28
1-2 တစ်ဖန်မောရှေအား ထာဝရဘုရားက၊ စိတ်တော်ပြေဖွယ်ရနံ့၊ မီးပူဇော်ရာအစာအာဟာရတော်တည်းဟူသော အလှူဒါနတော်ကို အခါသမယတိုင်း၌ငါ့ထံဆက်ကပ်ရန် သတိပြုကြလော့ဟူ၍ ဣသရေလအမျိုးသားတို့အား သင်ဆင့်ဆိုရမည့်အတိုင်း၊
3 မီးပူဇော်ရာအဖြစ် ထာဝရဘုရားထံဆက်ကပ်ကြရမည်မှာ ဆက်မြဲမီးရှို့ရာသက္ကာအဖြစ်၊ ကြန်အင်စုံလျက်အခါလည်သော သိုးသားငယ်တစ်နေ့နှစ်ကောင်ကျ၊
4 နံနက်တစ်ကောင်၊ ညဉ့်ဦးယံတစ်ကောင်နှင့်တကွ၊
5 ဘောဇဉ်သက္ကာအဖြစ် ထောင်းညှပ်၍ရသောဆီတစ်ပိဿာရောပြီး မုန့်ညက်တစ်စရွတ်ကိုပူဇော်လော့။
6 သိနာတောင်ပေါ်တွင် စီမံတော်မူသည့်အလျောက် ထာဝရဘုရားစိတ်တော်ပြေဖွယ်ရနံ့၊ မီးပူဇော်ရာ၊ ဆက်မြဲမီးရှို့ရာသက္ကာဖြစ်၏။
7 သိုးသားငယ်တစ်ကောင်နှင့်တကွ သွန်းလောင်ရာသက္ကာအဖြစ် သေရည်သေရက်တစ်ပိဿာကို သန့်ရှင်းရာဌာနတော်၌ ထာဝရဘုရားထံသွန်းလောင်းလော့။
8 ကျန်သိုးသားငယ်ကိုကား စိတ်တော်ပြေဖွယ်ရနံ့၊ မီးပူဇော်ရာအဖြစ်၊ နံနက်ဘောဇဉ်သက္ကာနှင့်သွန်းလောင်းရာသက္ကာပါသည့်နည်းတူ ညဉ့်ဦးယံ၍ ထာဝရဘုရားထံပူဇော်လော့။
9-10 ဥပုသ်နေ့တိုင်းလည်း ဆက်မြဲမီးရှို့ရာသက္ကာနှင့်ဆိုင်သော သွန်းလောင်ရာသက္ကာ့ပြင်၊ မီးရှို့ရာသက္ကာအဖြစ် ကြန်အင်စုံလျက် အခါလည်သောသိုးသားငယ်အထီးတစ်ကောင်ကိုလည်းကောင်း၊ ဘောဇဉ်သက္ကာအဖြစ်၊ ဆီရောပြီးမုန့်ညက် နှစ်စရွတ်ကိုလည်းကောင်း၊ ဆိုင်သောသွန်းလောင်းရာသက္ကာကိုလည်းကောင်း ဆက်ကပ်လော့။
11-15 လဆန်းနေ့တိုင်းလည်း ထာဝရဘုရားစိတ်တော်ပြေဖွယ်ရနံ့၊ မီးပူဇော်ရာ၊ မီးရှို့ရာသက္ကာအဖြစ်၊ ကြန်အင်စုံသောနွားပေါက်နှစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါလည်သောသိုးသားငယ်အထီး ခုနစ်ကောင်ကိုလည်းကောင်း၊ ဘောဇဉ်သက္ကာအဖြစ် နွားပေါက်တိုင်းနှင့်တကွ ဆီရောပြီးမုန့်ညက်သုံးစရွတ်၊ သိုးထီးနှင့်တကွ၊ ဆီရောပြီးမုန့်ညက်နှစ်စရွတ်၊ သိုးသားငယ်တိုင်းနှင့်တကွ ဆီရောပြီးမုန့်ညက်တစ်စရွတ်ကိုလည်းကောင်း၊ သွန်းလောင်းရာသက္ကာအဖြစ် နွားပေါက်တိုင်းနှင့်တကွ စပျစ်ရည်နှစ်ပိဿာ၊ သိုးထီးနှင့်တကွ တစ်ပိဿာငါးဆယ်၊ သိုးသားငယ်တိုင်းနှင့်တကွ တစ်ပိဿာကိုလည်းကောင်း၊ အပြစ်ဖြေရာသက္ကာအဖြစ် ဆိတ်ထီးတစ်ကောင်ကိုလည်းကောင်း၊ ထာဝရဘုရားထံဆက်ကပ်ကြလော့။ နှစ်စဉ်လတိုင်း မီးရှို့ရာသက္ကာနည်းကားထိုသို့တည်း။ ဆက်မြဲမီးရှို့ရာသက္ကာနှင့်ဆိုင်သော သွန်းလောင်းရာသက္ကာ့ပြင် ထိုသို့ပူဇော်ရမည်။
