4
ပရောဖက်ဂိုဏ်းသား၏ခင်ပွန်းဖြစ်သူတစ်ယောက်သည် ဧလိရှဲအား အရှင်သိတော်မူသည့်အတိုင်း ထာဝရဘုရားကိုခန့်ညားသူ၊ ကိုယ်တော့်ကျွန်၊ တပည့်တော်မ၏ခင်ပွန်းသေပြီးဖြစ်ရာ မြီရှင်သည် သားနှစ်ယောက်ကိုကျွန်စေစားရန် လာရောက်ပါပြီဟုအော်လျှောက်သော်၊ ဧလိရှဲက၊ သင့်အတွက်မည်သို့ပြုစေလိုသနည်း။ သင့်အိမ်တွင် ဘာရှိသနည်း။ ပြောလော့ဟုမေးလျှင် အရှင့်တပည့်တော်မအိမ်တွင် ဆီဘူးတစ်လုံးမှတစ်ပါး၊ မည်သည်မျှမရှိပါဟု လျှောက်ရာ၊ ပြန်လော့။ အိမ်နီးချင်းတို့ထံ၊ အိုးလွတ်အမြောက်အများကို ငှားယူပြီးလျှင် သင်နှင့်သားများပါ အိမ်သို့ဝင်၍ တံခါးပိတ်ပြီးမှ အိုးရှိသမျှတွင် ဆီငှဲ့လောင်းလျက် ပြည့်သောအိုးကိုရွှေ့ထားလော့ဟု မိန့်မှာသည့်အတိုင်း ထိုမိန်းမသွား၍ သားများနှင့်အတူ အိမ်သို့ဝင်လျက် တံခါးပိတ်ပြီးမှ သားတို့အပ်သောအိုးများတွင် ဆီငှဲ့လောင်း ၍ ပြည့်လျှင် အိုးပေးဦးလော့ဟု သားတစ်ယောက်အား တောင်းသော်၊ တစ်လုံးမျှမကျန်ပြီဟုပြန်ဆိုသည်နှင့် ဆီထွက်ရပ်လေ၏။ မိန်းမလည်း၊ ဘုရားသခင့်လူယုံတော်ထံသွားရောက်လျှောက်ကြားလျှင်၊ ထိုဆီကိုရောင်း၍ ကျွေးမြီကိုဆပ်ပြီးနောက် အကျန်ဖြင့် သားများပါ အသက်မွေးကြလော့ဟု မိန့်ဆိုလေ၏။
တစ်နေ့သ၌ ရှုနင်မြို့သို့ဧလိရှဲသွားရောက်ရာ မြို့ရှိဂုဏ်ကြီးသူ မိန်းမတစ်ယောက်သည် ဘုန်းပေး စေရန်ပင့်ဖိတ်သည်နှင့်အညီ ထိုမြို့သို့ရောက်တိုင်း ဘုန်းပေးရန်ဝင်လေ့ရှိ၏။ သို့ဖြစ်၍ ခင်ပွန်းအား ထိုမိန်းမက၊ ကျွန်မတို့အိမ်ကိုထွက်ဝင်သော ဤပုဂ္ဂိုလ်သည် ဘုရားသခင် ၏သန့်ရှင်းသူဖြစ်သည်ဟု ရိပ်မိပါပြီ။ 10 နံရံကာပြီးအဆောင်ငယ်တစ်ဆောင်ကို သူ့အဖို့ဆောက်လုပ်၍ ခုတင်၊ စားပွဲ၊ ထိုင်ခုံ၊ မီးခုံများကို ထားကြကုန်အံ့။ ရောက်သောအခါတိုင်း၊ ထိုအဆောင်တွင် သိတင်းသုံးလိမ့်မည်ဟုဆိုလေ၏။ 11 တစ်နေ့သ၌ ဧလိရှဲရောက်လာ၍ ထိုအဆောင်တွင် သိတင်းသုံးနေစဉ်၊ တပည့်ဂေဟာဇိအား 12 ဤရှုနင်မြို့သူ့ကိုခေါ်လော့ဟု မိန့်ဆိုသည့်အတိုင်း ခေါ်၍ ဧလိရှဲရှေ့ထိုမိန်းမရပ်နေလျှင် 13 ဧလိရှဲက၊ ငါတို့ကိုဤမျှလောက်ကြည်ညိုစွာသင်ပြုသည့်အတွက် မည်သို့တုံ့ဆပ်ရမည်နည်း။ ဘုရင်မင်းထံဖြစ်စေ၊ ဗိုလ်ချုပ်ထံဖြစ်စေ၊ ပြောစေလိုသလောဟူ၍ ဂေဟာဇိအား မေးစေရာ၊ မိန်းမက၊ တပည့်တော်မသည် ဆွေမျိုးဘောင်တွင်ရောင့်ရဲခွင့်ရရှိပါပြီဟုပြန်လျှောက်၏။ 14 ဤမိန်းမအဖို့မည်သို့ပြုသင့်သနည်းဟု ဧလိရှဲမေးပြန်သည်နှင့် ဂေဟာဇိက၊ ထိုမိန်းမ၌ သားသမီးမရှိ။ ခင်ပွန်းလည်းအိုမင်းလှပြီဟု လျှောက်လျှင် 15 တစ်ဖန် ခေါ်ဦးလော့ဟုဆိုသည့်အတိုင်း ခေါ်၍ တံခါးဝတွင် မိန်းမရပ်နေစဉ်၊ 16 ဧလိရှဲက၊ နောင်နှစ်ယခုသမယမိုးဦးကာလတွင် သားယောက်ျားကိုချီပိုက်ရလိမ့်မည်ဟုဆို သော်၊ မိန်းမက၊ အိုအရှင်၊ ဘုရားသခင့်လူယုံတော်၊ တပည့်တော်မအား မလှည့်စားပါနှင့်ဟု ပြန်လျှောက်လေ၏။ 17 ထိုမိန်းမသည် သန္ဓေတည်၍ နောင်နှစ်မိုးဦးကာလ ဧလိရှဲမိန့်ဆိုထားသောအခါတွင် သားယောက်ျားကိုဖွားမြင်လေ၏။ 18 တစ်နေ့သ၌ ထိုသူငယ်သည် သိတတ်သောအရွယ်ရောက်ပြီးနောက် ရိတ်သိမ်းသူတို့ရှိရာ ဖခင့်ထံသွားရောက်၍ ဦးခေါင်းကိုက်လှသည်ဟုပြောသော်၊ 19 ဖခင်က၊ မိခင့်ထံပို့လိုက်လော့ဟု ငယ်သားအားပြောသည့်အတိုင်း 20 မိခင့်ထံပို့လိုက်သောသူငယ်သည် မွန်းတည့်တိုင်အောင် မိခင့်ရင်ခွင်၌ရှိလျက် သေလေ၏။ 21 မိခင်သည် အိမ်ပေါ်သို့တက်ပြီးနောက် အလောင်းကိုဘုရားသခင့်လူယုံတော်၏ခုတင်ပေါ်တွင် သိပ်ထား၍ တံခါးပိတ်လျက် ထွက်သွားပြီးလျှင် 22 ခင်ပွန်းအား၊ ကျွန်မသည် ဘုရားသခင့်လူယုံတော်ရှိရာသို့ အလျင်သွား၍ပြန်နိုင်ရန် ငယ်သား တစ်ယောက်နှင့် မြည်းတစ်စီးကိုပေးပါလော့ဟု ဟစ်တောင်းသော်၊ 23 ခင်ပွန်းက၊ အဘယ်ကြောင့် ယနေ့သွားလိုသနည်း။ လဆန်းနေ့၊ ဥပုသ်နေ့မဟုတ်ပါတကားဟု ဆိုရာ သွားသင့်ပါသည်ဟုပြန်ပြော၏။ 24 