21
1 နေဂပ်ခရိုင်၌စံနေသော ခါနာန်လူမျိုး၊ အာရဒ်ဘုရင်သည် အသရိမ်လမ်းဖြင့် ဣသရေလလူမျိုးတို့ ချီလာကြသောသတင်းကိုကြားလျှင် ဆီးဆို့တိုက်ခိုက်၍ အချို့ကိုသုံ့ဘမ်းသဖြင့်၊
2 ဣသရေလလူမျိုးတို့က၊ ကိုယ်တော်သည် အကျွန်ုပ်တို့လက်တွင်းသို့ ထိုလူမျိုးကိုအပ်နှင်းတော်မူလျှင် ချင်းတို့မြို့များကိုမြေလှန်ကြပါမည်ဟု ထာဝရဘုရားထံသစ္စာမူကြသည့်အတိုင်း၊
3 ထာဝရဘုရားနားညောင်း၍ ခါနာန်လူမျိုးတို့ကိုအပ်နှင်းတော်မူသည်နှင့် ချင်းတို့နှင့်တကွ မြို့များပါ ၁ 21.3 ပါဠိ၊ ေဟာမာဟူေသာအမည်နှင့်ညီ၏။မြေလှန်ကြသည်ကိုအစွဲပြု၍ ဟောမာဟုသမုတ်ကြသတည်း။
4 ထိုနောက် ဧဒုံပြည်ကိုကွင်းခြင်းငှါ ဟောရတောင်မှပင်လယ်နီလမ်းဖြင့်ချီသွားကြရာ လူပရိသတ်သည် ခရီးအကြားတွင်စိတ်ပျက်လျက်၊
5 သဲကန္တာရတွင်သေကြစေရန် အိဂျစ်ပြည်မှအဘယ်ကြောင့်ဆောင်ခဲ့သနည်း။ ခဲဖွယ်သောက်ဖွယ်မရှိ။ တင်းမတိမ်သောဤမုန့်ကိုငါတို့ညည်းလှပြီဟု ဘုရားသခင်ကိုလည်းကောင်း၊ မောရှေကိုလည်းကောင်း ဆန့်ကျင်ဘက်ဆိုကြသည့်အတွက်၊
6 မြွေဆိုးများကို ထာဝရဘုရားစေလွှတ်တော်မူသဖြင့် အကိုက်ခံရသောဣသရေလလူမျိုးအများ သေကြ၏။
7 ထိုကြောင့် လူပရိသတ်သည် မောရှေ့ထံလာပြီးလျှင် ထာဝရဘုရားကိုလည်းကောင်း၊ ကိုယ်တော်ကိုလည်းကောင်း ဆန့်ကျင်ဘက်ပြောဆို၍ ပြစ်မှားမိကြပါပြီ။ ထိုမြွေများကို ကျွန်တော်တို့မှပယ်ရှားရန် ထာဝရဘုရားအားတောင်းပန်ပါဟု လျှောက်ကြသည့်အတိုင်း၊
8 မောရှေတောင်းပန်သော် ထာဝရဘုရားက၊ မြွေရုပ်ကိုလုပ်၍ တိုင်ပေါ်မှာတင်ထားလော့။ အကိုက်ခံရသူတိုင်းရှုကြည့်က အသက်ချမ်းသာရလိမ့်မည်ဟု မိန့်တော်မူသည့်အလျောက်၊
9 မောရှေသည် ကြေးမြွေရုပ်ကိုလုပ်၍ တိုင်ပေါ်မှာတင်ထားသည့်ကာလ မြွေကိုက်မိသူမည်သူမဆို ကြေးမြွေရုပ်ကိုမျှော်ကြည့်လျှင် အသက်ချမ်းသာရ၏။
10 ဣသရေလအမျိုးသားတို့သည် ချီပြန်၍ သြဗုတ်စခန်း၌စွဲရပ်ပြီးနောက်၊
11 သြဗုတ်စခန်းမှချီပြန်၍ မောဘပြည်အရှေ့မျက်နှာ၊ တောရှိဣဇာဗာရိမ်စခန်း၌စွဲရပ်ပြီးမှ၊
