5
1 တစ်ရံတစ်ခါ၌ ဂေင်္နသရက်အိုင်နားတွင်ရပ်နေတော်မူသော ကိုယ်တော့်ထံ ဘုရားသခင့် တရားတော်ကိုကြားနာရန်၊ လူအမြောက်အမြားတို့တိုးလာကြစဉ်၊
2 ပိုက်များကိုလျှော်ရန် တံငါတို့ဆင်းခဲ့ကြရာ ကမ်းနားတွင်ဆိုက်ထားသောလှေနှစ်စင်းကို မြင်တော်မူသော်၊
3 ရှိမုန်ပိုင်တစ်စင်းပေါ်သို့တက်၍ အနည်းငယ်ခွာစေရန် လှေ့ရှင်ကိုခိုင်းပြီးလျှင် လှေပေါ်တွင်ထိုင်လျက် လူပရိသတ်အား ဒေသနာပေးတော်မူ၏။
4 ဒေသနာတော်အဆုံး၌ ရှိမုန်အား ရေနက်ရာသို့လှော်၍ ဆွဲဖမ်းရန် ပိုက်ချလော့ဟု မိန့်တော်မူသည့်ကာလ၊
5 ရှိမုန်က သခင်၊ ကျွန်တော်တို့သည် တစ်ညဉ့်လုံးကြိုးစားပါသော်လည်း အနည်းငယ်မျှမရပါ။
6 သို့ရာတွင် သခင့်အမိန့်အတိုင်းချပါဦးမည်ဟုဆိုပြီးမှ ချကြရာ ငါးများစွာကိုဝိုင်းမိသဖြင့် ပိုက်စုတ်လျက်ရှိသည်နှင့်၊
7 အခြားလှေရှိလုပ်ဖော်တို့ကို အကူအညီလာကြစေရန် လက်ယပ်သည့်အတိုင်း ရောက်လာကြသော်၊ နှစ်စင်းလုံးအပြည့်ထည့်ရ၏။
8 နစ်လုမတတ်ဖြစ်သည်ကိုမြင်သော် ရှိမုန်ပေတရုသည်၊ ယေရှုဒူးတော်အနီးပျပ်ဝပ်လျက် အရှင်ဘုရား၊ အပြစ်သားဖြစ်သောကျွန်တော့်ထံမှ ထွက်ကြွတော်မူပါဟုလျှောက်၏။
9-10 အသို့ဆိုသော် ရှိမုန်မှစ၍ ဇေဗေဒဲ့သားဆောင်ဖက်ဖြစ်သူယာကုပ်နှင့်ယောဟန်တို့သည် အပေါင်းအဖော်တို့ပါ ဖမ်းမိသောငါးများကြောင့် အံ့အားသင့်ကြသတည်း။ ထိုအခါရှိမုန်အား ယေရှုက၊ မကြောက်ကြနှင့်။ ယခုမှစ၍ သင်သည်လူတို့ကိုဖမ်းမိရမည်ဟု မိန့်တော်မူသော်၊
11 ထိုသူတို့သည် လှေများကို ကမ်း၌ဆိုက်ပြီးလျှင် အလုံးစုံစွန့်ခဲ့၍နောက်တော်ကလိုက်ကြ၏။
12 မြို့တစ်မြို့တွင် ရှိနေတော်မူစဉ် တစ်ကိုယ်လုံးနူနာစွဲသူတစ်ယောက်သည် ယေရှုကိုမြင်သော် ပျပ်ဝပ်လျက် အရှင်ဘုရား၊ အလိုတော်ရှိလျှင် ကျွန်တော်ကိုသန့်စေတော်မူနိုင်ပါသည်ဟု လျှောက်ထားရာ၊
13 ကိုယ်တော်သည်လက်ဆန့်၍တို့တော်မူလျက် ငါအလိုရှိ၏။ သန့်စေဟုမိန့်တော်မူလျှင်မူချင်း နူနာကင်းပျောက်၏။
