ဆာလံ။ 49
1 လူမျိုးရှိသမျှတို့၊ နာခံကြလော့။ ယခုခေတ်သား၊
2 လူယုတ်လူမြတ်၊ သူကြွယ်၊ သူဆင်းရဲအပေါင်းတို့၊ နားထောင်ကြလော့။
3 ငါသည်၊ စိတ်နှလုံးဖြင့်ဉာဏ်ပဋိဘာန်အကြောင်းစဉ်းစားလျက်၊ နှုတ်ဖြင့်ဉာဏ်ပညာအကြောင်းမြွက်ဆိုလိမ့်မည်။
4 ပုံဆောင်ရာဗျာဒိတ်ကိုနာခိုက်၊ နက်နဲရာများကိုစောင်းတီးလျက်ဖွင့်ပြတော့မည့်။
5-6 ကိုယ့်ကြွယ်ဝခြင်း၌ကိုးစားလျက်၊ ပစ္စည်းများခြင်းကြောင့်ဝါကြွားသူ၊ ငါ့ကိုကြော့လိုသူတို့အဓမ္မမှုဝိုင်းမိသဖြင့်၊ ဒုက္ခခံရသည့်ကာလ၊ အဘယ့်ကြောင့်ကြောက်ရအံ့နည်း။
7-9 ကာလအစဉ်မပေးရအောင်၊ အသက်ရွေးနုတ်ဖိုးကြီးလှသောကြောင့်၊ သင်္ချၖိုင်းတွင်းသို့မဆင်းဘဲ၊ ရှင်မြဲရှင်ခွင့်ရစေခြင်းငှာ၊ လူအချင်းချင်းတို့ရွေးနုတ်ဖိုးကို၊ ဘုရားသခင့်ထံ မဆက်မသွင်းနိုင်ချေ။
10 မုချဆင်းကြရလတ္တံ့။ ပညာရှိသူတို့သေလျက်၊ မိုက်မဲသူနှင့်တကွ ဉာဏ်တုံးသူတို့ပျက်စီး၍၊ ကြွယ်ဝသမျှကို၊ သူတစ်ပါးတို့ဆက်ခံကြရာ၏။
11 လယ်ယာများကို ကိုယ့်အမည်ဖြင့် သမုတ်ကြလျက်ပင်၊ တည်မြဲရာအိမ်၊ အစဉ်အဆက်နေရာတိုက်ကား၊ သင်္ချၖိုင်းပေတည်း။
12 လူသည်စည်းစိမ်ချမ်းသာခံစား၍ တည်မြဲသည်မဟုတ်။ ပျက်စီးတတ်သောတိရစ္ဆာန်ထပ်တူရှိလေစွ။
13 ကိုယ်ကိုစိတ်ချသူတို့အကျိုးဆက်၊ ကိုယ့်ပိုင်စုကိုခင်မင်သူတို့အဆုံးကား၊ ထိုသို့ပင်တည်း။
14 သိုးအုပ်ကဲ့သို့မရဏာ့နိုင်ငံ၌လှောင်ထားခြင်း၊ သေမင်းထိန်းကျောင်းခြင်းကိုခံရ၍၊ နံနက်တိုင်သော်၊ ဖြောင့်မတ်သူတို့နင်းနယ်ကြစဉ်၊ ကြက်သရေအဆောင်ကင်းလျက်၊ မရဏာ့နိုင်ငံတွင် အသွင်ကွယ်ပျောက်ရလတ္တံ့။
15 ငါ့ကိုမူကား၊ ဘုရားသခင်ဆောင်သွား၍၊ ငါ့အသက်ဝိညာဉ်ကိုမရဏာ့တန်ခိုးမှရွေးနုတ်တော်မူမည်။
16 တစ်ဦးဦးရတတ်၍၊ အိမ်စည်းစိမ်တိုးတက်သော်၊ မကြောက်ပါလင့်။
17 သေသောအခါဥစ္စာပါသွားခွင့်၊ စည်းစိမ်လိုက်ဆင်းခွင့်မရချေ။
18 အသက်ရှင်လျက်နေစဉ်၊ ကိုယ့်အသက်ဝိညာဉ်ကိုကောင်းကြီးပေး၍၊ ကိုယ့်အကျိုးကိုပြုစုသူတို့ဘာဝချီးမွမ်းခြင်းခံရသော်လည်း၊
19 အလင်းကိုနောက်နောင်မမြင်ရသောဘိုးဘေးတို့ရှိရာသို့သွားရလတ္တံ့။
20 ဉာဏ်ကင်းသောလူသည်၊ စည်းစိမ်ချမ်းသာခံစားသော်လည်း၊ ပျက်စီးတတ်သောတိရစ္ဆာန် ထပ်တူရှိလေစွတကား။