12 ချီပြန်၍ ဇေရက်ချောင်းအနီးစွဲရပ်ပြီးလျှင်၊
13 ချီပြန်၍ အာမောရိပြည်စပ်၊ သဲတောရှိအာနုန်ချောင်းတစ်ဘက်၌စွဲရပ်ကြ၏။ အာနုန်ချောင်းကား၊ မောဘပြည်၊ အာမောရိပြည်နယ်ခြားဖြစ်သည်နှင့်အညီ၊
14 ထာဝရဘုရား၏စစ်ပွဲတော်ဧချင်း၌ ဖွဲ့ဆိုသည်မှာ သုပအရပ်တွင် ဝါဟိပ်မြို့ကိုလည်းကောင်း၊ အာနုန်ချောင်းမြွာများကိုလည်းကောင်း၊
15 အာရမြို့အထိ ရောက်လျက်၊ မောဘနယ်စွန်းကိုမှီသောချောင်းမြွာကမ်းပါးစောက်များကိုလည်းကောင်း ရကြပြီဟူ၍တည်း။
16 ထိုအရပ်မှလည်း လူမျိုးတော်ကိုစုရုံးစေလော့။ ငါရေပေးမည်ဟူ၍ မောရှေအားထာဝရဘုရားမိန့်တော်မူရာ ဗေရရေတွင်းရောက်ချီသော်၊
17-18 ဣသရေလလူမျိုးတို့သီဆိုကြသည်မှာ အိုရေတွင်း၊ စမ်းပေါက်လော့။ လှံတံ၊ တောင်ဝှေးများဖြင့် လူပရိသတ်အကြီးအကဲနှင့်မှူးမတ်တို့ တူးဖော်သောရေတွင်းကိုရည်လျက် သီဆိုကြလော့ဟူ၍တည်း။ ထိုသဲတောမှ မတ္တနာစခန်းသို့လည်းကောင်း၊
19 မတ္တနာစခန်းမှ နဟာလျေလစခန်းသို့လည်းကောင်း၊ နဟာလျေလစခန်းမှ ဗာမုတ်စခန်းသို့လည်းကောင်း၊
20 ဗာမုတ်စခန်းမှ ယေရှိမုန်တောနှင့်ရင်ဆိုင်နေသော မောဘပြည်၊ ဝိသဂါတောင်တန်းဦးရှိ ချိုင့်သို့လည်းကောင်းချီသွားကြ၏။
21 ထိုကာလ ဣသရေလလူမျိုးတို့သည် အာမောရိပြည့်ရှင် ရှိဟုန်မင်းထံသံတမန်များကိုစေလွှတ်လျက် ကိုယ်တော်၏ပြည်ကိုဖြတ်သွားပါရစေ။
22 ကျွန်တော်တို့သည် လယ်ခြံများသို့မလွှဲ။ တွင်းရေကိုလည်းမသောက်။ ပြည်နယ်မလွန်မချင်း လမ်းမတော်ဖြင့်သာလျှောက်သွားကြပါမည်ဟု ခွင့်ပန်သော်လည်း၊
23 ရှိဟုန်မင်းသည် ဣသရေလလူမျိုးတို့အား ပြည်နယ်ဖြတ်သွားခွင့်မပေးဘဲ အလုံးအရင်းရှိသမျှစုရုံးပြီးလျှင် ဣသရေလလူမျိုးတို့ကိုဆီးဆို့ရန် သဲတောသို့ချီထွက်သည်နှင့် ယာဟတ်မြို့သို့ ရောက်၍စစ်တိုက်သော်၊
24 ဣသရေလလူမျိုးတို့သည် ထားဖြင့်လုပ်ကြံလျက် အာနုန်ချောင်းမှယဗ္ဗုတ်ချောင်းအထိ အမ္မုန်အမျိုးသားတို့ ခိုင်လုံေသာနယ်စပ်တိုင်အောင်၊
