ဆာလံ။ 45
1 ငါသည် မင်္ဂလာစကားနှင့် စိတ်တက်ကြွလျက်၊ ပြည့်ရှင်မင်းကြီးနှင့်စပ်လျဉ်း၍၊ ငါစီကုံးသောစာကိုမြွက်ဆိုမည်။ ငါ့လျှာလည်းစာရေးကောင်း၏ ကညစ်သဖွယ်ဖြစ်၏။
2 အရှင်မင်းမြတ်သည် လူ့သားတို့ထက် တင့်တယ်၍၊ နှုတ်တော်သည်ဖွယ်ရာခြင်းနှင့်မွမ်းလျက်ရှိသောကြောင့်၊ အစဉ်အမြဲကောင်းကြီးမင်္ဂလာကို ဘုရားသခင်ပေးတော်မူပါ၏။
3 တန်ခိုးကြီးတော်မူသောအရှင်၊ ဓားကိုပေါင်တော်၌စည်းလျက်၊ ဘုန်းအာနုဘော်တော်ကိုဆင်ယင်လျက်၊
4 သစ္စာစောင့်ခြင်း၊ နူးညံ့ခြင်း၊ ဖြောင့်မတ်ခြင်းအတွက်ကြောင့်၊ အာနုဘော်တော်နှင့် အောင်မြင်၍စီးသွားတော်မူပါ။ ကြောက်မက်ဖွယ်ရာများကို၊ ညာလက်တော်ဖြင့် သွန်သင်ခံရတော်မူပါလိမ့်မည်။
5 ပြည့်ရှင်မင်းကြီး၏ရန်သူတို့နှလုံးကိုစူးသောမြှားတော်များထက်သည်ဖြစ်၍၊ ဖဝါးတော်အောက်သို့လူမျိုးတို့ကျရောက်ကြပါ၏။
6 အို၁ 45.6 ပါဠိ - ဘုရားသခင်။အရှင်ဘုရား၊ ရာဇပလ္လင်တော်သည် ကာလအစဉ်တည်လျက်၊ နိုင်ငံတော်၏ရာဇလှံတံသည် တရားလှံတံဖြစ်ပါ၏။
7 ဖြောင့်မတ်ခြင်းကိုနှစ်သက်၍၊ ဆိုးသွမ်းခြင်းကိုရွံရှာသောကြောင့်၊ ဘုရားတည်းဟူသောကိုယ်တော်၏ဘုရားသခင်သည်၊ ကိုယ်တော်ကိုဘုရင်ချင်းတို့ထက်၊ မင်္ဂလာဆီသွန်းတော်မူပါပြီ။
8 အဝတ်အထည်တော်ရှိသမျှသည်၊ မုရန်စေ့၊ အကျော်၊ သစ်ကြံပိုးနံ့နှင့်မွှေးကြိုင်၍၊ ဆင်စွယ်နန်းတော်များမှကြားရသောကြိုးတပ်တူရိယာမျိုးအားဖြင့်၊ အားရရွှင်လန်းတော်မူရပါ၏။
9 အပြည်ပြည်ကမင်းသမီးတို့သည်၊ မောင်းမမိဿံအဝင်ဖြစ်လျက်၊ ညာဘက်တော်မှာ၊ ဩဖိရရွှေထည်ဆင်ယင်သောမိဖုရားရှိနေပါ၏။
10 ငါ့သမီး၊ နားထောင်လော့။ ဆင်ခြင်၍နာယူလော့။ ကိုယ့်လူမျိုးနှင့်အိမ်ထောင်သားချင်းတို့ကိုမေ့လျော့လျက်၊
11 သင့်အရှင်ဖြစ်သောကိုယ်တော်ကိုရှိခိုးလော့။ သင်၏အဆင်းတင့်တယ်ခြင်းကို ပြည့်ရှင်မင်းကြီးနှစ်သက်တော်မူသည့်ပြင်၊
12 တုရုအမျိုးသမီးမှစ၍၊ ပြည်သူတို့တွင် သူဌေးသူကြွယ်တို့သည်၊ လက်ဆောင်ပဏ္ဏာနှင့်သင့်ကိုခယကြလိမ့်မည်။
13 ပြည့်ရှင်မင်းကြီးသမီးသည်၊ အတွင်းတော်ဆောင်၌ကြက်သရေနှင့်ပြည့်စုံလျက်၊ ရွှေချည်ထိုးသောအဝတ်အထည်ကိုဆင်ယင်၏။
14 ဇာချည်ထိုးသော အထည်အခင်းပေါ်မှာ၊ ပြည့်ရှင်မင်းအထံတော်သို့ဆောင်ခဲ့ရာ၊ နောက်ပါရံရွေတော် အပျိုတော်တို့လည်း၊ ပါလာရလိမ့်မည်။
15 ဝမ်းမြောက်ရွှင်လန်းခြင်းနှင့်ခေါ်ခဲ့ရ၍၊ ပြည့်ရှင်မင်း၏နန်းတော်ထဲသို့ ဝင်ကြရလိမ့်မည်။
16 ဘိုးဘေးတို့ကိုယ်စား၊ သားတော်တို့ပေါ်ထွန်း၍၊ မြေကြီးတစ်ပြင်လုံးတွင်၊ မင်းဖြစ်စေတော်မူရပါလိမ့်မည်။
17 အကျွန်ုပ်သည်၊ နာမတော်ကိုအမျိုးအဆက်ဆက် သတိရစေသဖြင့်၊ လူမျိုးတို့သည်၊ ကမ္ဘာအဆက်ဆက်ကျေးဇူးတော်ကိုချီးမွမ်းရကြပါလိမ့်မည်။