ဆာလံ။ 6
အိုထာဝရဘုရား၊ အမျက်တော်ထား၍ အကျွန်ုပ်ကိုပဲ့ပြင်တော်မမူပါနှင့်။ မသာမယာသောစိတ်ရှိ၍ ဆုံးမတော်မမူပါနှင့်။ အိုထာဝရဘုရား၊ အကျွန်ုပ်ပိန်ကြုံလျက်ရှိသောကြောင့် သနားတော်မူပါ။ အိုထာဝရဘုရား၊ အကျွန်ုပ်အရိုးစုံနာကျင်လျက်ရှိသောကြောင့် ချမ်းသာစေတော်မူပါ။ အကျွန်ုပ်အသက်ဝိညာဉ်လည်း၊ ဒုက္ခပြင်းစွာရောက်လျက်ရှိခဲ့လေစွ။ အိုထာဝရဘုရား၊ မည်မျှကြာဆိုင်းလင့်၍ နေတော်မူမည်နည်း။ အိုထာဝရဘုရား၊ တစ်ဖန်ကြွလာ၍ အကျွန်ုပ်အသက်ကိုကယ်လွှတ်တော်မူပါ။ ကရုဏာတော်အလျောက်၊ အကျွန်ုပ်ကိုကယ်တင်တော်မူပါ။ သေရာ၌ကိုယ်တော်ကိုသတိမရတတ်ကြပါ။ မရဏာ့နိုင်ငံ၌၊ ကျေးဇူးတော်ကိုမည်သူချီးမွမ်းပါမည်နည်း။ ငါသည်ညည်းတွားရ၍ မောပန်းလျက်ရှိ၏။ ခုတင်ကိုမျက်ရည်နှင့်ဖျန်း၍ ညဉ့်တိုင်းအိပ်ရာကိုရွှဲစေ၏။ ပူဆွေးရခြင်းကြောင့်မျက်စိပျက်၍၊ ရန်သူတို့ကြောင့်မှုန်လျက်နေ၏။ ဒုစရိုက်ပြုကျင့်သူအပေါင်းတို့၊ ငါ့ထံမှထွက်သွားကြ။ ငါ့ငိုကြွေးသံကိုထာဝရဘုရားကြားနာတော်မူပြီ။ ငါ့အသနားတော်ခံချက်ကို၊ ထာဝရဘုရားနားညောင်းလျက်၊ ပဌနာကိုလက်ခံတော်မူပါမည်။ 10 ငါ့ရန်သူရှိသမျှတို့သည်၊ အရှက်ကွဲ၍ထိတ်လန့်ခြင်း၊ ရှောင်တခင်လန့်၍ အရှက်ကွဲခြင်းခံရကြလတ္တံ့။