23
1 ဗာလမ်က၊ ပူဇော်ရာပလ္လင်ခုနစ်ခုကို ဤတွင်တည်လျက် နွားထီးခုနစ်ကောင်၊ သိုးထီးခုနစ်ကောင်ကိုလည်း စီမံပါလော့ဟုတောင်းသည့်အတိုင်း၊
2 ဗာလက်မင်းလိုက်နာ၍ နှစ်ဦးလုံးပင် ပလ္လင်တိုင်းပေါ်တွင် နွားသိုးတစ်ကောင်စီကိုဆက်ကပ်ကြ၏။
3 ထိုနောက် ဗာလမ်က၊ ကိုယ့်မီးရှို့ရာသက္ကာအနီးရပ်နေပါဦးလော့။ ကျွန်ုပ်ထွက်သွား၍ ထာဝရဘုရားကြွလာတွေ့ကြုံက၊ ေဖာ်ပြတော်မူသည့်အရာကို ကျွန်ုပ်ပြန်ကြားပါမည်ဟုဆိုပြီးလျှင်၊
4 ကုန်းထိပ်သို့တက်သွားရာ ဘုရားသခင်တွေ့ကြုံတော်မူသော် ဗာလမ်က၊ အကျွန်ုပ်သည် ပူဇော်ရာပလ္လင်ခုနစ်ခုကိုပြုပြင်လျက် ပလ္လင်တိုင်းပေါ်တွင်နွားသိုးတစ်ကောင်စီကို ဆက်ကပ်ပါပြီဟု တင်လျှောက်လေ၏။
5 ထာဝရဘုရားသည် ဗာလမ့်နှုတ်တွင်ဗျာဒိတ်ချက်ကို ထည့်သွင်း၍ ဗာလက်မင်းထံပြန်သွားလျက် ထိုအတိုင်းဆင့်ဆိုလော့ဟု မိန့်တော်မူလျှင်၊
6 မောဘမှူးမတ်အပေါင်းတို့နှင့်တကွ မီးရှို့ရာသက္ကာအနီးရပ်နေသည်ကို ဗာလမ်ပြန်ရောက်တွေ့မြင်၍၊
7 ကဗျာဖွဲ့ဆိုသည်မှာ မောဘဘုရင်ဗာလက်မင်းသည် အာရံပြည်၊ အရှေ့မျက်နှာတောင်တန်းမှ ငါ့ကိုခေါ်ဆောင်လျက် ယာကုပ်အမျိုးကိုလာ၍ အမင်္ဂလာပေးလော့။ ဣသရေလအနွယ်ကို လာ၍ကျိန်ဆိုလော့ဟုဆိုရာ၌၊
8 ဘုရားသခင်အမင်္ဂလာပေးတော်မမူသောလူမျိုးကို ငါမည်သို့ပေးဝံ့သနည်း။ ထာဝရဘုရားကျိန်ဆိုတော်မမူသောလူမျိုးကို ငါမည်သို့ကျိန်ဆိုဝံ့သနည်း။
9 ငါသည် ကျောက်တောင်ထွဋ်ကစီးကြည့်၍ ကုန်းထိပ်ကထောက်ရှုသော် လူမျိုးခြားတို့အပါအဝင်ဟုမထင်၊ တစ်ပါးတည်းနေသောလူတစ်မျိုးကို မြင်ရသည်တကား။
10 မြေမုန့်နှင့်အမျှ များသောယာကုပ်အမျိုးကို မည်သူရေတွက်နိုင်သနည်း။ ဣသရေလအနွယ်တစ်စိတ်ကို မည်သူစာရင်းကောက်နိုင်သနည်း။ ငါသည် ထိုဖြောင့်သူတို့သေခြင်းမျိုးကိုလည်းကောင်း၊ အိုခြင်းမျိုးကိုလည်းကောင်း ခံစားရပါစေသောဟုဆိုသော်၊
11 ဗာလက်မင်းက၊ ကိုယ်တော်သည် ကျွန်ုပ်၌မည်သို့ပြုဘိသနည်း။ ကျွန်ုပ်သည် ရန်သူတို့ကိုအမင်္ဂလာပေးရန်ခေါ်လျက်ပင် မင်္ဂလာကိုသာပေးပါသည် တကားဟုဆိုသည့်ကာလ၊
12 ကျွန်ုပ်နှုတ်တွင် ထာဝရဘုရားထည့်သွင်းတော်မူချက်ကို ဆင့်ဆိုရန် သတိမူအပ်သည်မဟုတ်ပါလောဟု ပြန်ဆိုလေ၏။
13 ဗာလက်မင်းက၊ ထိုလူမျိုးအားလုံးမဟုတ်၊ တပ်စွန်တပ်ဖျားကိုသာမြင်နိုင်သောအရပ်တစ်ပါးသို့ ကျွန်ုပ်နှင့်လိုက်၍ အမင်္ဂလာပေးပါလော့ဟုဆိုလျက်၊
14 ပိသဂါတောင်တန်းဦး၊ ဇောဖိမ်ကွင်းပြင်သို့ပို့ဆောင်၍ ပူဇော်ရာပလ္လင်ခုနစ်ခုကိုတည်ပြီးလျှင် ပလ္လင်တိုင်းပေါ်တွင် နွားသိုးတစ်ကောင်စီကိုဆက်ကပ်လေ၏။
