20
1 ဣသရေလအမျိုးသားအပေါင်း ပရိသတ်သည် ပဌမလတွင် ဇိနတောသို့ဝင်ရောက်၍ ကာဒေရှမြို့၌နေကြစဉ် မိရိအံသေလွန်သဖြင့် သင်္ဂြိုဟ်ရလေ၏။ ရေမရှိသည့်အတွက် လူပရိသတ်သည်၊
2 မောရှေ၊ အာရုန်တို့နှင့်ဆန့်ကျင်ဘက်စုရုံးကြရာ၊
3 မောရှေကိုရန်ပြု၍ ငါတို့သည် ထာဝရဘုရားမျက်မှောက်တော်တွင် သေလွန်သောဆွေမျိုးသားချင်းတို့နှင့် အတူသေခဲ့လျှင် ကောင်းလေစွ။
4 တိရစ္ဆာန်များပါ ဤသဲတောတွင်သေကြစေရန် ထာဝရဘုရား၏ပရိသတ်ကိုအဘယ်ကြောင့် ဆောင်ခဲ့ကြသနည်း။
5 အိဂျစ်ပြည်မှခေါ်၍ ဤအရပ်ဆိုးသို့အဘယ်ကြောင့်ဆောင်ခဲ့ကြသနည်း။ မျိုးကြဲရာ၊ သဖန်း၊ စပျစ်၊ သလဲဖြစ်ထွန်းရာအရပ်မဟုတ်။ သောက်ရန်ရေမျှ ပင်မရှိချေဟုဆိုကြသော်၊
6 မောရှေ၊ အာရုန်တို့သည် အစည်းအဝေးကတွေ့ဆုံရာတဲတော်မုတ်ဝအနီးသို့ သွားရောက်ပျပ်ဝပ်ကြစဥ် ထာဝရဘုရား၏ဘုန်းတော်ထင်ရှား၍ မောရှေအားထာဝရဘုရားက၊
7-8 အစ်ကိုအာရုန်ပါလျက် တောင်ဝေးကိုကိုင်ယူ၍ လူပရိသတ်စုရုံးစေပြီးလျှင် ရေပေးစေခြင်းငှါ ၎င်းတို့ရှေ့ကျောက်တောင်အားဆင့်ဆိုလော့။ ဆင့်ချက်အရ ကျောက်တောင်မှရေထွက်သဖြင့် လူပရိသတ်နှင့်တိရစ္ဆာန်တို့ပါ သုံးသောက်ခွင့်ရကြလိမ့်မည်ဟု မိန့်မှာတော်မူသည့်အတိုင်း၊
9 မောရှေသည် ထာဝရဘုရားရှေ့တော်မှတောင်ဝေးကိုယူ၍၊
10 အာရုန်နှင့်အတူ လူပရိသတ်ကိုကျောက်တောင်ရှေ့စုရုံးစေပြီးလျှင် မောရှေက၊ အိုပုန်ကန်သူတို့၊ နားထောင်ကြလော့။ ငါတို့သည် ဤကျောက်တောင်ထဲမှ သင်တို့အဖို့ရေထွက်စေရမည်လောဟုဆိုလျက် လက်ရုံးမြှောက်ချီ၍၊
11 ကျောက်တောင်ကို တောင်ဝေးဖြင့်နှစ်ကြိမ်ရိုက်ခတ်သော် ရေအမြောက်အများထွက်၍ လူပရိသတ်နှင့်တိရစ္ဆာန်များပါ သုံးသောက်ရကြ၏။
12 မောရှေ၊ အာရုန်တို့အားထာဝရဘုရားက ဣသရေလအမျိုးသားတို့ရှေ့တွင် ငါ့ကိုယုံကြည်၍ သီးသန့်မထားကြသောကြောင့် ဤအစည်းအဝေးကို ငါပေးသနားသောပြည်သို့ သင်တို့မဆောင်သွင်းကြရဟု မိန့်တော်မူ၏။
13 ထာဝရဘုရားအား ဣသရေလအမျိုးသားတို့ရန်ပြုကြသည်ကိုအစွဲပြု၍ ၁ 20.13 ရန်ပြုခြင်း။မေရိဘရေဟု ခေါ်ဝေါ်ကြသတည်း။ ထာဝရဘုရားလည်း ၎င်းတို့ရှေ့သီးသန့်ခြင်းကိုခံတော်မူ၏။
14-15 မောရှေသည် ကာဒေရှမြို့မှသံတမန်များကို ဧဒုံဘုရင့်ထံစေလွှတ်၍ ကျွန်တော်တို့ဘိုးဘေးတို့သည် အိဂျစ်ပြည်သို့သွားပြီးလျှင် ထိုပြည်တွင်ကြာမြင့်စွာနေကြရာ ဘိုးဘေးတို့နှင့်တကွကျွန်တော်တို့အား အိဂျစ်လူမျိုးတို့ညှဉ်းပန်းခြင်းမှစ၍ တွေ့ကြုံသမျှသောဒုက္ခကိုလည်းကောင်း၊
