16
တပည့်တော်တို့အားလည်း ကိုယ်တော်က သူဌေးတစ်ဦး၌ရှိသောဘဏ္ဍာစိုးသည် သခင့်ဥစ္စာများကို အလွဲသုံးစားသည်ဟု စွဲဆိုချက်ရှိသောကြောင့်၊ သူဌေးခေါ်၍ သင့်အကြောင်းငါကြားရသည်ကားအသို့နည်း။ ဘဏ္ဍာစိုးရာထူးနှင့်ဆိုင်သောငွေစာရင်းကို ရှင်းပြလော့။ ဆက်လက်၍ ဘဏ္ဍာစိုးမလုပ်ရဟု ဆို၏။ ထိုအခါဘဏ္ဍာစိုးသည် ရာထူးကိုငါ့အရှင်ချမည်ဖြစ်၍ မည်သို့ငါပြုရအံ့နည်း။ တူးဆွရန်မစွမ်း၊ တောင်းစားရန်လည်းရှက်၏။ ငါ့ကိုရာထူးမှထုတ်လိုက်သည့်ကာလ အိမ်တွင်လက်ခံကြစေရန် မည်သို့ပြုရမည်ကိုအကြံရပြီဟု အောက်မေ့လျက်၊ အရှင်၏မြီစားတို့ကို တစ်ယောက်စီခေါ်၍ တစ်ယောက်အား ကျွန်ုပ်အရှင့်ထံသင်ဆပ်ရန်မည်မျှရှိသနည်းဟု မေးမြန်းရာ ဆီချိန်ခွက်နှစ်ထောင်ရှိပါသည်ဟု ပြန်ဆိုသော်၊ စာချုပ်ကိုယူပြီးလျှင် အမြန်ထိုင်လျက် ခွက်တစ်ထောင်ရေးတော့ဟူ၍လည်းေကာင်း၊ တစ်ယောက်အား သင်ဆပ်ရန်မည်မျှရှိသနည်းဟုမေးမြန်းရာ ဂျုံစပါးတင်းရေတစ်ထောင်ရှိပါသည်ဟု ပြန်ဆိုသော် စာချုပ်ကိုယူပြီးလျှင် ရှစ်ရာရေးတော့ဟူ၍လည်းေကာင်း ဆိုသတည်း။ ဤလောကသားတို့သည် လူမျိုးချင်းတို့နှင့်စပ်လျဉ်း၍ အလင်း၏သားတို့ထက်လိမ္မာကြသည့်အလျောက် လိမ္မာစွာပြုသော မဖြောင့်မတ်သူထိုဘဏ္ဍာစိုးကို သူ့အရှင်ချီးမွမ်းလေစွ။ သို့နှင့်အညီ သင်တို့အားငါဆိုသည်ကား မဖြောင့်မတ်ခြင်းဆိုင်ရာဓနအားဖြင့် မိတ်ဖွဲ့ကြလော့။ သို့မှ ထိုဓနကုန်ခန်းသော် သင်တို့ကိုထာဝရတည်းခိုရာများသို့ လက်ခံကြလိမ့်မည်။ 10 နည်းပါးရာ၌သစ္စာရှိသူသည် များပြားရာ၌သစ္စာရှိတတ်၏။ နည်းပါးရာ၌မဖြောင့်မတ်သူသည် များပြားရာ၌မဖြောင့်မတ်တတ်။ 11 ထိုကြောင့်မဖြောင့်မတ်သောဓနနှင့်စပ်လျဉ်း၍ သင်တို့သစ္စာမဲ့ခဲ့လျှင် မှန်သောဝတ္ထုကိုမည်သူအပ်နှံအံ့နည်း။ 12 သူတစ်ထူးတို့ ဝတ္ထုနှင့်စပ်လျဉ်း၍ သင်တို့သစ္စာမဲ့ခဲ့လျှင် သင်တို့ပိုင်ထိုက်ရာဝတ္ထုကို မည်သူပေးအံ့နည်း။ 13 တစ်ဦးကိုမုန်း၍တစ်ဦးကိုချစ်ခြင်း၊ တစ်ဦးကိုလိုက်နာ၍ တစ်ဦးကိုမလေးမြတ်ခြင်းမပြုဘဲ သခင်နှစ်ဦးထံ မည်သူမျှအစေမခံနိုင်သည့်နည်းတူ သင်တို့သည်ဘုရားသခင်၏အစေ၊ ဓန၏အစေနှစ်ရပ်ကိုမခံနိုင်ကြဟု မိန့်တော်မူ၏။
