7
အကျိုးနည်းလေစွ။ အသီးဆွတ်ပြီးသောအပင်၊ ကောက်သိမ်းပြီး စပျစ်သဖွယ်ဖြစ်သောငါ၌၊ သုံးဆောင်ရန်စပျစ်ပြွတ်တစ်ခိုင်၊ တပ်မက်ရန် သဖန်းသီးတစ်လုံးမျှမရှိချေ။ နေပြည်တွင် ကြည်ညိုသူတို့သည်တုံး၍၊ လူ့ဘောင်တွင် သူတော်ကောင်းတို့သည် သုန်းလေပြီ။ ရှိသမျှတို့သည် သွေးသွန်းရန် ချောင်းမြောင်းလျက်၊ ညီအစ်ကို ဖြစ်သူတို့ကိုပင်၊ ပိုက်ကွန်နှင့်လိုက်လျက်၊ ဆိုးသွမ်းမှုကိုလက်သုံးပြုသည့်အတိုင်း၊ မင်းသည် ပဏ္ဏာတောင်းခြင်း၊ တရားသူကြီးသည် တံစိုးစားခြင်း၊ အကြီးအကဲသည် တပ်မက်ရာကိုဖော်ပြခြင်းပြုသည်နှင့်၊ အဆိုးကိုလွန်းပေါင်းတင်ကြ၏။ ကောင်းမြတ်သူတို့သည် ဆူးတပ်၊ ဖြောင့်မှန်သူတို့သည် ဇီးတပ်မျှသာဖြစ်ကြသည်တကား။ သင့်မြို့စောင့်တို့ သတိပေးရာ ဒဏ်စီရင်ခြင်းနေ့ရက်၊ ရှုတ်ထွေးရာ ကာလသည်။ ယခုပင်ရောက်လေပြီ။ အပေါင်းအဖော်ကိုအားကိုးခြင်း၊ အသိအကျွမ်းကိုစိတ်ချခြင်းမပြုလင့်။ ရင်ခွင်ရှိမယားရှေ့ပင်၊ ကိုယ့်နှုတ်တံခါးကိုစောင့်လော့။ အသို့ဆိုသော်၊ သားသည် ဖခင်ကိုပြောင်လှောင်၍၊ သမီးသည် မိခင်ကိုလည်းေကာင်း၊ ချွေးမသည် ယောက္ခမမိန်းမသူ့ကိုလည်းေကာင်း၊ ရန်ဘက်ပြုကြသည့်အလျောက်၊ အိမ်ထောင် သားချင်းတို့လည်း ရန်မူကြလေစွတကား။
ငါမှာမူ၊ ထာဝရဘုရားကို မျှော်ကြည့်လျက်၊ ငါ့ကိုကယ်တင်သောဘုရားသခင်အား စောင့်မျှော်မည်။ ငါ့ဘုရားသခင်နားညောင်းတော်မူလိမ့်မည်။ အိုရန်သူ၊ ငါ့အပေါ်တွင် မရွှင်လန်းနှင့်။ ငါလဲကျရသော်လည်း၊ ထပြန်မည်။ မှောင်မိုက်၌နေထိုင်ရသော်လည်း၊ ထာဝရဘုရားသည် အလင်းသဖွယ်ဖြစ်တော်မူ၏။ ငါသည် ထာဝရဘုရားအား ပြစ်မှားမိသောကြောင့်၊ ငါ့အမှုကိုလဲလျှောက်၍စီရင်တော်မမူမချင်း၊ အမျက်တော်ဒဏ်ကိုသည်းခံမည်။ အလင်းသို့ ထုတ်ဆောင် တော်မူမည့်အလျောက်၊ ဖြောင့်မတ်တော်မူခြင်းကို ငါဖူးမြင်ရသောအခါ၊ 10 သင့်ဘုရားသခင်ထာဝရဘုရားအဘယ်မှာနည်းဟူ၍ကဲ့ရဲ့သောရန်သူသိမြင်သည့်အတိုင်း၊ အရှက်နှင့်လွှမ်းခြုံရလတ္တံ့။ လမ်းရွှံ့ကဲ့သို့ကျော်နင်းခံရသည်ကို၊ ငါဒိဋ္ဌ မြင်ရလိမ့်မည်။