16 ထာဝရဘုရားထံ ကျွန်တော်တို့အော်ဟစ်ကြသော် နားညောင်းတော်မူသည့်အလျောက် စေတမန်တော်ကိုလွှတ်၍ အိဂျစ်ပြည်မှထုတ်ဆောင်တော်မူခဲ့ကြောင်းကိုလည်းကောင်း ကိုယ်တော်သိပါ၏။ ယခုမှာကျွန်တော်တို့သည် ကိုယ်တော့်ပြည်နယ်စွန်းရှိ ကာဒေရှမြို့သို့ရောက်ကြပါပြီ။
17 ကိုယ်တော်၏ပြည်ကိုဖြတ်သွားပါရစေ။ ကျွန်တော်တို့သည် လယ်ခြံများကိုမလျှောက်၊ တွင်းရေကိုလည်းမသောက်၊ ပြည်နယ်မလွန်မချင်း ဝဲယာသို့မယိမ်းမယိုင်ဘဲ လမ်းမတော်ဖြင့်သာ လျှောက်သွားကြပါမည့်အကြောင်း ညီဣသရေလတင်လျှောက်သည်ကို ကြားစေလျှင်၊
18 ဧဒုံဘုရင်က၊ ဓားလက်နက်နှင့်ငါချီထွက်၍ မဆီးမဆို့ရန်၊ မဖြတ်မသွားကြရဟုဆိုသော်၊
19 ဣသရေလအမျိုးသားတို့က၊ ကျွန်တော်တို့သည် လမ်းမတော်ဖြင့်သာလျှောက်သွားပါမည်။ လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ ပြည်ရှိရေကိုသုံးသောက်က တန်ဘိုးပေးပါမည်။ အန္တရာယ်မပြုဘဲ ခြေလျင်ဖြတ်သွားပါရစေဟု ခွင့်ပန်သော်လည်း မဖြတ်မသွားကြရဟုဆိုလျက်၊
20 ဧဒုံဘုရင်သည် လက်ရုံးရည်နှင့်အလုံးအရင်းပါ ချီထွက်ဆီးဆို့၍၊
21 ပြည်နယ်ကို ဖြတ်သွားခွင့်မပေးသည့်အတွက် ဣသရေလလွှဲရှောင်ရလေ၏။
22-23 ဣသရေလအမျိုးသားအပေါင်းပရိသတ်သည် ကာဒေရှမြို့မှချီ၍ ဧဒုံပြည်နယ်စွန်းရှိ ဟောရတောင်သို့ရောက်ကြသော် ထိုတောင်တွင် မောရှေ၊ အာရုန်တို့အား ထာဝရဘုရားက၊
24 မေရိဘရေအနီး ငါ့အမိန့်တော်ကိုသင်တို့ဖီဆန်ကြသောကြောင့် ဣသရေလအမျိုးသားတို့အား ငါပေးသနားေသာပြည်သို့ ဝင်ခွင့်မရဘဲ ဘိုးဘေးတို့ထံအာရုန်သွားရမည်။
25 အာရုန်နှင့်သားဧလာဇာတို့ကို ဟောရတောင်ပေါ်သို့ခေါ်သွားပြီးလျှင်၊
26 အာရုန်မှသင်္ကန်းစုံကိုချွတ်၍ သားဧလာဇာ၌ဝတ်ဆင်လော့။ အာရုန်မူကား ထိုအရပ်တွင်ပင် သေလွန်၍ဘိုးဘေးတို့ထံသွားရမည်ဟု မိန့်မှာတော်မူသည့်အတိုင်း၊
27 မောရှေလိုက်နာလျက် ပရိသတ်အားလုံးမျက်မှောက် ဟောရတောင်ပေါ်သို့တက်သွားကြပြီးမှ၊
28 မောရှေသည် အာရုန်မှသင်္ကန်းစုံကိုချွတ်၍ သားဧလာဇာ၌ဝတ်ဆင်ပြီးလျင် တောင်ထိပ်ပေါ်တွင် အာရုန်သေလွန်လေ၏။ မောရှေ၊ ဧလာဇာတို့ ဆင်းလာကြရာ၊
29 အာရုန်သေလွန်သည်ကို ဣသရေလအမျိုးသားပရိသတ်အားလုံး သိမြင်ကြသည့်ကာလ ရက်ပေါင်းသုံးဆယ်တိုင်တိုင် အာရုန့်အတွက်ငိုကြွေးကြကုန်၏။