14 ထိုစကားအလုံးစုံကိုကြားသောငွေတပ်မက်သူဖာရိရှဲတို့ ပြက်ရယ်ပြုကြသော်၊ 15 ကိုယ်တော်က သင်တို့သည် လူတို့ရှေ့ဖြောင့်မတ်ဟန်ဆောင်ကြသော်လည်း စိတ်နှလုံးကိုဘုရားသခင် သိတော်မူ၏။ လူတို့တွင် မြင့်မြတ်သောအရာသည် ဘုရားသခင့်ရှေ့တော်၌စက်ဆုပ်ဖွယ်ဖြစ်၏။ 16 ပညတ္တိကျမ်းနှင့် ပရောဖက်ကျမ်းများသည် ယောဟန့်လက်ထက်တိုင်ရှိလျက် ထိုကာလကစ၍ ဘုရားသခင့်နိုင်ငံတော်ဆိုင်ရာ သတင်းတော်မြတ်ကို ကြားပြောသော် လူတိုင်းပင်အနိုင့်အထက်ဝင်သည်တကား။ 17 သို့ရာတွင် ပညတ္တိကျမ်းရှိဗိန္ဒုတစ်လုံးပျက်ရန်ထက် ကောင်းကင်နှင့်မြေကြီးပျောက်ပျက်ရန်လွယ်ကူ၏။ 18 မယားကိုကွာ၍ တစ်ပါးသောမိန်းမနှင့်အိမ်ထောင်ဘက်ပြုသူတိုင်း သူ့သားအိမ်ရာကိုပြစ်မှားသူဖြစ်၏။ လင်ကွာပြီးမိန်းမနှင့်အိမ်ထောင်ဘက်ပြုသူလည်း သူ့သားအိမ်ရာကိုပြစ်မှားသူဖြစ်၏။
19 သူဌေးတစ်ဦးသည် ကမ္ပလာနီနှင့်ပိတ်ချောကိုဝတ်ဆင်လျက် နေ့စဉ်ပျော်မွေ့စွာနေထိုင်ရာ အနာများစွာပေါက်သော၊ 20-21 လာဇရုခေါ်သူတောင်းစားတစ်ယောက်သည် ထိုသူဌေးစားပွဲမှကျသည့် အကြွင်းအကျန်ကိုစားလို၍ ဝင်းတံခါးအနီးချထားလေ့ရှိကြသော် ခွေးတို့ပင်လာ၍အနာများကို လျက်ရှာကြ၏။ 22 သူတောင်းစားသေလွန်ရာ အာဗြဟံ၏ရင်ခွင်သို့စေတမန်တော်တို့ပို့ဆောင်ကြ၏။ သူဌေးလည်းသေလွန်ရာ သင်္ဂြိုလ်ခံရ၏။ 23 သူဌေးသည် မရဏာ့နိုင်ငံတွင်ပြင်းပြစွာခံနေရသဖြင့် မြော်ကြည့်လျှင် အာဗြဟံကိုလည်းေကာင်း၊ ရင်ခွင်ရှိလာဇရုကိုလည်းေကာင်း အဝေးကမြင်သော်၊ 24 အိုအဘ အာဗြဟံ၊ အကျွန်ုပ်အားသနား၍ လာဇရုသည် လက်ဖျားကိုရေနှစ်ခဲ့ပြီးလျှင် အကျွန်ုပ်လျှာအေးအောင် ဆွတ်ရန်စေလွှတ်ပါ။ ဤမီးလျှံတွင် ပူပြင်းစွာခံနေရပါပြီဟု အော်ဟစ်လျှောက်ထားသည့်ကာလ၊ 25 အာဗြဟံက ငါ့သား၊ သင်အသက်ရှင်စဉ် ကိုယ်ပိုင်ကောင်းသောအရာများကိုခံစားခဲ့ရပြီ။ လာဇရုမူကား၊ မကောင်းသောအရာများကို ခံစားခဲ့ရကြောင်းသတိရလော့။ ယခုမှာ ဤအရပ်တွင်သူ၌ချမ်းသာ၏။ သင်၌ပူပြင်းစွာခံရ၏။ 26 ထိုမှတစ်ပါး ဤနေရာမှ သင်တို့ထံကူးလိုသူတို့မကူးနိုင်စေရန်လည်းေကာင်း၊ ထိုနေရာမှငါတို့ထံကူးလိုသူတို့မကူးနိုင်စေရန်လည်းကောင်း၊ ငါတို့နှင့်သင်တို့ကြားတွင် ချောက်ကြီးတည်လျက် ရှိသည်ဟုပြန်ဆို၏။ 27-28 သူဌေးကလည်း သို့ဖြစ်လျှင် အဘ၊ ဤဒုက္ခခံနေရာသို့ ညီအစ်ကိုငါးယောက်တို့မရောက်ကြစေရန် သက်သေအဖြစ် အကျွန်ုပ်ဘခင့်အိမ်သို့လာဇရုကိုစေလွှတ်ပါ။ တောင်းပန်ပါသည်ဟု လျှောက်သော်၊ 29 အာဗြဟံက သူတို့၌မောရှေနှင့်ပရောဖက်တို့ကျမ်းရှိ၏။ ထိုကျမ်းများကိုနာယူကြစေဟု ပြန်ဆိုသည့်ကာလ၊ 30 မဟုတ်ပါ အဘအာဗြဟံ၊ သူသေတို့အထဲမှတစ်ယောက်ယောက်သွားလျှင် နောင်တရကြပါလိမ့်မည်ဟုလျှောက်ရာ၊ 31 အာဗြဟံက မောရှေနှင့်ပရောဖက်တို့ကျမ်းများကိုမနာယူက သူသေတို့အထဲမှတစ်ယောက်ယောက်ရှင်ပြန် ထမြောက်သော်လည်း သဘောကျကြမည်မဟုတ်ဟူ၍ပြန်ဆိုသည်ဟု မိန့်တော်မူ၏။