14 ကိုယ်တော်ကလည်း မည်သူ့ကိုမျှ မကြားမပြောစေရန် တားမြစ်လျက် ပရောဟိတ်ထံသွား၍ ကိုယ်ကိုပြပြီးလျှင် မောရှေစီရင်ခဲ့သည့်အတိုင်းသက်သေအဖြစ် သန့်ရာရောက်သည့်အတွက် ဆက်ကပ်လော့ဟုမိန့်မှာတော်မူသော်လည်း၊
15 အကြောင်းသတင်းတော်သည် တိုး၍ကြေငြာသဖြင့် ကြားနာရန်လည်းကောင်း၊ အနာရောဂါကင်းပျောက်ရန်လည်းကောင်း၊ ကြီးစွာသောလူပရိသတ်တို့စုရုံးလာရောက်ကြ၏။
16 ကိုယ်တော်မူကား တော၌ပဌနာပြုလျက် ရှောင်နေတော်မူ၏။
17 တစ်နေ့သ၌ ဒေသနာပေးတော်မူစဉ် ဂါလိလဲနယ်၊ ယုဒနယ်မြို့ရွာရှိသမျှနှင့် ယေရှုရှလင်မြို့မှ ရောက်လာသောဖာရိရှဲတို့နှင့် ကျမ်းဆရာတို့ထိုင်နေကြရာ အနာရောဂါကင်းပျောက်စေရန် ထာဝရဘုရား၏ တန်ခိုးတော်သည် ကိုယ်တော်၌ရှိ၏။
18 ထိုအခါ သွက်ချာပါဒစွဲသူတစ်ယောက်ကို ထမ်းစင်ပေါ်တွင်ဆောင်လျက် ရှေ့တော်သို့သွင်းထားရန် ရှာကြံကြသော်၊
19 လူပရိသတ်ထူထပ်သောကြောင့် သွင်းရာမတွေ့သဖြင့် အိမ်မိုးသို့တက်ပြီးလျှင် အုတ်ကြွပ်များကိုဖောက်၍ ထမ်းစင်နှင့်တကွ သူနာပါ ပရိသတ်အလယ်ကိုယ်တော့်ရှေ့လျှောချကြ၏။
20 ထိုသူတို့၏ ယုံကြည်ခြင်းကိုမြင်တော်မူသော် ကိုယ်တော်က အချင်းလူ၊ သင့်အပြစ်ပြေလွတ်ပြီဟု မိန့်တော်မူလျှင်၊
21 ကျမ်းတတ်ဆရာနှင့်ဖာရိရှဲတို့က၊ ပုတ်ခတ်မှုစကားကိုပြောဆိုသောဤသူကား မည်သူနည်း။ ဘုရားသခင်မှတစ်ပါး မည်သူအပြစ်ဖြေလွှတ်နိုင်သနည်းဟု ဆင်ခြင်အောက်မေ့ကြ၏။
22 ထိုသို့ဆင်ခြင်ကြသည်ကို သိမြင်တော်မူသဖြင့် ယေရှုက၊ အဘယ်ကြောင့်စိတ်၌ဆင်ခြင်ကြသနည်း။
23 အပြစ်ပြေလွတ်ပြီဟုဆိုရန် လွယ်ကူသလော။ ထ၍လှမ်းသွားလော့ဟု ဆိုရန်လွယ်ကူသလော။
24 လူ့သားသည် ဤမြေကြီးပေါ်တွင် အပြစ်ဖြေလွတ်ခွင့်အာဏာရှိကြောင်းကို သင်တို့သိစေခြင်းငှါ ထလော့၊ ထမ်းစင်ကိုဆောင်၍အိမ်ပြန်လော့၊ ငါဆိုသည်ဟု သွက်ချာပါဒစွဲသူ့အား မိန့်တော်မူသော်၊
25 သူတို့ရှေ့ချက်ချင်းထပြီးလျှင် အိပ်ခဲ့ရာထမ်းစင်ကိုဆောင်၍ ဘုရားသခင်၏ဘုန်းတော်ကို ချီးမြှောက်လျက် အိမ်သို့ပြန်သွားလေ၏။