25 ထိုမင်းပိုင်ပြည်နှင့်မြို့ရွာရှိသမျှကိုသိမ်းယူပြီးမှ ဟေရှဘုန်မြို့ဆိုင်ရာဇနပုဒ်များမှစသော အာမောရိမြို့ရွာရှိသမျှ၌ နေထိုင်ကြ၏။
26 ဟေရှဘုန်မြို့ကား၊ မောဘပြည်တွင် အထက်အုပ်စိုးသောမင်းကိုစစ်တိုက်၍ အာနုန်ချောင်းအထိပိုင်သော ပြည်တစ်ဝှမ်းလုံးကိုသိမ်းယူသူ၊ အာမောရိပြည့်ရှင် ရှိဟုန်မင်းမြို့တော်ဖြစ်သတည်း။
27 သို့နှင့်အညီ ပြက်ရယ်တေးဖွဲ့ဆိုသူက ရှိဟုန်မင်းမြို့တော်၊ ဟေရှဘုန်မြို့သို့လာ၍ ပြုပြင်တည်ထောင်ကြလော့။
28 ရှိဟုန်မင်းမြို့တော်၊ ဟေရှဘုန်မြို့မှထွက်သောမီးလျှံသည် မောဘပြည်၊ အာရမြို့နှင့်တကွ အာနုန်ချောင်းအနီးတောင်စားများပါ ကျွမ်းလောင်လေပြီ။
29 အိုမောဘပြည်၊ သင်သည်အမင်္ဂလာရှိ၏။ အိုခေမုရှတပည့်သားတို့၊ ပျက်ပြားကြလေပြီ။ ထိုဘုရားသည် တပည့်သားတို့ကို ပြေးရသူအဖြစ်၊ တပည့်သမီးတို့ကိုသုံ့ဘမ်းသူအဖြစ် အာမောရိပြည့်ရှင်ရှိဟုန်မင်းထံ အပ်ရလေပြီတကား။
30 ငါတို့ပစ်ခတ်ခြင်းဖြင့် ဟေရှဘုန်ပြည်သည် ဒိဘုန်မြို့အထိပျက်လေပြီ။ မေဒဘမြို့အနီးရှိနောဖာမြို့အထိ ငါတို့ဆိတ်ညံ့စေကြပြီဟု ဖွဲ့ဆိုတတ်ကြသတည်း။
31 ထိုသို့ဣသရေလလူမျိုးတို့သည် အာမောရိပြည်တွင်နေထိုင်ကြရာ၊
32 ယာဇာမြို့ကိုစူးစမ်းရန် မောရှေစေလွှတ်ပြီးနောက် ဇနပုဒ်များပါသိမ်းယူ၍၊ နေရင်းအာမောရိလူမျိုးတို့ကို နှင်ထုတ်ကြပြီးလျှင်၊
33 လှည့်လျက်ဗာရှန်ပြည်လမ်းဖြင့် ချီတက်ကြသည့်ကာလ ဗာရှန်ပြည့်ရှင်သြဃမင်းသည် အလုံးအရင်းရှိသမျှပါ ဆီးဆို့တိုက်ခိုက်ရန် ဧဒြိမြို့သို့ချီထွက်သဖြင့်၊
34 မောရှေအား ထာဝရဘုရားက၊ ထိုမင်းမှစ၍ အလုံးအရင်းနှင့်ပိုင်သောပြည်ကို သင့်လက်တွင်းသို့ ငါအပ်နှင်းပြီဖြစ်သောကြောင့် မကြောက်လင့်။ ဟေရှဘုန်မြို့စံ အာမောရိပြည့်ရှင်ရှိဟုန်မင်းကိုပြုသကဲ့သို့ ထိုမင်းကိုလည်းပြုရမည်ဟု မိန့်တော်မူသည့်အတိုင်း၊
35 ထိုမင်းမှစသောသားတော်များနှင့် အလုံးအရင်းရှိသမျှကို တစ်ယောက်မကျန်လုပ်ကြံ၍ ပြည်ကိုအပိုင်ရကြ၏။