16 ပထမလဆယ့်လေးရက်နေ့၌ ထာဝရဘုရား၏ပသခါပွဲဖြစ်၏။
17 ၎င်းလဆယ့်ငါးရက်နေ့မှစ၍ တဆေးမဲ့မုန့်ကိုသာစားလျက် ခုနစ်ရက်ပတ်လုံးပူဇော်ပွဲခံကြရာ၊
18 ပထမနေ့တွင် ကြိုးကြိုးပန်းပန်းမလုပ်ဘဲ ဓမ္မအစည်းအဝေးပြုရာ၌၊
19 မီးပူဇော်ရာ၊ မီးရှို့ရာသက္ကာအဖြစ် ကြန်အင်စုံသောနွားပေါက်နှစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါလည်သောသိုးသားငယ်အထီး ခုနစ်ကောင်ကိုလည်းကောင်း၊
20 ဘောဇဉ်သက္ကာအဖြစ်၊ နွားပေါက်တိုင်းနှင့်တကွ ဆီရောပြီးမုန့်ညက်သုံးစရွတ်၊
21 သိုးထီးနှင့်တကွ နှစ်စရွတ်၊ သိုးသားငယ်ခုနစ်ကောင်အသီးအသီးနှင့်တကွ၊ တစ်စရွတ်စီကိုလည်းကောင်း၊
22 သင်တို့အပြစ်အဖို့ဖြေခြင်းကိုပြုရန်၊ အပြစ်ဖြေရာသက္ကာအဖြစ် ဆိတ်ထီးတစ်ကောင်ကိုလည်းကောင်း၊
23 နံနက်တိုင်းဆက်မြဲမီးရှို့ရာသက္ကာ့ပြင်၊ ထာဝရဘုရားထံဆက်ကပ်ပူဇော်ကြလော့။
24 ထိုနည်းအတိုင်း ခုနစ်ရက်ပတ်လုံးနေ့စဉ်မပြတ် ဆက်မြဲမီးရှို့ရာသက္ကာနှင့်၊ ဆိုင်သောသွန်းလောင်းရာသက္ကာ့ပြင် စိတ်တော်ပြေဖွယ်ရနံ့၊ မီးပူဇော်ရာအစာအာဟာရကို ထာဝရဘုရားထံပူဇော်ကြလော့။
25 ခုနစ်ရက်မြောက်သောနေ့၌လည်း ကြိုးကြိုးပန်းပန်းမလုပ်ဘဲ ဓမ္မအစည်းအဝေးရှိရဦးမည်။
26 သိတင်းပွဲအတွင်း လက်ဦးလက်ဖျားဆက်၍ ထာဝရဘုရားထံဘောဇဉ်အသစ်ကို တင်သွင်းသောနေ့၌ ကြိုးကြိုးပန်းပန်းမလုပ်ဘဲ ဓမ္မအစည်းအဝေးပြုရာတွင်၊
27 စိတ်တော်ပြေဖွယ်ရနံ၊ မီးရှို့ရာသက္ကာအဖြစ် ကြန်အင်စုံသောနွားပေါက်နှစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါလည်သောသိုးသားငယ်အထီး ခုနစ်ကောင်ကိုလည်းကောင်း၊
28 ဘောဇဉ်သက္ကာအဖြစ်၊ နွားပေါက်တိုင်းနှင့်တကွ ဆီရောပြီးမုန့်ညက်သုံးစရွတ်။
29 သိုးထီးနှင့်တကွ နှစ်စရွတ်၊ သိုးသားငယ်ခုနစ်ကောင်အသီးအသီးနှင့်တကွ တစ်စရွတ်စီကိုလည်းကောင်း၊
30 သင်တို့အပြစ်အဖို့ဖြေခြင်းကိုပြုရန် ဆိတ်ထီးတစ်ကောင်ကိုလည်းကောင်း၊
31 ဆက်မြဲမီးရှို့ရာသက္ကာ၊ ဆိုင်ရာဘောဇဉ်သက္ကာနှင့် သွန်းလောင်းရာသက္ကာများပြင် ထာဝရဘုရားထံဆက်ကပ်ပူဇော်ကြလော့။