ပေတရုဩဝါဒကျမ်း
ဒုတိယစောင်
1
1 ယေရှုခရစ်၏ကျွန်၊ ယေရှုခရစ်၏တမန်တော်ဖြစ်သော ရှိမုန်ပေတရုက ငါတို့ဘုရားသခင်နှင့် ကယ်တင်ရှင်ယေရှုခရစ်၏မျှတခြင်းဖြင့် ငါတို့နှင့်အမျှမြတ်သောယုံကြည်ခြင်းအခွင့်ကို ရရှိသူတို့ထံရေးလိုက်သည်မှာ၊
2 ဘုရားသခင်မှစ၍ ငါတို့အရှင်ယေရှုနှင့်အကျွမ်းဝင်ခွင့်ဖြင့် သင်တို့၌ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းများပြားပါစေသော။
3 ဘုန်းတော်ဂုဏ်တော်အလျောက် ငါတို့အားခေါ်ထားတော်မူသောအရှင်နှင့်အကျွမ်းဝင်ခွင့်ကြောင့် အသက်ချမ်းသာမှစ၍ ဘုရားတရားကြည်ညိုခြင်းနှင့်ဆိုင်သောအရာရာကို ဘုရားတန်ခိုးတော်သည် သနားတော်မူသည့်နည်းတူ၊
4 တဏှာဖြင့် ဤလောကတွင်ရှိသော သင်္ခါရတရားမှသင်တို့လွတ်မြောက်၍ ဘုရားဇာတိတော်ကို ဆက်ဆံရစေခြင်းငှာ ထိုဘုန်းတော်ဂုဏ်တော်အားဖြင့် လွန်ကဲမြင့်မြတ်သောကတိတော်များကိုလည်း သနားတော်မူလေပြီ။
5 ထိုအကြောင်းကြောင့် သင်တို့ယုံကြည်ခြင်းအပေါ်တွင် စွမ်းရည်ကောင်းခြင်းကိုလည်းေကာင်း၊
6 စွမ်းရည်ကောင်းခြင်းအပေါ်တွင် သိကျွမ်းခြင်းကိုလည်းေကာင်း၊ သိကျွမ်းခြင်းအပေါ်တွင် ချုပ်တည်းခြင်းကိုလည်းကောင်း၊ ချုပ်တည်းခြင်းအပေါ်တွင် တည်ကြည်ခြင်းကိုလည်းေကာင်း၊ တည်ကြည်ခြင်းအပေါ်တွင် ဘုရားတရားကြည်ညိုခြင်းကိုလည်းေကာင်း၊
7 ထိုကြည်ညိုခြင်းအပေါ်တွင် သင်္ဂဟဝတ်ကြေခြင်းကိုလည်းကောင်း၊ သင်္ဂဟဝတ်ကြေခြင်းအပေါ်တွင် မေတ္တာရှိခြင်းကိုလည်းေကာင်း အနည်းနည်းအားဖြင့် လုံ့လထုတ်၍ ထပ်ဆင့်ကြလော့။
8 ထိုသီလများတည်နေတိုးတက်လျှင် ငါတို့အရှင်ယေရှုခရစ်နှင့်အကျွမ်းဝင်ခွင့်၌ သင်တို့သည်ပျင်းရိခြင်း၊ အသီးမဲ့ခြင်း ကင်းကြလိမ့်မည်။
9 မတည်လျှင်မူကား စက္ခုမှုံသူ၊ မျက်မမြင်သူ၊ ရှေးဟောင်းအပြစ်ဆေးကြောခြင်းကိုသတိလစ်သူများ ဖြစ်ကြလေစွ။
10 သို့ဖြစ်၍ ညီအစ်ကိုတို့၊ သင်တို့ခံရသောခေါ်ထားတော်မူခြင်းနှင့် ရွေးကောက်တော်မူခြင်းကို တည်မြဲစေခြင်းငှာ အထူးလုံ့လထုတ်ကြလော့။ ထိုအရာများကိုပြုကျင့်လျှင် သင်တို့သည်မည်သည့်အခါမျှ မမှောက်မှားမည့်အလျောက်၊
11 ငါတို့ကိုကယ်တင်သော ယေရှုခရစ်အရှင်ဘုရား၏ ထာဝရနိုင်ငံတော်ထဲသို့ဝင်ရောက်ခွင့်ကို ကြွယ်ဝစွာသနားတော်မူလိမ့်မည်။
12 ထိုကြောင့် သင်တို့ပါရှိသောသမ္မာတရားတော်၌ တည်ကြည်လျက် ဆိုခဲ့သည့်အကြောင်းအရာအများကို သိကြသော်လည်း အစဉ်မပြတ်ငါသတိပေးသည့်ပြင်၊
13-14 ငါတို့အရှင်ယေရှုခရစ်ဖော်ပြတော်မူသည့်အတိုင်းပင် မကြာမီဤယာယီတဲမှ ငါထွက်ခွာရမည်ကိုသိလျက် တည်းခိုသမျှအတွင်းသတိပေးနှိုးဆော်သင့်ကြောင်း ငါသဘောရသည့်အလျောက်၊
15 ထွက်ခွာပြီးနောက်လည်း အခါခပ်သိမ်းသင်တို့သတိရကြစေရန် လုံ့လထုတ်လိမ့်မည်။
16 ငါတို့အရှင် ယေရှုခရစ်တန်ခိုးတော်ဆောင်ခြင်း၊ ကြွလာတော်မူခြင်းအကြောင်းကို သင်တို့အားငါတို့ဖော်ပြသည်တွင် ကြံဖန်သောပုံဝတ္ထုများကို လိုက်နာသူမဟုတ်ဘဲ၊
17 ဤသူကား ငါနှစ်သက်မြတ်နိုးရာချစ်သားပေတည်းဟု ဘုန်းတော်ရောင်ခြည်က ဗျာဒိတ်တော်သံရောက်လာသည့်အတိုင်း ခမည်းတော်ဘုရားသခင့်အထံတော်မှ ဘုန်းအသရေကိုခံစားတော်မူရာ၊
18 ငါတို့သည်ကိုယ်တော်နှင့်အတူ သန့်ရှင်းသောတောင်ပေါ်မှာရှိနေစဉ် ကောင်းကင်ဘုံကရောက်လာသော ထိုဗျာဒိတ်တော်သံကိုကြားနာခွင့်၊ မဟာတန်ခိုးတော်ကိုဒိဋ္ဌဖူးေမျှာ်ခွင့် ရသူဖြစ်ကြသည့်အလျောက်၊
19-21 ပရောဖက်တို့ဟောချက်သည် ငါတို့၌အတည်ဖြစ်၏။ မည်သည့်ပရောဖက်ဟောချက်မျှ လူ့အလိုအလျောက်မရောက်၊ သန့်ရှင်းသောဝိညာဉ်တော်၏ အနှိုးအဆော်ကိုခံရသူတို့သည် ဘုရားသခင့်ဗျာဒိတ်တော်ကိုဆင့်ဆိုရသည်နှင့်အညီ ပရောဖက်ကျမ်းတော်ချက်အနက်ကို လူ့သဘောအတိုင်းမဖွင့်ရကြောင်းအထူးမှတ်သားလျက် သင်တို့စိတ်နှလုံး၌အရုဏ်တက်၍ မိုးသောက်ကြယ်မပေါ်မချင်း မှောင်မိုက်၌ထွန်းလင်းသောမီးရှူးသဖွယ် ပရောဖက်ဟောချက်ကို အလေးဂရုပြုသင့်၏။