25
ယုဒလူမျိုးဘုရင်၊ ဟေဇကိမင်း ကူးရေးစေသောရှောလမုန်မင်း၏နယပုံပြင်နောက်ဆက်ကျမ်း။ ဘုရားသခင်၏ ဘုန်းကား၊ အမှုတော်ကိုဝှက်ကွယ်ခြင်း၊ ဘုရင်မင်းတို့၏ ဘုန်းကား၊ အမှုအရေးကို စီစစ်ခြင်းပေတည်း။ မိုးကောင်းကင်၏အမြင့်၊ မြေပထဝီ၏အနက်၊ ဘုရင်မင်းတို့နှလုံးကို၊ စီစစ်၍မရနိုင်။ ငွေထဲမှ ချော်ကိုထုတ်လျှင်၊ ပန်းထိမ်သည့်အဖို့ငွေထည်ဖြစ်၏။ ဘုရင်မင်းမျက်မှောက်တော်မှလူဆိုးကို နှင်ထုတ်လျှင်လည်း၊ ​ဖြောင့်မတ်ခြင်းအားဖြင့်ရာဇပလ္လင်တည်၏။ ဘုရင်မင်း၏မျက်မှောက်တော်တွင် ဂုဏ်မလုပ်နှင့်။ အကြီးအကဲတို့နေရာ၌လည်း၊ မရပ်မနေနှင့်။ သင်ဖူးမြင်ရာမင်းရှေ့မှာ၊ အနိမ့်အကျခံရသည်ထက်၊ ဤအရပ်သို့တက်လော့ဟု အခေါ်ခံရခြင်းသည်၊ သာ၍ကောင်း၏။ ရန်တွေ့ခြင်းငှာ ခရီးမလွန်နှင့်။ လွန်လျှင်၊ နောက်၌အပေါင်းအေဖာ်သည်၊ သင့်ကိုအရှက်ကွဲစေသောကာလ၌၊ မည်သို့ပြုလုပ်နိုင်မည်နည်း။ သင့်အမှုကို အပေါင်းအဖော်နှင့် ဆွေးနွေးတိုင်ပင်လော့။ သူတစ်ပါးနှင့်ဆိုင်ရာလျှို့ဝှက်အပ်သောအမှုကိုမဖော်မပြနှင့်။ 10 ဖော်ပြလျှင်၊ ကြားရသောသူသည်၊ သင့်ကိုအရှက်ခွဲ၍ သရေပျက်ရခြင်းနှင့်သင်မလွဲနိုင်။ 11 သင့်လျော်စွာပြောဆိုသောစကားသည်၊ ငွေပန်းထည်၌ ချယ်သောရွှေသီးကဲ့သို့ဖြစ်၏။ 12 ပညာရှိ၏ ဆုံးမစကားသည်၊ နာခံတတ်သူ၌၊ ရွှေနားကွင်း၊ ရွှေလည်ဆွဲကဲ့သို့ဖြစ်၏။ 13 ရိတ်သိမ်းချိန်တွင် မိုးပွင့်ကြောင့် ချမ်းအေးသကဲ့သို့၊ သစ္စာစောင့်သောတမန်သည်၊ စေခိုင်းသောသခင်၏စိတ်ကို အေးချမ်းစေတတ်၏။ 14 ပေးကမ်းသည်ဟု လိမ်လည်ဝါကြွားတတ်သူသည်၊ ရေမပါသည့်မိုးတိမ်နှင့်လေသဖွယ်ဖြစ်၏။ 15 စိတ်ရှည်လျှင်၊ မင်းကိုဖျောင်းဖျ၍ရ၏။ ချိုသာသောလျှာလည်း၊ အရိုးကိုပင်ကျိုးစေနိုင်၏။ 16 ပျားရည်ကိုတွေ့လျှင်၊ သင့်ရုံသာစားလော့။ စားကြူးလျှင်၊ အန်လိမ့်မည်။ 17 အပေါင်းအဖော်၏အိမ်၌ခြေရာမများစေနှင့်။ များလျှင်၊ ညီးငွေ့၍ သင့်ကိုမုန်းထားလိမ့်မည်။ 18 အပေါင်းအဖော်တစ်ဘက်၌ မမှန်သောသက်သေသည်၊ တင်းပုတ်၊ သန်လျက်၊ စဉ်းမြှားသဖွယ်ဖြစ်၏။ 19 သစ္စာမဲ့သောသူ၌ အားကိုးရာအကြောင်းသည်၊ ဒုက္ခရောက်သည့်ကာလ၊ ကျိုးသောသွား၊ အဆစ်လွဲသောခြေသဖွယ်ဖြစ်၏။ 20 စိတ်ဒုက္ခရောက်သူ့ထံ၊ သီချင်းဆိုသူသည်၊ ဆောင်းကာလတွင် အဝတ်ချွတ်သောသူ၊ ယမ်းစိမ်းပေါ်တွင် ပုံးရည်လောင်းသောသူနှင့်တူ၏။ 21 သင်၏ရန်သူသည် ဆာမွတ်လျှင်၊ ကျွေးမွေးလော့။ ငတ်လျှင်လည်း၊ တိုက်လော့။ 22 ထိုသို့ပြုခြင်းအားဖြင့်၊ သူ့ဦးခေါင်းပေါ်မှာ မီးကျီးပုံသကဲ့သို့ဖြစ်စေသည့်ပြင်၊ ထာဝရဘုရားသည်၊ သင့်အားဆပ်ပေးတော်မူလိမ့်မည်။ 23 မြောက်လေသည်၊ မိုးရေကိုဆောင်တတ်သကဲ့သို့၊ ကုန်းချောတတ်သောလျှာသည်၊ မျက်နှာထားခြင်းကိုဆောင်တတ်၏။ 24 ကြီးကျယ်သောအိမ်တွင်၊ ရန်ပြုတတ်သောမိန်းမနှင့်အတူနေသည်ထက်၊ အိမ်မိုးပျဉ်တွင် နေရသော်၊ သာ၍ကောင်း၏။ 25 ဝေးကွားသောပြည်မှ ကောင်းမွန်သောသတင်းသည်၊ ရေငတ်သူ၌ အေးသောရေကဲ့သို့ဖြစ်၏။ 26 လူဆိုးရှေ့တွင် မှားယွင်းမိသောသူတော်ကောင်းသည်၊ နောက်သောစမ်း၊ ပုပ်သောရေကန်နှင့်တူ၏။ 27 ပျားရည်ကိုစားကြူးခြင်းသည် မလျော်သည့်နည်းတူ၊ ကိုယ်ကိုဂုဏ်လုပ်ခြင်းသည်မတင့်တယ်။ 28 စိတ်ကိုချုပ်တည်းခြင်းကင်းသောသူသည်၊ ရင်တားမဲ့လျက်၊ ပေါက်ပျက်သောမြို့ကဲ့သို့ဖြစ်၏။