11-13 နေထိုင်သူတို့အတွက်ကြောင့်လည်းေကာင်း၊ အပြုအမူ၏အကျိုးဆက်ကြောင့်လည်းေကာင်း၊ နေပြည်ဆိတ်ညံရာရောက်ပြီးဖြစ်သော်လည်း၊ သင့်မြို့ရိုးကိုတည်ရသောနေ့ရက်ရောက် တော့မည်။ ထိုနေ့ရက်၌၊ သင့်နယ်နိမိတ်များကို ကျယ်စေမည့်အလျောက်၊ အာရှုရိပြည်နှင့် အိဂျစ်မြို့ရွာများ၌လည်းေကာင်း၊ အိဂျစ်ပြည်မှ ဥဖရတ်မြစ်တိုင်အောင်လည်းေကာင်း၊ ပင်လယ် တစ်သွယ်မှ တစ်သွယ်တိုင်အောင်လည်းေကာင်း၊ တောင်တစ်လုံးမှ တစ်လုံးတိုင်အောင်လည်းေကာင်း၊ ကွဲလွင့်သူတို့ပြန်ရောက်ရကြလတ္တံ့။
14 အသီးအခြားနေထိုင်လျက်၊ ပိုင်တော်မူရာ သိုးအုပ်တည်းဟူသော လူမျိုးတော်ကို၊ တောင်ဝေးတော်နှင့်ထိန်းကျောင်းတော်မူပါ။ ယမန်ကဲ့သို့၊ ကရမေလမြိုင်၊ ဗာရှန်နှင့် ဂိလဒ်နယ်များ၌၊ ကျက်စားကြပါစေသော။ 15 အိဂျစ်ပြည်မှကြွလာသောနေ့ရက်ကာလကဲ့သို့၊ အံ့ဖွယ်ရာများကိုဖော်ပြတော်မူပါ။ 16 လူမျိုးခြားတို့သည် မြင်ရ၍၊ ကိုယ့်စွမ်းရည်သတ္တိကြောင့်ရှက်သဖြင့်၊ နှုတ်ကိုလက်နှင့်ပိတ်ထားလျက်၊ နားထိုင်းရာ ရောက်သည့်ပြင်၊ 17 မြွေကဲ့သို့ မြေမုန့်ကိုလျက်လျက်၊ တီကောင်ကဲ့သို့ ငါတို့ဘုရားသခင်ထာဝရဘုရားထံ၊ အောင်းရာမြေထဲမှအလန့်တကြားတိုးဝင်လျက်၊ ရှေ့တော်တွင် ကြောက်ရွံ့ ကြလိမ့်မည်။
18 ဒုစရိုက်ကိုပယ်ပတော်မူထသော၊ ပိုင်တော်မူရာအကြွင်းအကျန်တို့၏ လွန်ကျုးမှုများကို ဖြေလွှတ်တော်မူထသော၊ အမျက်တော်ကို အမြဲထားတော်မမူသည့် အလျောက်၊ ကရုဏာ သက်တော်မူသောကိုယ်တော်နှင့်၊ မည်သည့်ဘုရားတူပါသနည်း။ 19 ကိုယ်တော်သည်၊ ငါတို့အား တစ်ဖန်ညှာတာခြင်း၊ ဒုစရိုက်များကိုနင်းချေခြင်းပြုတော်မူ၍၊ ပြစ်မှုရှိသမျှကို သမုဒ္ဒရာနက်ရှိုင်းရာသို့ ပစ်ချလျက်၊ 20 ရှေးကာလက၊ ဘိုးဘေးတို့အား သစ္စာဆိုခဲ့သည်အတိုင်း၊ ယာကုပ်အား သစ္စာတော်ကိုလည်းေကာင်း၊ အာဗြဟံအား ကရုဏာတော်ကိုလည်းေကာင်း၊ အတည်ပြုတော်မူလိမ့်သတည်း။