ဆာလံ။ 2
မည်သည့်အကြောင်းကြောင့်လူမျိုးခြားတို့ရုန်းရင်းခတ်ပြု၍၊ လူအမျိုးမျိုးတို့အချည်းနှီးကြံစည်ကြသနည်း။ ထာဝရဘုရားနှင့်ဘိသိက်တော်ခံမင်းတစ်ဘက်၌၊ မြေကြီးဘုရင်တို့သည် ထကြွ၍၊ မင်းတို့သည် တိုင်ပင်လျက်၊ အချုပ်အနှောင်တော်များကိုချိုးဖြတ်၍၊ နှောင်ကြိုးတော်များပယ်ရှားကြကုန်အံ့ဟုဆိုကြသော်၊ ကောင်းကင်ဘုံ၌စံနေတော်မူသော အရှင်ဘုရားပြုံးရယ်လျက်၊ ထိုသူတို့ကိုကဲ့ရဲ့တော်မူလိမ့်မည်။ 5-6 ထိုအခါ၊ မသာမယာေသာစိတ်တော်ဖြင့်ဒုက္ခရောက်စေလျက်၊ ငါခန့်ထားသောဘုရင်ကို သန့်ရှင်းသောဇိအုန်တောင်တော်ပေါ်မှာ ငါတင်မြှောက်ပြီဟု အမျက်တော်နှင့်မိန့်တော်မူလိမ့်သတည်း။
ဗျာဒိတ်တော်ကိုငါပြန်ကြားဦးမည်။ ငါ့အားထာဝရဘုရားက၊ သင်သည် ငါ့သားဖြစ်၏။ ယနေ့သင့်ကိုငါဖြစ်ပွားစေပြီ။ သင်တောင်းလျှောက်လျှင်လူမျိုးခြားတို့ကို အပိုင်အဖြစ်ငါပေး၍၊ မြေကြီးကိုလည်း အစွန်းအဖျားတိုင်အောင်ရစေမည်။ ထိုသူတို့ကိုသံလှံတံနှင့်ချိုး၍၊ မြေအိုးကိုခွဲစိတ်သကဲ့သို့ခွဲရမည်ဟု မိန့်တော်မူ၏။
10 ထို့ကြောင့်၊ အချင်းဘုရင်တို့၊ လိမ္မာကြလော့။ မြေကြီးပေါ်ရှိတရားမင်းတို့၊ သတိမူကြလော့။ 11 ထာဝရဘုရားကိုခန့်ညားလျက် ဝတ်ပြုကြလော့။ တုန်လှုပ်လျက်ရွှင်လန်းကြလော့။ 12 အမျက်တော်ထားသဖြင့်၊ လမ်းခုလတ်၌ မပျက်စီးရခြင်းငှာ၊ သားတော်ကိုရိုသေကျိုးနွံကြလော့။ မကြာမီပင်အမျက်တော်ထားလိမ့်မည်။ ကိုယ်တော်၌ခိုလှုံသမျှသော သူတို့ကားမင်္ဂလာရှိကြ၏။