3
1-3 ငါဆင့်ဆိုသည်မှာ၊ အိုယာကုပ်အမျိုးအအုပ်အချုပ်၊ ဣသရေလအမျိုးသားမှူးမတ်တို့၊ နာခံကြလော့။ သုစရိုက်ကိုမုန်းထားလျက်၊ ဒုစရိုက်ကိုနှစ်သက်သူ၊ ငါ့လူမျိုးချင်း တို့မှ အရေခွာခြင်း၊ အရိုးမှအသားခြစ်၍စားခြင်းပြုသူ၊ အရေခွာပြီးလျှင် အရိုးချိုးလျက်၊ အိုးတွင်ချက်ပြုတ်သော အသားကဲ့သို့စဉ်းတတ်သူ၊ သင်တို့သည်၊ တရားသဖြင့် စီရင်ခြင်း နှင့်ကျွမ်းဝင်အပ်ကြသည်မဟုတ်လော။
4 ထိုကာလ၊ ထာဝရဘုရားထံထိုသူတို့ဟစ်ကြသော်လည်း၊ ဆိုးသွမ်းမှုပြုကျင့်လေ့ရှိကြသောကြောင့်၊ ထူးတော်မမူဘဲမျက်နှာတော်လွှဲလိမ့်မည်။
5 ဆွမ်းကျွေးသူတို့အား၊ ချမ်းသာစေဟုဆိုလျက်၊ မကျွေးသူတို့အားရန်မူလျက်၊ ငါ့လူမျိုးသားချင်းတို့ကိုလမ်းလွှဲစေသောပရောဖက်တို့နှင့်စပ်လျဉ်း၍ ထာဝရဘုရားက၊
6 သင်တို့၌ရူပါရုံမြင်ခွင့်မရသော ညဉ့်အချိန်၊ ဗေဒင်ဟောခွင့်မရသောမှောင်မိုက်အချိန်ဖြစ်မည့်အလျောက်၊ ပရောဖက်တို့အထက်နေဝင်၍၊ နေ့လည်းမိုက်လျက်၊
7 အမြော်အမြင်ဆရာတို့ရှက်ကွဲလျက်၊ ဗေဒင်တတ်တို့ကျိုးယုတ်လျက်၊ ငါဘုရားသခင်ဗျာဒိတ်မပေးသည့်အတွက်၊ ရှိသမျှတို့နှုတ်ကိုဖုံးထားရကြလတ္တံ့ဟုမိန့်တော်မူ၏။
8 ငါမှာမူ၊ ယာကုပ်အမျိုးအား ကိုယ့်လွန်ကျူးမှု၊ ဣသရေလအမျိုးအားကိုယ့်ပြစ်မှုကို ဖော်ပြအံ့သောငှာ၊ ထာဝရဘုရား၏ ဝိညာဉ်တော်ကြောင့်၊ အစွမ်းသတ္တိ၊ ၃ 3.8 ပါဠိ။ - အစီအရင်။ဉာဏ်သတ္တိ၊ နှုတ်သတ္တိနှင့်ပြည့်စုံလေပြီ။
9-10 တရားသဖြင့်စီရင်ခြင်းကို ရွံ့ရှာလျက် တရားလွှဲသူ၊ ဇိအုန်မြို့ကို သွေးသွန်းမှုနှင့်လည်းေကာင်း၊ ယေရုရှလင်မြို့ကို ဒုစရိုက်မှုနှင့်လည်းေကာင်း၊ တည်ဆောက်သူ၊ အိုယာကုပ်အမျိုးသား အအုပ်အချုပ်၊ ဣသရေလအမျိုးသားမှူးမတ်တို့၊ နာခံကြလော့။
11 အအုပ်အချုပ်တို့သည် တံစိုးစား၍တရားစီရင်ခြင်း၊ ပရောဟိတ်တို့သည် အခယူ၍ သွန်သင်ခြင်း၊ ပရောဖက်တို့သည် လာဘ်ခံ၍ ဗေဒင်ဟောခြင်းများကိုပြုလျက်ပင်၊ ထာဝရဘုရားသည် ငါတို့တွင် စံနေတော်မူသည်မဟုတ်လော။ ဘေးသင့်မည်မဟုတ်ဟုဆို၍ ထာဝရဘုရားကို အမှီတံကဲပြုကြသည်တကား။
12 ထိုကြောင့်၊ သင်တို့ပြစ်မှုအတွက်၊ ဇိအုန်မြို့သည် လယ်အဖြစ်ထွန်ခြင်း၊ ယေရုရှလင်မြို့သည် ဖုန်းဆိုးကုန်းဖြစ်ခြင်း၊ ဗိမာန်ရှိတောင်တော်လည်း တောကုန်းဖြစ်ခြင်းများကိုခံရမည်ဟူ၍တည်း။