17
၎င်းပြင် တပည့်တော်တို့အား ကိုယ်တော်ကတိုက်လဲစေရန်အကြောင်းများ မပေါ်လာဘဲမရှိနိုင်သော်လည်း ပေါ်လာစေသောသူ၌အမင်္ဂလာရှိ၏။ ထိုသူသည် ဤသူငယ်တစ်ယောက်ယောက်ကိုတိုက်လဲစေသည်ထက် လည်တွင်ကြိတ်ဆုံကျောက်ဆွဲလျက် ပင်လယ်၌ပစ်ချခံရလျှင် ကောင်းသေး၏။ ကိုယ်ကိုသတိမူကြလော့။ ညီအစ်ကိုချင်းသည် သင့်ကိုပြစ်မှားမိလျှင်ဆုံးမလော့။ နောင်တရလျှင် ဖြေလွှတ်လော့။ တစ်နေ့အတွင်းခုနစ်ကြိမ်တိုင်ပြစ်မှားလျက် ကျွန်ုပ်နောင်တရပါပြီဟူ၍ ခုနစ်ကြိမ်တိုင်ဝန်ချလာလျှင် ဖြေလွှတ်ရမည်ဟုမိန့်တော်မူ၏။
အရှင်ဘုရားအား တမန်တော်တို့က တပည့်တော်တို့ယုံကြည်ခြင်းကို တိုးပွားစေတော်မူပါဟု လျှောက်ကြသော်၊ အရှင်ဘုရားက၊ သင်တို့တွင်မုံညင်းစေ့ခန့်မျှ ယုံကြည်ခြင်းရှိလျှင် ဤပိုးစာပင်အားအမြစ်ပါကျွတ်၍ ပင်လယ်ထဲ၌ပေါက်လော့ဟုဆိုသော် နားထောင်လိမ့်မည်။ သင်တို့တွင် လယ်ထွန်ဖြစ်စေ၊ သိုးကျောင်းဖြစ်စေခိုင်းသောကျွန်သည် လယ်ပြင်မှပြန်သည့်ကာလ အမြန်လာ၍ စားပွဲထိုင်လော့ဟု ဆိုမည့်သူရှိသလော။ ထိုသို့မဆိုဘဲ ငါစားသောက်ရန်ပြင်ဆင်လော့။ စားသောက်စဉ် ခါးစည်းလျက် လုပ်ဆောင်လော့။ ပြီးမှစားသောက်တော့ဟု ဆိုမည်မဟုတ်လော။ အမိန့်အတိုင်းဆောင်ရွက်သောကြောင့် ကျွန်ကိုကျေးဇူးတင်တတ်သလော။ 10 ထိုနည်းတူ သင်တို့လည်းအမိန့်တော်အတိုင်း အပြီးသတ်ဆောင်ရွက်သော် ငါတို့သည် အသုံးမဲ့ကျွန်များဖြစ်ကြ၏။ ဆောင်ရွက်ရန် ကိုယ့်တာဝန်ကိုသာဆောင်ရွက်ခဲ့ပြီဟူ၍ အောက်မေ့ကြဟု မိန့်တော်မူ၏။
11 ယေရုရှလင်မြို့သို့ခရီးသွားစဉ် ရှမာရိနယ်နှင့်ဂါလိလဲနယ်စပ်ကြားတွင်လျှောက်ကြွ၍၊ 12-13 ရွာတစ်ရွာသို့ဝင်ရောက်တော်မူသည့်ကာလ လူနူဆယ်ယောက်တို့သည်ကြိုဆို၍ အိုယေရှုသခင်၊ သနားတော်မူပါဟု အဝေးကရပ်လျက် အသံကျယ်စွာလျှောက်ထားကြ၏။ 14 ကိုယ်တော်သည်မြင်တော်မူသော် ပရောဟိတ်တို့ထံသွား၍ကိုယ်ကိုပြကြဟု မိန့်တော်မူသည့်အတိုင်း သူတို့သွားစဉ်ပင် သန့်ရာရောက်ကြ၏။ 15 ရောဂါကင်းပျောက်ကြောင်းကို တစ်ယောက်ယောက်သိမြင်သော်၊ ဘုရားသခင့်ဘုန်းတော်ကိုကျယ်သောအသံနှင့် ချီးမြောက်လျက် ပြန်လာပြီးလျှင်၊ 16 ခြေတော်ရင်းတွင်ပျပ်ဝပ်၍ ကျေးဇူးတော်ကိုချီးမွမ်း၏။ ထိုသူကား ရှမာရိလူမျိုးတည်း။ 17 ထိုအခါယေရှုက၊ ဆယ်ယောက်တို့သည် သန့်ရာရောက်ကြသည်မဟုတ်လော။ ကိုးယောက်မူကားအဘယ်မှာနည်း။ 18 ဤလူမျိုးခြားမှတစ်ပါး ဘုရားသခင့်ဘုန်းတော်ကိုချီးမြှောက်ရန် ပြန်လာသူတစ်ဦးမျှမရှိလောဟုမေးပြီးလျှင် ထသွားတော့၊ 19 သင်၏ယုံကြည်ခြင်းသည် သင့်ကိုကျန်းမာစေပြီဟု ထိုသူ့အားမိန့်တော်မူ၏။
