24
ဗာလမ်သည်၊ ဣသရေလအမျိုးကိုမင်္ဂလာပေးရန် ထာဝရဘုရားအလိုရှိတော်မူကြောင်းသိလျှင် ယမန်ကာလများကဲ့သို့ ယတြာကိုမလိုက်မရှာဘဲ၊ သဲတောသို့မျက်နှာပြုလျက် ေမျှာ်ကြည့်ရာ အနွယ်များအလိုက်၊ ဣသရေလလူမျိုးတို့စွဲရပ်နေကြသည်ကိုမြင်သော် ဘုရားသခင်၏ဝိညာဉ်တော်သက်ရောက်သဖြင့်၊ 3-4 ကဗျာဖွဲ့ဆိုသောဗာလမ်က၊ မံသစက္ခုပိတ်သော်လည်း ပျပ်ဝပ်ပြီးလျှင် မနောစက္ခုအလင်းရသည့်အတိုင်း ဘုရားသခင်၏ဗျာဒိတ်တော်ကိုကြားနာခွင့်၊ အနန္တတန်ခိုးရှင်ကို ဖူးမြင်ခွင့်ရသော ဗောရသားငါဗာလမ်ဆင့်ဆိုချက်ကား၊ 5-6 အိုယာကုပ်အမျိုး၊ အိုဣသရေလအနွယ်၊ သင်တို့၏ယာယီတဲများသည် ရှည်လျားသောချိုင့်၊ မြစ်ကမ်းခြေခြံ၊ ထာဝရဘုရားစိုက်ပျိုးတော်မူသောအကျော်ပင်၊ ရေအနီးရှိသစ်ကတိုးပင်များကဲ့သို့ တင့်တယ်လေစွ။ ကရားစုံဖြင့် ရေသွန်းလောင်းသည့်အလျောက် ရေများသောဝမ်းရာ၌ မျိုးကြဲခွင့်ရှိသည်ပြင် ထိုလူမျိုး၏ဘုရင်သည် အာဂတ်မင်းထက်မြင့်မြတ်လျက် နိုင်ငံလည်းဂုဏ်ကြီးလိမ့်မည်။ အိဂျစ်ပြည်မှ ဘုရားသခင်ထုတ်ဆောင်တော်မူခဲ့သောဤလူမျိုးသည် စိုင်နှင့်အမျှဗလပြည့်စုံ၍ ရန်မူသောလူမျိုးခြားတို့ကို မြှားဖြင့်ခွင်းလျက်၊ အရိုးကိုချိုးလျက် မျိုစားကြလိမ့်မည်။ သီဟခြင်္သေ့ကဲ့သို့ငုံ့လျက် ဝပ်လျက်နေရာ မည်သူဆွဝံ့မည်နည်း။ သင့်ကိုမင်္ဂလာပေးသူတို့သည် မင်္ဂလာခံရကြစေသော။ အမင်္ဂလာပေးသူတို့သည် အမင်္ဂလာခံရကြစေသောဟူ၍တည်း။
10 ထိုအခါ ဗာလက်မင်းသည် ဗာလမ်ကိုအမျက်ထွက်သဖြင့် လက်ခုပ်တီးလျက်၊ ရန်သူတို့အား အမင်္ဂလာပေးရန် ကျွန်ုပ်ခေါ်သော်လည်း သုံးကြိမ်တိုင်မင်္ဂလာကိုသာပေးလေသည်တကား။ 11 ထိုကြောင့်နေရာရင်းသို့ ပြေးသွားလော့။ ဂုဏ်အသရေတင်မည်ဟု ကျွန်ုပ်အောက်မေ့လျက်ပင် ထာဝရဘုရားသည် ဂုဏ်မရောက်စေရန် တားမြစ်တော်မူသည်ဟုဆိုသော်၊ 12-13 ဗာလမ်က၊ ဗာလက်မင်းသည် ရွှေငွေများကို နန်းတော်နှင့်အပြည့်ပေးသော်လည်း ထာဝရဘုရား၏ဗျာဒိတ်တော်ကိုလွန်ကျူး၍ ကိုယ့်သဘောအတိုင်းမည်သည့်အကောင်းအဆိုးကိုမျှ မပြုဝံ့။ ထာဝရဘုရားပေးတော်မူမည့် ဗျာဒိတ်ချက်ကိုသာဆင့်ဆိုမည်ဟူ၍ ဘုရင်မင်းစေလွှတ်သော ရာဇသံတို့အား ကြားပြောခဲ့သည်မဟုတ်ပါလော။ 14 ယခုမှာ အမျိုးသားချင်းတို့ရှိရာသို့မပြန်မီ ဘုရင်မင်းလူမျိုးအား နောင်ကာလ ဤလူမျိုးပြုလတ္တံ့သောအခြင်းအရာကို ကျွန်ုပ်ကြားပြောပါမည်ဟုဆိုပြီးလျှင်၊ 15-16 ကဗျာဖွဲ့ဆိုသောဗာလမ်က မံသစက္ခုပိတ်သော်လည်း ပျပ်ဝပ်ပြီးလျှင် မနောစက္ခုအလင်းရသည့်အတိုင်း ဘုရားသခင်၏ဗျာဒိတ်တော်ကိုကြားနာခွင့်၊ မြင့်မြတ်သောဘုရား၏အသိပညာကိုသိကျွမ်းခွင့်၊ အနန္တတန်ခိုးရှင်ကိုဖူးမြင်ခွင့်ရသော ဗောရသား ငါဗာလမ်ဆင့်ဆိုချက်ကား၊ 17 ယခုမဟုတ်၊ ချက်ခြင်းလည်းမဟုတ်၊ ထိုလူမျိုးကိုထောက်ရှုမြော်မြင်ရာ ယာကုပ်အမျိုးမှပေါ်ထွက်သောကြယ်၊ ဣသရေလအနွယ်မှပေါ်ထွန်းသော ရာဇလှံတံသည် မောဘအမျိုးနားထင်၊ ရှေသအနွယ်ဦးထိပ်ကိုခွင်း၍၊ 18 ဣသရေလလူမျိုးရဲရင့်စွာပြုသော် ရန်မူသောဧဒုံအမျိုးနှင့် စိရတောင်ကိုအပိုင်ရသည့်ပြင်၊ 19 ယာကုပ်အမျိုးသည် ရွှေမြို့တော်၌စိုးစံလျက်နေစဉ် အကြွင်းအကျန်တို့အားဖြိုဖျက်အံ့သည်ကို ငါမြင်ပြီဟူ၍တည်း။ 20 အာမလက်လူမျိုးကိုစီးကြည့်၍ ကဗျာဖွဲ့ဆိုသည်မှာ လူမျိုးခြားတို့၏အထွဋ်အမြတ်ဖြစ်သော အာမလက်လူမျိုးသည် အဆုံး၌ပျက်စီးရာရောက်လိမ့်မည်ဟူ၍တည်း။ 21 ကေနိလူမျိုးကိုစီးကြည့်၍ ကဗျာဖွဲ့ဆိုသည်မှာ သင့်နေရာမြဲလျက်၊ ကျောက်တောင်၌သိုက်မြုံတည်သော်လည်း အာရှုရိဘုရင်သိမ်းသွားသည့်တိုင်အောင်၊ 22 ကေနိလူမျိုး ပျက်စီးရမည်ဟူ၍တည်း။ 23 ကဗျာဖွဲ့ဆိုပြန်သည်မှာ၊ ထာဝရဘုရားသည် ထိုသို့စီရင်တော်မူသည့်ကာလ မည်သူအသက်ချမ်းသာရရှာမည်နည်း။ 24 ကိတ္တိမ်စစ်သင်္ဘောများရောက်လာသဖြင့် ညှဉ်းပန်းခံရသော မြစ်ကြီးတစ်ဘက်ရှိအာရှုရိလူမျိုးပင် ပျက်စီးရာရောက်လိမ့်မည်ဟုဆိုပြီးလျှင်၊ 25 ဗာလမ်ထလျက် နေရာရင်းသို့ပြန်သွား၏။ ဗာလက်မင်းလည်းပြန်လေ၏။