ဆာလံ။ 56
အိုဘုရားသခင်၊ အကျွန်ုပ်အပေါ်၌၊ ကရုဏာသက်တော်မူပါ။ လူတို့သည်အကျွန်ုပ်ကိုစိတ်ဇောနှင့်လိုက်ရှာ၍၊ နေ့ရှိသမျှ တိုက်ခိုက်နှိပ်စက်ကြပါ၏။ ရန်သူတို့သည် နေ့ရှိသမျှ စိတ်ဇောနှင့် လိုက်ရှာ၍၊ မာနစိတ်နှင့်တိုက်ခိုက်သူတို့များလှပါ၏။ အကျွန်ုပ်သည်၊ ကြောက်ရွံ့နေရသောကာလတွင်၊ ကိုယ်တော်၌ကိုးစားပါမည်။ ဘုရားသခင်ကိုအမှီပြု၍၊ ကတိတော်ကိုချီးမွမ်းမည်။ ကြောက်ရွံ့ခြင်းကင်းလျက်၊ ဘုရားသခင်၌ကိုးစားပြီးဖြစ်သူငါ့ကို၊ လူတို့မည်သို့ပြုနိုင်သနည်း။ သူတို့သည်၊ နေ့ရှိသမျှ ငါ့စကားကိုအလွဲကောက်လျက်၊ မကောင်းကိုသာကြံစည်ကြ၏။ ငါ့အသက်အန္တရာယ်ကိုရှာကြံသည့်အတိုင်း၊ စုရုံးချောင်းမြောင်းလျက်၊ ငါ့ခြေရာများကိုခံ၍ လိုက်ကြ၏။ ဒုစရိုက်အားဖြင့်လွတ်မြောက်ကြပါမည်လော။ အိုဘုရားသခင်၊ ထိုလူမျိုးတို့ကိုအမျက်တော်ထား၍ဖြိုလှဲတော်မူပါ။ အကျွန်ုပ်၏လေလွင့်ခြင်းများကို ကိုယ်တော်မှတ်သားလျက်၊ မျက်ရည်များကိုဘူးတော်တွင် ထည့်ထားတော်မူပါ။ စာရင်းတော်၌သွင်းထားပြီမဟုတ်ပါလော။ ဘုရားသခင်သည် ငါ့ဘက်၌ရှိနေတော်မူ၍၊ အော်ဟစ်သောအခါ၊ ရန်သူတို့လန်ကြရမည်ကိုငါသိ၏။ 10 ဘုရားသခင်ကိုအမှီပြု၍၊ ကတိတော်ကိုချီးမွမ်းမည်။ ထာဝရဘုရားကိုအမှီပြု၍၊ ကတိတော်ကိုချီးမွမ်းမည်။ 11 ကြောက်ရွံခြင်းကင်းလျက်၊ ဘုရားသခင်၌ကိုးစားပြီးဖြစ်သူငါ့ကို၊ လူတို့မည်သို့ပြုနိုင်သနည်း။ 12 အိုဘုရားသခင်၊ အကျွန်ုပ်သည် ရှေ့တော်၌ထားသော သစ္စာဝတ်ကိုဖြေလျက်၊ ချီးမွမ်းရာပူဇော်သက္ကာကိုဆက်ကပ်ပါမည်။ 13 ကိုယ်တော်သည်၊ အကျွန်ုပ်အသက်ကိုသေဘေးမှကယ်လွှတ်တော်မူပြီ။ အသက်ရှင်သူတို့၏အလင်းတွင်၊ ဘုရားသခင့်ရှေ့တော်၌သွားလာခွင့်ရရှိစေရန်၊ အကျွန်ုပ်ခြေ ကိုမချော်မလဲအောင်၊ စောင်မတော်မူပြီမဟုတ်ပါလော။