မြည်းကိုကတင်ပြီးလျှင် ငယ်သားအား ငါအမိန့်မရှိဘဲ အသွားမနှေးစေလင့်။ 25 နှင်လော့ဟုမှာထားသည်နှင့် ခရီးသွား၍ ဘုရားသခင့်လူယုံတော်ရှိရာ ကရမေလတောင်သို့ ရောက်လေ၏။ အတော်ကွာကမြင်သောအခါ ဘုရားသခင့်လူယုံတော်က၊ ရှုနင်မြို့သူပါတကား။ 26 အမြန်သွား၍ ခရီးဦးကြိုဆိုလျက်၊ ကိုယ်တိုင်မာ၏လော။ ခင်ပွန်းမာ၏လော။ သူငယ်မာ၏ လောဟူ၍ တပည့်ဂေဟာဇိကိုမေးစေသည့်အတိုင်း မာပါသည်ဟုပြန်ဆို၏။ 27 ကရမေလတောင်ရှိ ဘုရားသခင့်လူယုံတော်ထံရောက်၍ ခြေကိုဖက်လျက်နေသော မိန်းမအား တွန်းဖယ်ရန် ဂေဟာဇိချဉ်းလာလျှင် ဘုရားသခင့်လူယုံတော်က ရှိစေတော့။ သူသည်စိတ်ပူပန်လေစွ။ ငါ့အားဖော်ပြတော်မမူဘဲ ဘုရားသခင်ထိန်ချန်လေပြီဟုဆို၏။ 28 မိန်းမကလည်း၊ အရှင့်ထံ တပည့်တော်မသည် သားဆုပန်ပါသလော။ မလှည့်ဖြားစေရန် လျှောက်ထားခဲ့သည်မဟုတ်ပါလောဟုဆိုလျှင် 29 ဂေဟာဇိအား၊ ဧလိရှဲက၊ ခါးစည်းလျက် ငါ့တောင်ဝေးကိုကိုင်လျက် တွေ့ကြုံသူတိုင်းနှင့် နှုတ်ဆက်ခြင်းတုံ့ပြန်ခြင်းမပြုဘဲ သွားပြီးလျှင်၊ ထိုတောင်ဝေးကို သူငယ့်မျက်နှာပေါ်တွင် တင်ထားလော့ဟု မိန့်မှာစဉ်၊ 30 သူငယ့်မိခင်က၊ ထာဝရဘုရားအသက်တော်နှင့် ကိုယ်တော့်အသက်ရှင်သည့်အတိုင်း အရှင်မပါက၊ တပည့်တော်မသွားမည်မဟုတ်ပါဟုလျှောက်သည်နှင့် ဧလိရှဲလိုက်သွားလေ၏။ 31 ဂေဟာဇိလည်း တင်ရင်သွား၍ သူငယ့်မျက်နှာပေါ်တွင် တောင်ဝေးကိုတင်ထားရာသူငယ် သည်မြွက်သံမပြု၊ အရေးမယူနေသောကြောင့် ခရီးဦးကြိုဆိုလျက် သူငယ်မနိုးပါဟုလျှောက်လေ၏။ 32 ဧလိရှဲသည် အိမ်သို့ရောက်သော် ကိုယ့်ခုတင်ပေါ်တွင် သူငယ်သေလျက် နေသည်ကိုတွေ့လျှင် 33 အဆောင်တွင်းသို့ဝင်၍ နှစ်ယောက်တည်းရှိစေရန် တံခါးပိတ်လျက်၊ ထာဝရဘုရားထံ တောင်းလျှောက်ပြီးနောက် 34 တက်၍သူငယ့်အပေါ်တွင် မှောက်လျက် နှုတ်ချင်း၊ မျက်စိချင်း၊ လက်ချင်းအပ်လျက် တုပ်ဝပ်နေ၏။ သူငယ့်အသားပူနွေးသော်၊ 35 အဆောင်တွင်းမှာ စင်္ကြံတစ်ခေါက်ဆင်းေလျှာက်ပြီးမှ တက်ပြန်၍သူငယ့်အပေါ်တွင် တုပ်ဝပ်သော်၊ သူငယ်သည် ခုနစ်ကြိမ်ချေဆတ်လျက် မျက်စိဖွင့်လေ၏။ 36 ဧလိရှဲလည်း ဂေဟာဇိအားခေါ်ပြီးလျှင် ဤရှုနင်မြို့သူ့ကိုခေါ်လော့ဟု မိန့်ဆိုသည့်အတိုင်း၊ ခေါ်ငင်လာရောက်ရာ ဧလိရှဲက၊ သင့်သားကိုပိုက်ပွေ့လော့ဟု မိန့်ဆိုလျှင် 37 မိန်းမသည် ဝင်၍၊ ပျပ်ဝပ်ရှိခိုးပြီးမှ သားကိုပိုက်လျက်ထွက်သွားလေ၏။
38 ပြည်တော်တွင် အစာခေါင်းပါးခြင်းကပ် သင့်သည့်ကာလ၊ ဧလိရှဲသည် ဂိလဂါလမြို့သို့ ပြန်ရောက်ပြီးနောက်သူ့ရှေ့တွင် ပရောဖက်ဂိုဏ်းသားတို့ ထိုင်နေကြသည်နှင့် ထိုဂိုဏ်းသားတို့အဖို့ ဖျဉ်းအိုးကြီးကိုတည်၍ ချက်ပြုတ်လော့ဟု တပည့်အားဆိုသောအခါ ဂိုဏ်းသားတစ်ယောက်သည် 39 ဟင်းသီးဟင်းရွက်ဆွတ်ခူးရန် တောသို့ဝင်သော်၊ တောနွယ်ပင်ကို တွေ့၍ မသိဘဲလျက် ထိုဘူးသီးကို ရင်ခွင်အပြည့်ဆွတ်ယူပြီးမှ ဖျဉ်းအိုးထဲသို့ခွဲစိတ်ထည့်သွင်းလေ၏။ 40 ခပ်လောင်းစားသောက်နေကြစဉ် အိုဘုရားသခင့်လူယုံတော်၊ ဖျဉ်းအိုးတွင်သေဘေးတွေ့ရပြီ တကားဟု အော်၍မစားဝံ့ဘဲနေကြရာ 41 ဧလိရှဲက၊ မုန့်ညက်ကိုယူခဲ့ဟုဆိုလျက် ဖျဉ်းအိုးတွင် ခတ်ပြီးလျှင် ထိုသူတို့စားသောက်ရန် ခပ်လောင်းဦးလော့ဟု ဆိုပြန်သော် ဖျဉ်းအိုး၌ဘေးကင်းလေ၏။
42 ထိုနောက် ဗာလရှလိရှမြို့သားတစ်ယောက်သည် အဦးမှည့်မုယောဆန်ဖြင့် လုပ်သောမုန့်လုံး နှစ်ဆယ်နှင့် ခြံထွက်သီးပြွတ်များကို လွယ်အိတ်တွင်ထည့်၍ ဘုရားသခင့်လူယုံတော်ထံ ဆက်ကပ် ရာ ဧလိရှဲက၊ ဤသူများကို ကျွေးလော့ဟုမိန့်ဆိုလျှင် 43 လူတစ်ရာကို ဤမျှလောက်နှင့်​ ကျွေးနိုင်အံ့လောဟု တပည့်လျှောက်သော်၊ ဧလိရှဲက၊ သူတို့ကို ကျွေးလော့။ ဝသည့်ပြင် ကျန်ကြွင်းလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူကြောင်း ဆင့်ဆိုသည့်အတိုင်း 44 ထည့်ကျွေး၍ စားသောက်ရာ ထာဝရဘုရားဗျာဒိတ်တော်နှင့်အညီ ကျန်ကြွင်းသေး၏။