ဆာလံ။ 51
1 အိုဘုရားသခင်၊ မေတ္တာကျေးဇူးတော်အလျောက်၊ အကျွန်ုပ်အပေါ်၌၊ ကရုဏာသက်၍၊ ကရုဏာတော်များပြားသည်နှင့်လျော်စွာ၊ ကျူးလွန်မှုများကိုဖြေဖျောက်တော်မူပါ။
2 ဒုစရိုက်နှင့်စင်ကြယ်အောင်အကျွန်ုပ်ကိုဆေးကြော၍၊ အပြစ်မှသန့်စင်စေတော်မူပါ။
3 အကျွန်ုပ်ကျူးလွန်ခြင်းများကို၊ သိမြင်လျက်၊ ပြစ်မှုကိုမျက်မှောက်ပြုလျက်နေပါ၏။
4 ကိုယ်တော်ကိုသာပြစ်မှား၍၊ မျက်မှောက်တော်၌မကောင်းမှုကိုပြုမိပါပြီ။ သို့ဖြစ်၍ မိန့်တော်မူရာ၌ဖြောင့်မှန်တော်မူကြောင်း၊ စီရင်ဆုံးဖြတ်တော်မူရာ၌၊ သန့်ရှင်းတော်မူကြောင်းထင်ရှားလျက်ရှိ၏။
5 အကျွန်ုပ်သည်၊ ဖွားစကပင်ဒုစရိုက်ပါလျက်၊ သန္ဓေတည်သောနေ့ကပင် အပြစ်ပါလျက်ရှိပါလေစွ။
6 ကိုယ်တော်သည်အတွင်းနှလုံး၌၊ သစ္စာစောင့်ခြင်းကိုနှစ်သက်၍၊ ကွယ်ဝှက်ရာများ၌၊ ဉာဏ်ပညာကိုသိစေတော်မူလိမ့်မည်။
7 ဟုဿုပ်ညွန့်နှင့်အကျွန်ုပ်ကိုသုတ်သင်တော်မူပါ။ စင်ကြယ်ပါလိမ့်မည်။ ဆေးကြောတော်မူပါ။ မိုးပွင့်ထက်ဖြူစင်ပါလိမ့်မည်။
8 ချိုးတော်မူသော အရိုးများ၌ ခြင်ဆီစိမ့်ရခြင်းငှာ၊ အားရရွှင်လန်းဖွယ်ရာကို ကြားစေတော်မူပါ။
9 အကျွန်ုပ်အပြစ်များမှ မျက်နှာတော်လွှဲ၍၊ ဒုစရိုက်ရှိသမျှကို ဖြေဖျောက်တော်မူပါ။
10 အိုဘုရားသခင်၊ အကျွန်ုပ်၌ စင်ကြယ်သော စိတ်နှလုံးကိုဖန်ဆင်း၍၊ တည်ကြည်သောသဘောကို ပြုပြင်တော်မူပါ။
11 အထံတော်မှ အကျွန်ုပ်ကိုနှင်ထုတ်ခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်ကိုရုပ်သိမ်းခြင်းပြုတော်မမူပါနှင့်။
12 ကယ်တင်တော်မူရာသုခကိုရပြန်စေလျက်၊ စေတနာစိတ်အလျောက်ထောက်မတော်မူပါ။
13 အကျွန်ုပ်လည်း ကျူးလွန်သူတို့အား၊ နည်းလမ်းတော်များကိုသွန်သင်သဖြင့်၊ ကိုယ်တော့်ထံအပြစ်သားတို့ပြန်လာကြပါလိမ့်မည်။
14 အိုဘုရားသခင်၊ အကျွန်ုပ်ကိုကယ်တင်သောဘုရား၊ လူသတ်ပြစ်နှင့်ကင်းလွတ်စေ တော်မူပါ။ ဖြောင့်မတ်တော်မူခြင်းအကြောင်း၊ လျှာဖြင့်ကြွေးကြော်ပါမည်။
15 အိုအရှင်ဘုရား၊ အကျွန်ုပ်၏နှုတ်ခမ်းများကိုဖွင့်တော်မူပါ။ နှုတ်ဖြင့်ဂုဏ်တော်ကိုချီးမွမ်းပါမည်။
16 ပူဇော်သက္ကာကိုနှစ်မြို့တော်မမူ၊ မူလျှင်၊ ပူဇော်ခဲ့လေပြီ။ မီးရှို့ရာသက္ကာကိုလည်း နှစ်သက်တော်မမူ။
17 ဘုရားသခင်နှစ်သက်တော်မူသော ပူဇော်သက္ကာမူကား၊ ကျိုးပဲ့သောစိတ်ဖြစ်၏။ အိုဘုရားသခင်၊ ကျိုးပဲ့ကြေမွသောစိတ်နှလုံးကို၊ မထီမဲ့မြင်ပြုတော်မူမည်မဟုတ်ပါ။
18 စိတ်စေတနာတော်နှင့်ဇိအုန်မြို့ကိုကျေးဇူးပြုလျက်၊ ယေရုရှလင်မြို့ရိုးများကို တည်တော်မူပါ။
19 ထိုကာလ၊ ဖြောင့်မတ်ခြင်းသက္ကာ၊ မီးရှို့ရာသက္ကာ၊ ကောင်လုံးမီးရှို့ရာသက္ကာများကိုနှစ်သက်တော်မူပါလိမ့်မည်။ ပူဇော်ရာပလ္လင်တော်ပေါ်တွင်၊ နွားပေါက်များကိုဆက်ကပ်ကြပါလိမ့်မည်။