8
1 ထိုနောက် ယောရှုအား ထာဝရဘုရားက၊ ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်းကင်းလျက်၊ စစ်သူရဲ အပေါင်းတို့ကိုခေါ်၍ အာဣမြို့သို့ထသွားလော့။ အာဣဘုရင်နှင့်လူသူ၊ မြို့နယ်၊ မြေများကို သင့် လက်တွင်းသို့ငါအပ်နှင်းပြီ။
2 ယေရိခေါဘုရင်နှင့် မြို့ကိုပြုသကဲ့သို့၊ အာဣဘုရင်နှင့်မြို့ကိုပြုရမည်။ လက်ရဥစ္စာ၊ တိရစ္ဆာန် များမှာ သင်တို့ပိုင်ဖြစ်ရမည်။ မြို့နောက်ဖေးတပ်ပုန်းချထားလော့ဟု မိန့်တော်မူသည့်အတိုင်း၊
3 အာဣမြို့သို့ယောရှုနှင့် စစ်သူရဲအပေါင်းတို့ ထွက်ချီစဉ်၊ ယောရှုသည် စစ်ခေါင်းမာသူသုံး သောင်းကို ရွေးကောက်၍ ညဉ့်ချင်းစေလွှတ်ရာ၊
4 ထိုမြို့ကိုတိုက်ရန် မဝေးမကွာဘဲ မြို့နောက်ေဖးတပ်ပုန်းချလျက်၊ ရှိသမျှအသင့်နေကြလော့။
5 ငါနှင့်နောက်ပါအပေါင်းတို့သည် မြို့သို့ချဉ်းကပ်သည့်ကာလ၊ ယမန်ကဲ့သို့စစ်တိုက်ရန် ထွက်လာ သူတို့ရှေ့ဆုတ်ဟန်ပြုသဖြင့်
6 ယမန်သို့ပင်ဆုတ်ပြေးကြပြီဟု ထင်မှတ်သောရန်သူတို့လည်း ဆုတ်ဟန်ပြုသောငါတို့ကို၊ ဝေးကွာသည့်တိုင်အောင် လိုက်လံကြသောအခါ
7 တပ်ပုန်းချရာမှထ၍ မြို့ကိုသိမ်းယူကြလော့။ သင်တို့ဘုရားသခင်ထာဝရဘုရားသည် လက်တွင်းသို့အပ်နှင်းတော်မူပါလိမ့်မည်။
8 အောင်မြင်ပြီးမှ တစ်မြို့လုံးမီးရှို့၍ ထာဝရဘုရားအမိန့်တော်အတိုင်း ပြုကြလော့။
9 ငါမိန့်မှာပြီဟုဆိုပြီးနောက်၊ ယောရှုစေလွှတ်သောတပ်သည် ချရာအရပ်သို့သွား၍ အာဣမြို့ အနောက်၊ ၎င်းမြို့နှင့်ဗေသလမြို့စပ်ကြားတွင်တပ်ပုန်းချကြ၏။ ယောရှုမူကား၊ ထိုညဉ့်တွင် တပ်မစားခန်း၌ နေရစ်၏။
10-11 ယောရှုသည် နံနက်အချိန်ထ၍၊ တပ်သားတို့ကို ကြည့်ရှုစစ်ဆေးပြီးမှ ဣသရေလလူကြီးတို့နှင့်တကွ၊ နောက်ပါစစ်သူရဲအပေါင်းတို့ရှေ့ဦးတည်လျက် အာဣမြို့ရင်ဆိုင်သို့ချီတက်ချဉ်းကပ်မိသော် အာဣမြို့မြောက်မျက်နှာ၊ ချိုင့်တစ်ဖက်တွင်စွဲရပ်ကြရာ၊
12 လူငါးထောင်ခန့်ကိုရွေးချယ်၍၊ အာဣမြို့အနောက်၊ ၎င်းမြို့နှင့်ဗေသလမြို့စပ်ကြားတွင် တပ်ပုန်းချစေ၏။