26 ထိုသူရှိသမျှလည်း ကြောက်ရွံ့ထိတ်လန့်အံ့အားသင့်၍ ငါတို့သည် အထူးအဆန်းကို ယနေ့မြင်ရပြီဟုဆိုလျက် ဘုရားသခင့်ဘုန်းတော်ကိုချီးမြှောက်ကြ၏။
27 ထိုနောက် ကိုယ်တော်သည်ထွက်ကြွတော်မူရာ အခွန်ရုံးတွင်ထိုင်နေသောလေဝိအမည်ရှိ သူ အခွန်ကောက်တစ်ယောက်ကို ရှုမြင်၍ ငါ့နောက်လိုက်လော့ဟု မိန့်တော်မူသော်၊
28 ထိုသူသည် ထပြီးလျှင် အလုံးစုံစွန့်ခဲ့၍နောက်တော်ကလိုက်၏။
29 လေဝိသည် ကိုယ့်အိမ်တွင် ကိုယ်တော့်အဖို့ ခမ်းနားသောစားသောက်ပွဲကျင်းပရာ အခွန်ကောက်များ၊ အခြားသူများတို့နှင့်အတူ စားပွဲထိုင်ကြသဖြင့်၊
30 ဖာရိရှဲတို့နှင့်ဂိုဏ်းပါကျမ်းတတ်ဆရာတို့က၊ သင်တို့သည်အဘယ်ကြောင့်အခွန်ကောက်များ အပြစ်သားများနှင့်အတူ စားသောက်ကြသနည်းဟု တပည့်တော်တို့အား ညည်းညူမေးမြန်းကြရာ၊
31 ကိုယ်တော်က၊ ကျန်းမာသောသူတို့၌ ဆေးသမားမလို။ နာသောသူတို့၌သာလို၏။
32 ငါကား ဖြောင့်မတ်သူတို့ကိုခေါ်ရန်မဟုတ်။ အပြစ်သားတို့ကိုနောင်တရစေခြင်းငှါ ခေါ်ရန် ရောက်လာပြီဟု ပြန်၍မိန့်တော်မူ၏။
33 ထိုသူတို့ကလည်း၊ ယောဟန်၏တပည့်တို့နှင့် ဖာရိရှဲတပည့်တို့သည် အဖန်ဖန်အစာရှောင်ခြင်း၊ အသနားတော်ခံခြင်းပြုလျက် ဆရာ့တပည့်တို့စားသောက်နေကြပါသည်တကားဟု ဆိုကြသော်၊
34 ယေရှုက၊ မင်္ဂလာဆောင်သတို့သားအတူရှိနေစဉ် လူပျိုရံတို့ကိုအစာရှောင်စေနိုင်ကြသလော။
35 သို့သော်လည်း မင်္ဂလာဆောင်သတို့သားကို ရုပ်သိမ်းမည့်နေ့ရက်ကာလ ရောက်တော့မည်။ ထိုနေ့ရက်ကာလ၊ အစာရေှာင်ကြလတ္တံ့ဟု ပြန်၍မိန့်တော်မူ၏။
36 ၎င်းပြင်၊ ဥပမာဆောင်၍မိန့်တော်မူသည်မှာ မည်သူမျှအင်္ကျီသစ်မှဆုတ်ယူ၍ အင်္ကျီဟောင်း ကိုမဖာတတ်။ ဖာလျှင်အသစ်ကိုဆုတ်ခြင်း အသစ်စလည်းအဟောင်းနှင့်မလိုက်ခြင်းရှိလိမ့်မည်။
37 သားရေဘူးဟောင်းတွင် မည်သူမျှစပျစ်ရည်သစ်ကိုမထည့်တတ်။ ထည့်လျှင် ဘူးကိုစပျစ်ရည်သစ်ဖောက်ခွဲသဖြင့် စပျစ်ရည်ယို၍ ဘူးပျက်လိမ့်မည်။
38-39 စပျစ်ရည်သစ်ကို ဘူးသစ်တွင်ထည့်ရသည်။ စပျစ်ရည်ဟောင်းကိုသောက်သူသည် စပျစ်ရည်သစ်ကိုအလိုမရှိ။ အဟောင်းကောင်းကြောင်းဆိုတတ်သည်ဟု မိန့်တော်မူ၏။