ဆာလံ။ 135
1-2 ဟာလေလုယ၊ ထာဝရဘုရား၏ နာမတော်ကိုချီးမွမ်းလော့။ ထာဝရဘုရား၏ဗိမာန်တော်၊ ငါတို့ဘုရားသခင်၏ဗိမာန်တော်တံတိုင်းများအတွင်း၊ ခစားသောထာဝရ ဘုရား၏ကျွန်တော်မျိုးတို့၊ ချီးမွမ်းကြလော့။
3 ထာဝရဘုရားသည်ကောင်းမြတ်တော်မူသောကြောင့်၊ ထာဝရဘုရားအားချီးမွမ်းခြင်း၊ တင့်တယ်သည့်အလျောက်၊ နာမတော်အားကျူးဧခြင်းပြုကြလော့။
4 အသို့ဆိုသော်၊ ထာဝရဘုရားသည်ယာကုပ်အမျိုးကိုပိုင်ရာတော်အဖြစ်၊ ဣသရေလအမျိုးကိုပိုင်ဆိုင်ရာအထူးအဖြစ်၊ ရွေးကောက်တော်မူပြီ။
5 ထာဝရဘုရားသည် ကြီးမြတ်တော်မူကြောင်း၊ ငါတို့အရှင်သည် ဘုရားဟူသမျှထက်မြင့်မြတ်တော်မူကြောင်း၊ ငါသိ၏။
6 ထာဝရဘုရားသည် မိုး၊ မြေ၊ သမုဒ္ဒရာနှင့်ရေထုရှိသမျှ၌၊ သဘောတော်မြတ်ရာပြုတော်မူခဲ့ပြီ။
7 မြေကြီးအစွန်းအဖျားမှ မိုးသားတက်စေလျက်၊ မိုးရွာစေရန်လျှပ်စစ်ကိုစီမံလျက်၊ လှောင်တိုက်တော်များထဲကလေပြင်းကိုထွက်စေတော်မူ၏။
8 အိဂျစ်ပြည်၌ လူနှင့်တိရစ္ဆာန်သားဦးရှိသမျှကိုကွပ်မျက်တော်မူခဲ့၏။
9 အိုအိဂျစ်ပြည်၊ သင့်အထဲတွင်ဖာရောမင်းမှစ၍၊ ကျေးကျွန်အပေါင်းတို့အပေါ်သို့လက္ခဏာသက်သေနှင့်အံ့ဖွယ်ရာများကိုစေလွှတ်တော်မူခဲ့၏။
10 အာမောရိပြည့်ရှင်ရှိဟုန်မင်း၊ ဗာရှန်ပြည့်ရှင်ဩဃမင်းနှင့်တကွ၊
11 ဘုန်းကြီးသောလူမျိုးတို့ဘုရင်မင်းတို့ကို ကွပ်မျက်လျက်၊ ခါနာန်တိုင်းနိုင်ငံရှိသမျှကိုလုပ်ကြံပြီးလျှင်၊
12 သူတို့ပြည်နယ်ကို၊ ဣသရေလလူမျိုးတော်အားအပိုင်ပေးသနားတော်မူ၏။
13 အိုထာဝရဘုရား၊ နာမတော်သည် ကာလအစဉ်၊ အိုထာဝရဘုရား၊ ဘွဲ့တော်သည် လူမျိုးအဆက်ဆက်တည်မြဲပါ၏။
14 ထာဝရဘုရားသည် ကျွန်တော်မျိုးတို့အတွက်စိတ်တော်ပြောင်းလဲ၍၊ လူမျိုးတော်ကိုစီရင်ဆုံးဖြတ်တော်မူလိမ့်မည်။
15 လူမျိုးခြားတို့ရုပ်ပွားများသည်၊ လူ့လက်ဖြင့်လုပ်သောရွှေငွေဆင်းတုဖြစ်သဖြင့်၊
16 နှုတ်ရှိလျက်ပင်၊ ပြောဆိုခွင့်၊ မျက်စိရှိလျက်ပင်၊ ရှုမြင်ခွင့်၊
17 နားရှိလျက်ပင်၊ ကြားနာခွင့်မရှိသည့်ပြင်၊ ခံတွင်း၌လည်းထွက်သက်ဝင်သက်မရှိ။
18 ထုလုပ်သောသူတို့သည်၊ ကိုးစားသမျှသူတို့ပါ၊ ထို့အတူဖြစ်ကြပါစေသော။
19 အိုဣသရေလအမျိုးသားတို့၊ ထာဝရဘုရားအားဩဘာဆက်ကြလော့။ အိုအာရုန်အနွယ်သားတို့၊ ထာဝရဘုရားအားဩဘာဆက်ကြလော့။
20 အိုလေဝိအနွယ်သားတို့၊ ထာဝရဘုရားအားဩဘာဆက်ကြလော့။ ထာဝရဘုရားကိုခန့်ညားသူတို့၊ ထာဝရဘုရားအားဩဘာဆက်ကြလော့။
21 ယေရုရှလင်မြို့၌ စံနေတော်မူေသာထာဝရဘုရားသည်၊ ဇိအုန်မြို့ထဲမှမင်္ဂလာရှိတော်မူစေသတည်း။ ဟာလေလုယ။