25
နန်းစံကိုးနှစ်၊ ဒသမလ၊ ဆယ်ရက်တွင် ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာမင်းသည် အလုံးအရင်းပါ ယေရုရှလင်မြို့သို့ချီတက်၍ မြို့ပတ်လည်တွင် ကတုတ်လှန်ပြီးလျှင် ဇေဒကိမင်း နန်းစံဆယ့်တစ်နှစ်တိုင်အောင် တပ်စွဲဝိုင်းထားကြ၏။ စတုတ္ထလ၊ ကိုးရက်နေ့တိုင်ရောက်သော်၊ မြို့သူမြို့သားတို့အစာမဲ့မွတ်သိပ်၍ မြို့ရိုးလည်း ပေါက်သဖြင့် ညဉ့်အခါ ခါလဒဲစစ်တပ်ဝိုင်းထားလျက်ပင်၊ ဘုရင်မင်းနှင့်တကွ စစ်သားအပေါင်းတို့သည် ဥယျာဉ်တော့်အနီး၊ မြို့ရိုးနှစ်ထပ်ကြားမလွယ်တံခါးဖြင့်ထွက်၍ အရာဗာချိုင့်လမ်းသို့ ပြေးသွားကြရာ၊ ခါလဒဲတပ်သားတို့သည် ဘုရင်မင်းကိုလိုက်လံလျက် ယေရိခေါချိုင့်တွင် ဗိုလ်ထုကွဲပြားနှင့်သော ထိုဘုရင်မင်းကိုမီ၍ ဖမ်းဆီးပြီးလျှင်၊ ရိဗလမြို့ရှိဗာဗုလုန်ဘုရင့်ထံယူသွားသော်၊ စီရင်သည့်အတိုင်း သားတော်တို့ကို ခမည်းတော်မျက်မှောက်တွင်ပင် ကွပ်မျက်၍ ဇေဒကိမင်းကိုလည်း မျက်စိဖောက်ပြီးလျှင် ခြေချင်းစွဲလျက် ဗာဗုလုန်မြို့သို့ယူသွားကြ၏။ ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာမင်းနန်းစံဆယ့်ကိုးနှစ်၊ ပဥ္စမလ၊ ခုနစ်ရက်တွင် ဗာဗုလုန်ဘုရင်၏ ကျွန်ယုံ၊ ကိုယ့်ရံတော်မှူး၊ နေဗုဇာရဒန်သည် ယေရုရှလင်မြို့သို့ချီတက်၍ ဗိမာန်တော်၊ နန်းတော်မှစသော ယေရုရှလင်မြို့ရှိတိုက်ကြီး, အိမ်ကြီးဟူသမျှကို မီးတိုက်လေ၏။ 10 ကိုယ်ရံတော်မှူးနောက်ပါ ခါလဒဲဗိုလ်ထုတို့လည်း ယေရုရှလင်ပတ်လည်မြို့ရိုးကို ဖြိုဖျက် ကြပြီးလျှင် 11 မြို့တွင်း၌ကြွင်းကျန်သောမြို့သူမြို့သားတို့ကိုလည်းေကာင်း၊ ကိုယ့်ရံတော်မှူးနေဗုဇာရဒန်သည် သိမ်း သွားလျက် ဆင်းရဲသောပြည်သူပြည်သားတို့ကိုကား 12 လယ်ခြံလုပ်ကိုင်စေရန်ထားခဲ့၏။ 13 ဗိမာန်တော်ရှိကြေးတိုင်များ၊ ကြေးရေကန်၊ ကြေးအောက်ခံများကို ခါလဒဲလူမျိုးတို့ဖဲ့၍ ဗာဗုလုန်မြို့သို့ယူသွားကြ၏။ 14 အိုး၊ ကော်ပြား၊ မီးညှပ်၊ ခွက်မှစ၍ ဝတ်ပြုရာကြေးအသုံးအဆောင်များကိုယူလျက် 15 ရွှေတန်ဆာ၊ ငွေတန်ဆာတည်းဟူသော မီးကျီးခံ၊ အင်တုံများကိုလည်း၊ ကိုယ်ရံတော်မှူး ယူသွားလေ၏။ 16 ဗိမာန်တော်အဖို့ ရှောလမုန်မင်းလုပ်ခဲ့သော တိုင်နှစ်တိုင်၊ ​ရေကန်တစ်ကန်၊ အောက်ခံများ၏ ကြေးကိုကား မချိန်မတွယ်နိုင်ချေ။ 17 တိုင်မှာ အမြင့်ဆယ့်ရှစ်တောင်၊ ကေားတိုင်အုပ်အမြင့်သုံးတောင်တွင် ကြေးကွန်ချာနှင့် ကြေးသလဲသီးပုံများချယ်လှယ်၏။ ဒုတိယတိုင်လည်း၊ ကွန်ချာပါ၊ ထိုနည်းတူပင်တည်း။ 18 ကိုယ်ရံတော်မှူးသည် ပရောဟိတ်မင်းစရာယ၊ ဒုတိယပရောဟိတ် ဇေဖနိ၊ အထွက်အဝင် စောင့်ကြည့်ရသူသုံးယောက်တို့ကိုလည်းေကာင်း၊ စစ်သူရဲအုပ်မိန်းမစိုးတစ်ယောက်၊ 19 နောက်တွေ့မင်းတိုင်ပင်အမတ်ငါးယောက်၊ ပြည်တော်ဆိုင်ရာစစ်အမိန့်တော်ပြန်သံတော်ဆင့် တစ်ယောက်၊ နောက်တွေ့ပြည်သားခြောက်ဆယ်တို့ကိုလည်းေကာင်း၊ ဖမ်းဆီး၍ရိဗလမြို့ရှိ ဗာဗုလုန်ဘုရင့် ထံယူသွားရာ 20-21 ဟာမတ်ပြည်၊ ရိပလမြို့တွင် ဗာဗုလုန်ဘုရင်ကွပ်မျက်လေ၏။ ကိုယ့်ပြည်မှယုဒအမျိုး သုံ့ဘမ်းခံရခြင်းကား၊ ထိုသို့တည်း။ 22 ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာမင်းသည် ရှာဖန့်မြေး၊ အဟိကံ့သား၊ ဂေဒလိကို ချန်ထားခဲ့သော ယုဒပြည်သူပြည်သားတို့အပေါ်တွင် ခန့်ထားလေ၏။
23 တပ်မှူးဖြစ်သူ၊ နာသနိသားဣရှမေလ၊ ကာရာ့သားယောဟနန်၊ နေတောဖမြို့နေ တာနုမက်သားစရာယ၊ မာခါမြို့သားယေဇနိတို့သည် ဂေဒလိကိုဗာဗုလုန်ဘုရင်ခန့်ထားခဲ့ကြောင်းကြားသိလျှင် အပေါင်းပါတို့နှင့်တကွ မိဇပါမြို့ရှိဂေဒလိထံလာရောက်ကြရာ 24 ဂေဒလိက၊ ခါလဒဲစစ်သားတို့ကို မကြောက်ကြလင့်။ ဤပြည်တွင်နေလျက် ဗာဗုလုန် ဘုရင့်ထံ ကျွန်တော်မျိုးခံလျှင် ချမ်းသာရကြလိမ့်မည်ဟု ထိုသူတို့အား သစ္စာထားလျက်ပင် 25 သတ္တမလတွင် မင်းမျိုးမင်းနွယ်ဖြစ်သူ၊ ဧလိရှမာ့မြေး၊ နာသနိသား၊ ဣရှမေလသည် လူတစ်ကျိပ် နှင့်လာ၍ ဂေဒလိနှင့် မိဇပါမြို့ရှိအပေါင်းပါယုဒလူမျိုး၊ ခါလဒဲလူမျိုးတို့ကို လုပ်ကြံသတ်ဖြတ်ပြီးလျှင် 26 တပ်မှူးများမှစသော ပြည်သူပြည်သားလူကြီးလူငယ်ရှိသမျှသည် ခါလဒဲလူမျိုးကို ကြောက်ရွံ့ သောကြောင့် အိဂျစ်ပြည်သို့ပြေးဝင်ကြ၏။
27 ယုဒဘုရင်ယေခေါနိမင်းသိမ်းသွားခံရသောသုံးဆယ့်ခုနစ်နှစ်၊ ဒွါဒသမလ၊ နှစ်ဆယ့်ခုနစ်ရက်၌ ဗာဗုလုန်ဘုရင် ဧဝိလမေရောဒက်မင်းနန်းတက်၍ ထိုမင်းကိုကြေးတိုက်မှလွှတ်ပြီးလျှင် 28 ကောင်းမွန်စွာနှုတ်ခွန်းသလျက် လက်အောက်ခံဗာဗုလုန်မြို့ရှိ ဘုရင်တကာတို့ထက် နေရာတော်မြင်စေလေ၏။ 29 ယေခေါနိမင်းသည် ကြေးတိုက်အဝတ်ကိုလဲ၍ အသက်ထက်ဆုံးအထံတော်၌ ပွဲတော်စာကို အစဉ်စားသောက်ခွင့်ရ၏။ 30 အသက်ထက်ဆုံးပင် ပွဲတော်စာကို ဗာဗုလုန်ဘုရင်အစဉ်ကျွေးမွေးသတည်း။