15 ဗာလမ်ကလည်း ကိုယ့်မီးရှို့ရာသက္ကာအနီး ဤတွင်ရပ်နေပါဦးလော့။ ထာဝရဘုရားကို တွေ့ဆုံရန်သွားပါရစေဟု ခွင့်ပန်ပြီးနောက်၊
16 ထာဝရဘုရားသည်တွေ့ကြုံတော်မူသော် ဗာလမ့်နှုတ်၌ ဗျာဒိတ်ချက်ကိုထည့်သွင်း၍ ဗာလက်မင်းထံပြန်သွားလျက် ထိုအတိုင်းဆင့်ဆိုလော့ဟု မိန့်တော်မူလျှင်၊
17 မောဘမှူးမတ်တို့နှင့်တကွ မီးရှို့ရာသက္ကာအနီးရပ်နေသည်ကို ဗာလမ်ပြန်ရောက်တွေ့မြင်ရာ ဗာလက်မင်းက၊ ထာဝရဘုရားသည် မည်သို့ဗျာဒိတ်ပေးတော်မူပါသနည်းဟု မေးသော်၊
18 ဗာလမ်ကဗျာဖွဲ့ဆိုသည်မှာ၊ အိုဇိဖော့်သားဗာလက်မင်း၊ စိတ်စော၍ငါ့စကားကိုနာခံနားထောင်ပါလော့။
19 ဘုရားသခင်သည် မုသာဆိုရန်လူ၊ ပြောင်းလဲရန်လူ့သားဖြစ်တော်မူသည်မဟုတ်။ ကိုယ်တော်သည် ကတိထားပြီးမှ မပြည့်စုံစေဘဲ သစ္စာဆိုပြီးမှအတည်မပြုဘဲ နေတော်မူမည်လော။
20 မင်္ဂလာပေးစေဟု နာခံရသောငါသည် ကိုယ်တော်ပေးသောမင်္ဂလာကိုမဖျက်နိုင်။
21 ယာကုပ်အမျိုး၌ဘေးသင့်ခြင်း၊ ဣသရေလအနွယ်၌ဒုက္ခရောက်ခြင်းများကို မျှော်ကြည့်၍မမြင်ချေ။ ကိုယ့်ဘုရားသခင် ထာဝရဘုရားပါရှိတော်မူသည့်အလျောက် ဘုရင်မြတ်အောင်သံကိုကြားရကြ၏။
22 အိဂျစ်ပြည်မှ ဘုရားသခင်ထုတ်ဆောင်တော်မူခဲ့သောဤလူမျိုးသည် စိုင်နှင့်အမျှဗလပြည့်စုံ၏။
23 ယာကုပ်အမျိုး၊ ဣသရေလအနွယ်ကို ဗေဒင်ယတြာဖြင့်မပြုနိုင်။ ဘုရားသခင်စီရင်တော်မူခြင်းကား ကြီးလှလေစွဟု ယာကုပ်အမျိုး၊ ဣသရေလအနွယ်ကိုရည်၍ ယခုခေတ်ဆိုဖွယ်ရှိ၏။
24 ထိုလူမျိုးသည်၊ သီဟခြင်္သေ့ကဲ့သို့ထကြွလျက် ကိုက်သတ်သောအကောင်၏အသွေးအသားကို မစားမသောက်မချင်း ဝပ်မည်မဟုတ်ဟုဆိုသော်၊
25 ဗာလက်မင်းက၊ အမင်္ဂလာကိုသော်လည်းကောင်း၊ မင်္ဂလာကိုသော်လည်းေကာင်း မပေးပါနှင့်ဟုမြစ်တားလျှင်၊
26 ထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်း လိုက်နာရမည့်အကြောင်း ကျွန်ုပ်ကြားပြောနှင့်သည်မဟုတ်ပါလောဟု ဗာလမ်ပြန်ဆိုလေ၏။
27 တစ်ဖန်ဗာလက်မင်းက၊ ကြွလာပါ၊ ကျွန်ုပ်သည် အရပ်တစ်ပါးသို့ပို့ဆောင်ဦးမည်။ ထိုအရပ်မှဘုရားသခင်သည် အမင်္ဂလာပေးခွင့်ပြုကောင်းပြုတော်မူလိမ့်မည်ဟု ဗာလမ်အားဆိုလျက်၊
28 ယေရှိမုန်တောနှင့်ရင်ဆိုင်နေသော ပေဂုရတောင်ထိပ်သို့ခေါ်ဆေင်ပြီးလျှင်၊
29 ဗာလမ်က၊ ပူဇော်ရာပလ္လင်ခုနစ်ခုကို ဤတွင်တည်လျက် နွားထီးခုနစ်ကောင်၊ သိုးထီးခုနစ်ကောင်ကိုလည်းစီမံပါလော့ဟု တောင်းသည့်အတိုင်း ဗာလက်မင်းလိုက်နာ၍၊
30 ပလ္လင်တိုင်းပေါ်တွင် နွားသိုးတစ်ကောင်စီကိုဆက်ကပ်လေ၏။