13 ထိုသို့မြောက်မျက်နှာတစ်တပ်လုံးကိုလည်းေကာင်း၊ အနောက်မျက်နှာတပ်ပုန်းကိုလည်းေကာင်း၊ ချထားပြီးမှ ယောရှုသည်ချိုင့်ထဲသို့ ညဉ့်ချင်းဆင်းချီလေ၏။
14 ထိုအခြင်းအရာကို အာဣဘုရင်သိမြင်လျှင်၊ ဘက်ပါမြို့သားအပေါင်းတို့နှင့်တကွ အသော့ထ ၍၊ မြို့နောက်ေဖး၌တပ်ပုန်းချသည်ကိုမသိဘဲ ဣသရေလတပ်ကို တိုက်ခိုက်ရန် စီမံထားသောအရာ ဗာချိုင့်သို့ချီထွက်ကြကုန်၏။
15 ယောရှုနှင့်ဣသရေလတစ်တပ်လုံးပါရှုံးဟန်ပြုလျက်၊ သဲကန္တာရလမ်းဖြင့် ဆုတ်ပြေးကြရာ၊
16-17 လိုက်လံရန်စုရုံးထားသောစစ်သားအပေါင်းတို့သည် အာဣမြို့၊ ဗေသလမြို့များတွင် တစ်ယောက်မျှမစောင့်ဘဲ၊ လှပ်ထား၍ ယောရှုနှင့်ဣသရေလတပ်ကို မြို့နှင့်ဝေးကွာစွာလိုက်လံကြ သတည်း။
18 ထိုအခါ ထာဝရဘုရားက၊ သင်ကိုင်သောလှံကို အာဣမြို့သို့ရွယ်လော့။ သင့်လက်သို့ငါအပ်မည် ဟု ယောရှုအားမိန့်တော်မူသည့်အတိုင်း၊ ကိုင်သောလှံကို မြို့သို့ယောရှုရွယ်သည်နှင့်တစ်ပြိုင်နက်
19 တပ်ပုန်းသည်ချရာအရပ်မှအသော့ထ၍၊ မြို့ကိုပြေးဝင်သိမ်းယူပြီးလျှင်၊ ရုတ်ခြင်းမီးတိုက်ကြ၏။
20-21 အာဣစစ်သားတို့လှည့်ကြည့်၍ မြို့မှကောင်းကင်သို့မီးခိုးတက်သည်ကိုမြင်ကြလျှင်၊ လက်လျော့သည်နှင့် ဝဲယာသို့မဆုတ်မပြေးနိုင်သည့်အတွင်း မြို့ကိုတပ်ပုန်းသိမ်းယူသည်ကိုလည်းေကာင်း၊ မြို့မှ မီးခိုးတက်သည်ကိုလည်းေကာင်း၊ သဲကန္တာရလမ်းဖြင့်ဆုတ်ခဲ့သောယောရှုနှင့် ဣသရေလ တစ်တပ်လုံးမြင်ကြ သော်၊ လိုက်လံသူအာဣစစ်သားတို့ကို ပြန်လှည့်လုပ်ကြံကြရာ၊
22 မြို့စီးတပ်လည်း မြို့တွင်းမှထွက်၍၊ ရှေ့၊ နောက်၊ ဣသရေလစစ်သားတို့ညှပ်မိသော ရန်သူတို့ ကို၊ တစ်ယောက်မျှထွက်လွတ်ကြွင်းကျန်မရှိ၊ လုပ်ကြံကြ၏။
23 အာဣဘုရင်ကိုကား လက်ရဘမ်း၍၊ ယောရှုထံယူသွားကြ၏။
24 ဣသရေလတပ်သားတို့သည် သဲကန္တာရသို့လိုက်လံသောအာဣမြို့သားတို့ကို စစ်မြေပြင်တွင်ပင်၊ အကုန်အစင်ကျဆုံးသည့်တိုင်အောင်၊ ဓားဘေးသင့်စေပြီးမှ အာဣမြို့သို့တစ်တပ်လုံးပြန်ဝင်၍ ဓားဘေးသင့်စေသဖြင့်၊