20 ဘုရားသခင့်နိုင်ငံတော်သည် မည်သည့်အခါတည်မည်ကို ဖာရိရှဲတို့မေးမြန်းကြသော် ကိုယ်တော်က ဘုရားသခင့်နိုင်ငံတော်တည်ခြင်းသည် မျက်မြင်ထင်ရှားသည်မဟုတ်။ 21 ကြည့်လော့၊ ဤတွင်ထိုတွင်ရှိသည်ဟုဆိုရမည်မဟုတ်။ ဘုရားသခင့်နိုင်ငံတော်သည် သင်တို့ဘောင်တွင်တည်ပြီဟု ပြန်၍မိန့်တော်မူ၏။
22 တပည့်တော်တို့အားလည်း ကိုယ်တော်က လူ့သား၏နေ့တစ်နေ့နှင့်သင်တို့ကြုံကြိုက်လိုသောနေ့ရက်ကာလရောက်တော့မည်။ သို့ရာတွင်ကြုံကြိုက်ကြ ရကြမည်မဟုတ်။ 23 ထိုကာလ၊ ကြည့်လော့။ ထိုတွင် ဤတွင်ရှိသည်ဟုဆိုကြသော်လည်း မလိုက်မသွားကြနှင့်။ 24 လျှပ်စစ်သည် မိုးကောင်းကင်တစ်ပိုင်းမှပြက်သော် တစ်ပိုင်းတိုင်ထွန်းလင်းသကဲ့သို့ ကိုယ့်နေ့တော်၌ လူ့သားဖြစ်လိမ့်မည်။ 25 ထိုနေ့တော်မတိုင်မီ လူ့သားသည်ဒုက္ခများစွာခံ၍ ယခုလူမျိုး၏ငြင်းပယ်ခြင်းကို ခံရဦးမည်။ 26-27 နောဧသည် သင်္ဘောထဲသို့ဝင်လျှင် ရေဘေးသင့်၍ ရှိသမျှကိုဖျက်ဆီးသည့်နေ့မတိုင်မချင်း စားသောက်လျက်၊ အိမ်ထောင်လျက်၊ ပေးစားလျက်ရှိနေကြရာ နောဧလက်ထက်တွင်ဖြစ်သကဲ့သို့ လူ့သား၏ နေ့ရက်ကာလတွင်ဖြစ်လိမ့်မည်။ 28 လောတလက်ထက်တွင်လည်း စားသောက်ရောင်းဝယ်လျက် စိုက်ပျိုးတည်ဆောက်လျက်ရှိနေကြရာ၊ 29 သောဒုံမြို့က​ေလာတထွက်သွားသည့်နေ့တွင် ကောင်းကင်မှကန့်မီးကျရွာ၍ ရှိသမျှကိုဖျက်ဆီးသည့်နည်းတူ၊ 30 လူ့သားပေါ်တော်မူသည့်နေ့တွင်ဖြစ်လိမ့်မည်။ 31 ထိုနေ့၌ အိမ်မိုးပေါ်တွင်ရှိနေသူသည် အိမ်တွင်းရှိပစ္စည်းကိုယူရန်ဆင်းသက်ခြင်း၊ လယ်တွင်ရှိနေသူသည် ပြန်ခြင်းကိုမပြုစေလင့်။ 32 လောတ၏မယားကိုသတိရကြလော့။ 33 ကိုယ့်အသက်ကိုရရန်ရှာကြံသူတိုင်း အသက်ရှုံးလိမ့်မည်။ ရှုံးသူတိုင်းကား ရလိမ့်မည်။ 34 ထိုညဉ့်၌ အိပ်ရာတစ်ခုတွင်လူနှစ်ဦးရှိရာ တစ်ဦးကိုသိမ်းယူ၍ တစ်ဦးကျန်ရစ်လတ္တံ့။ 35 ကြိတ်ဆုံကြိတ်လျက်မိန်းမနှစ်ဦးရှိရာ တစ်ဦးကိုသိမ်းယူ၍ တစ်ဦးကျန်ရစ်လတ္တံ့ ငါဆိုသည်ဟု မိန့်တော်မူ၏။ 17.36 လယ်ယာ၌လူနှစ်ဦးရှိရာတစ်ဦးကိုသိမ်းယူ၍တစ်ဦးကျန်ရစ်လတ္တံ့ ဟူေသာ နံပါတ် ၃၆သည်ေရှးကျမ်းေဟာင်းအချို့၌ပါရှိ၏။ 37 ထိုအခါတပည့်တော်တို့က အရှင်ဘုရား၊ မည်သည့်အရပ်တွင်ဖြစ်ပါမည်နည်းဟု မေးလျှောက်ကြသော် အသေကောင်ရှိရာအရပ်တွင် ရွှေလင်းတတို့စုရုံးကြလိမ့်မည်ဟု မိန့်တော်မူ၏။