ဆာလံ။ 102
1 အိုထာဝရဘုရား၊ အကျွန်ုပ်ပဌနာကိုနားညောင်း၍၊ ရှေ့တော်သို့အော်ဟစ်သံကိုဝင်ရောက်စေတော်မူပါ။
2 ဒုက္ခရောက်သည့်ကာလ၊ မျက်နှာလွဲတော်မမူပါနှင့်။ အကျွန်ုပ်ခေါ်သောအခါ၊ နားတော်ညောင်း၍ အလျင်အမြန်ထူးတော်မူပါ။
3 အကျွန်ုပ်ရက်တာသည် မီးခိုးကဲ့သို့လွင့်ပျောက်လျက်၊ အရိုးများလည်းမီးစကဲ့သို့ကျွမ်းလောင်ပါ၏။
4 နှလုံးသည်မြက်ပင်ကဲ့သို့ထိခိုက်ညှိုးနွမ်းလျက်၊ အစားအသောက်ကိုပင်မေ့လျော့ပါ၏။
5 ညည်းတွားခြင်းကြောင့်၊ အရေနှင့်အရိုးများကပ်လျက်ရှိပါ၏။
6 အကျွန်ုပ်သည် တောနေဝံပိုကဲ့သို့လည်းေကာင်း၊ ဖုန်းဆိုးကုန်းနေဇိကွက်ကဲ့သို့လည်းေကာင်း၊ ဖြစ်ပါ၏။
7 အိမ်မိုးပေါ်မှာတစ်ကောင်တည်းနားရသောစာငှက်ကဲ့သို့၊ စောင့်ကြည့်လျက်နေရပါ၏။
8 ရန်သူတို့သည်၊ အကျွန်ုပ်ကို နေ့ရှိသမျှကဲ့ရဲ့လျက်၊ အကျွန်ုပ်အပေါ်၌ စော်ကားသူတို့သည်၊ ပုံခိုင်း၍၊ ကျိန်ဆဲကြပါ၏။
9-10 အကျွန်ုပ်ကိုချီးမြှောက်၍၊ ပစ်ချသောကိုယ်တော်၏စိတ်တော်ရှိခြင်း၊ အမျက်တော်ထားခြင်းကြောင့်၊ အကျွန်ုပ်သည်ပြာကိုမုန့်အဖြစ်စားလျက်၊ အသောက်ကိုမျက်ရည် နှင့်ရောစပ်ခြင်းပြုရပါ၏။
11 နေ့ရက်တာသည်၊ အရိပ်ကဲ့သို့ရှည်လျားလျက်၊ အကျွန်ုပ်သည်၊ မြက်ပင်ကဲ့သို့ညှိုးနွမ်းလျက်ရှိနေပါ၏။
12 အိုထာဝရဘုရား၊ ကိုယ်တော်သည်၊ ကာလအစဉ်စံနေတော်မူ၍၊ နာမတော်လည်း၊ လူမျိုးအဆက်ဆက်တည်မြဲလိမ့်မည်။
13-14 ကျွန်တော်ရင်းတို့သည်၊ မြို့တော်၏ကျောက်လုံးများကိုပင်နှစ်သက်လျက်၊ မြေမှုန့်များကိုပင်နှမြောကြသည့်အလျောက်၊ သနားဖွယ်အချိန်၊ မှန်းထားသောအချိန်၊ ရောက်ပြီဖြစ်၍၊ ကိုယ်တော်သည်ထရပ်လျက်၊ ဇိအုန်မြို့ကိုကရုဏာသက်တော်မူလိမ့်မည်။
15 သို့ဖြစ်၍ လူမျိုးခြားတို့သည်၊ ထာဝရဘုရား၏နာမတော်ကိုလည်းေကာင်း၊ မြေကြီးဘုရင်အပေါင်းတို့သည်၊ ဘုန်းတော်ကိုလည်းေကာင်း၊ ကြောက်ရွံ့ကြရပါလိမ့်မည်။
16 အသို့ဆိုသော်၊ ထာဝရဘုရားသည်၊ ဇိအုန်မြို့ကိုပြုပြင်၍၊ ဘုန်းတော်နှင့်တကွထင်ရှားလျက်၊
17 ကိုးရာမဲ့ဖြစ်သူတို့ပဌနာကိုမထီမဲ့မြင်မပြုဘဲ၊ မှတ်သားတော်မူပြီ။
18 ဖန်ဆင်းတော်မူလတ္တံ့သောလူမျိုးသည်၊ ထာဝရဘုရားကိုချီးမွမ်း၍၊ နောက်လူမျိုးတစ်ဆက်အဖို့ရေးထားရမည်မှာ၊
19 ထာဝရဘုရားသည်စံတော်မူရာဘဝဂ်ကငုံ့ကြည့်လျက်၊ ကောင်းကင်ဘုံက၊ မြေပထဝီကိုရှုကြည့်၍၊
20 အကျဉ်းသားတို့ညည်းတွားသံကို ကြားနာခြင်း၊ သေဒဏ်ခံသူတို့ကိုလွှတ်ခြင်းပြုတော်မူသဖြင့်၊
21-22 ထာဝရဘုရားကိုဝတ်ပြုရန်၊ တိုင်းနိုင်ငံများရှိလူမျိုးခြားတို့၊ စုရုံးကြသည့်ကာလ၊ ဇိအုန်မြို့၌၊ ထာဝရဘုရား၏နာမတော်ကိုလည်းေကာင်း၊ ယေရုရှလင်မြို့၌၊ ဘုန်းဂုဏ်တော်ကိုလည်းေကာင်း၊ ေဖာ်ပြရကြလိမ့်မည်။
23 လမ်းခရီး၌၊ ငါ၏ခွန်အားကိုလျော့စေခြင်း၊ အသက်တာကိုကျုံ့စေခြင်းပြုတော်မူရာ၊
24 ငါက၊ အိုအကျွန်ုပ်ဘုရား၊ အသက်တာတစ်ဝက်နှင့်ပယ်ရှားတော်မမူပါလင့်။ ကိုယ်တော်၏နှစ်တာတော်သည်၊ လူမျိုးအဆက်ဆက်တည်မြဲပါ၏။
25 ကိုယ်တော်သည်ရှေးကာလ၌ မြေပထဝီကိုတည်ထောင်တော်မူလျက်၊ မိုးကောင်းကင်လည်း၊ လက်တော်နှင့်ဖန်ဆင်းတော်မူရာဖြစ်ပါ၏။
26 ထိုအရာများသည်၊ ပျက်စီးရပါလိမ့်မည်။ ကိုယ်တော်မူကား၊ အမြဲတည်တော်မူပါမည်။ ထိုအရာရှိသမျှသည်၊ အဝတ်ကဲ့သို့နွမ်းရိ၍၊ အဝတ်ကဲ့သို့လဲတော်မူလိုက်သဖြင့်၊ ပြောင်းလဲခြင်းခံရပါလိမ့်မည်။
27 ကိုယ်တော်မူကား၊ မပြောင်းမလဲ၊ နှစ်တာတော်လည်း၊ အဆုံးမရှိပါ။
28 ကိုယ်တော့်ကျွန်တို့၏သားမြေးများသည်၊ ဆက်လက်ရှိနေကြလျက်၊ အမျိုးအနွယ်လည်းရှေ့တော်၌တည်မြဲကြပါလိမ့်မည်ဟု လျှောက်ထား၏။