25 ယောက်ျား မိန်းမတစ်သောင်း နှစ်ထောင်ရှိသော အာဣမြို့လုံးကျွတ် နေ့ချင်းကျဆုံးကြသည်မှာ၊
26 အာဣမြို့သူမြို့သားတို့ကို မြေလှန်၍ မကုန်မချင်း၊ လှံရွယ်သောလက်ကို ယောရှုမရုပ်မသိမ်း သောကြောင့်တည်း။
27 လက်ရဥစ္စာ၊ တိရစ္ဆာန်များမှာမူ ယောရှုအား ထာဝရဘုရားထားသောအမိန့်တော်အတိုင်း၊ ဣသရေလစစ်သားတို့အပိုင်ရကြ၏။
28 ယောရှုသည် အာဣမြို့ကို ထိုသို့မီးတိုက်၍ ယနေ့တိုင်အစဉ်ဆိတ်ညံရာမြို့ဆိုးကုန်းဖြစ်စေ၏။
29 အာဣဘုရင်ကိုမူကား၊ ညဉ့်ဦးတိုင်ကားတင်ပြီးလျှင်၊ ယောရှုအမိန့်အတိုင်း၊ နေဝင်ချိန်တွင် အလောင်းကိုဖြုတ်၍ မြို့တံခါးဝ၌ ချထားပြီးမှ ယနေ့တိုင်တည်ရှိသောကျောက်ပုံကြီးကို အလောင်း ထက်ပုံထားကြ၏။
30-31 ထိုနောက် ယောရှုသည် မောရှေ့ပညတ္တိကျမ်းချက်အရ ဣသရေလအမျိုးသားတို့အား ထာဝရဘုရား၏ကျွန်တော်ရင်း မောရှေမှာထားခဲ့သည့်အတိုင်း စို့ဖြင့်မဆစ်သော ကျောက်များနှင့် ဣသရေလလူမျိုး၏ဘုရားသခင်ထာဝရဘုရားအား ပူဇော်ရန်ပလ္လင်တော်ကို ဧဗလတောင်၌တည်ပြီး လျှင်၊ မီးရှို့ရာသက္ကာ၊ မိတ်သဟာယသက္ကာများကို ထာဝရဘုရားထံ ဆက်ကပ်ပူဇော်ကြ၏။
32 ထိုကျောက်ထက်၌လည်း မောရှေပညတ်တရားကို ဣသရေလအမျိုးသားတို့ရှေ့၊ ယောရှုကူး၍ အက္ခရာတင်လေ၏။
33 ဣသရေလတစ်မျိုးလုံး၊ လူကြီး၊ ဗိုလ်မှူး၊ တရားသူကြီး၊ အမျိုးစစ်၊ ဝင်နေကပ်ပါးတို့ပါ ထာဝရ ဘုရား၏ပဋိညာဉ်တော်သေတ္တာကို ပင့်ဆောင်သူလေဝိဂိုဏ်းသား ပရောဟိတ်တို့ရှေ့၊ သေတ္တာတော်ဝဲ ယာ၌ တစ်ဝက်ကား ဂေရဇိမ်တောင်၊ တစ်ဝက်ကား ဧဗလတောင်အနီးရပ်နေကြစဉ်၊ ဣသရေလလူမျိုး အား ဦးစွာမင်္ဂလာပေးရမည်ဟု ထာဝရဘုရား၏ ကျွန်တော်ရင်းမောရှေမှာထားခဲ့သည့်အတိုင်း ပေးပြီးမှ
34 ပညတ္တိကျမ်းတွင်ပါရှိသောမင်္ဂလာ အမင်္ဂလာစကားများနှင့် ပညတ်တရားချက်အလုံးစုံကို ဖတ်ရွတ်လေ၏။
35 ဣသရေလူပရိသတ်၊ မိန်းမ၊ သားသမီး၊ ဝင်နေကပ်ပါးတို့ရှေ့၊ မောရှေမှာထားခဲ့သမျှအနက် ယောရှုမဖတ်မရွတ်သောအချက်တစ်ချက်မျှမရှိချေ။