
5 မကောင်းသောအကြံကိုအတည်ပြုလျက်၊ ညွှတ်ကွင်းများကိုထောင်ထားရန်တိုင်ပင်လျက်၊ မည်သူသိမြင်မည်နည်းဟုဆိုတတ်ကြပါ၏။
6 မကောင်းမှုကိုကြံဖန်၍၊ မရမနေကြံစည်တတ်ကြပါ၏။ လူတို့အတွင်းသဘောသည် အလွန်နက်နဲပါ၏။
7 သို့သော်လည်း၊ မြှားတော်ကိုဘုရားသခင်ပစ်တော်မူသဖြင့်၊ ရုတ်တရက်အနာတရခံရကြရာ၊
8 ကိုယ့်စကားအကျိုးဆက်ကြောင့်ပြိုလဲရကြလိမ့်မည်။ မြင်ရသူအပေါင်းတို့ခေါင်းခါလျက်၊ လူ့ခပ်သိမ်းတို့ကြောက်ရွံ့လျက်၊
9 ဘုရားသခင့်အစီအရင်တော်ကိုစဉ်းစား၍၊ အမှုတော်ကိုကြော်ငြာကြလိမ့်မည်။
10 ဖြောင့်မတ်သူမူကား၊ ထာဝရဘုရား၌ဝမ်းမြောက်ခိုလှုံခွင့်၊ သဘောဖြောင့်သူရှိသမျှတို့ပင်၊ ဂုဏ်ရောက်ခွင့်ရကြလိမ့်သတည်း။