6
အိုဗင်္ယာမိန်နွယ်သားတို့၊ မြောက်ပိုင်းမှပယ်ရှားဖျက်ဆီးအံ့သော ဘေးဆိုးစီးကြည့်သောကြောင့်၊ ယေရုရှလင်မြို့တွင်းကထွက်ပြေး၍၊ ဘေးလွတ်ရာရှာကြလော့။ တေကော မြို့၌တံပိုးမှုတ်လျက်၊ ဗေသက္ကရင်တောင်ပေါ်၌ နှိုးဆော်လံမြှောက်ပြကြလော့။ တင့်တယ်နူးညံ့သောသတို့သမီးဇိအုန်ကို၊ ငါပယ်ရှားမည်။
သိုးထိန်းတို့သည် သိုးအုပ်များပါချီလာလျက်၊ ပတ်ဝန်းကျင်၌ တဲရှင်များကိုစိုက်ပြီးလျှင်၊ ခြေချရာအရပ်တွင်၊ အသီးအသီးတို့ထိန်းကျောင်းနေကြရာ၊ ထိုမြို့တစ်ဘက်စစ်ရေးခင်းကျင်းလျက်၊ မွန်းတည့်အချိန်ချီတက်ကြကုန်အံ့ဟူ၍လည်း‌ေကာင်း၊ မွန်းလွဲ၍ညနေရောက်ပြီ။ အရိပ်ရှည်လေစွဟူ၍လည်း‌ေကာင်း၊ ညဉ့်အချိန်ချီတက်လျက်၊ နန်းတော်များကိုဖျက်ဆီးကြကုန်အံ့ဟူ၍လည်း‌ေကာင်း၊ တိုင်ပင်ကြလိမ့်မည်။ အသို့ကြောင့်ဆိုသော်၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားက၊ သစ်ပင်များကိုခုတ်လှဲ၍ ယေရုရှလင်မြို့တစ်ဖက်ကတုတ်လုပ်ကြလော့။ ထိုမြို့သည် ညှဉ်းပန်းခြင်းနှင့်ပြည့်လျက်၊ အစီအရင်ခံထိုက်ပေ၏။ တွင်း၌ရေစိမ့်ထွက်သည့်နည်းတူ၊ ထိုမြို့၌ဆိုးသွမ်းခြင်းစိမ့်ထွက်၏။ ကြမ်းကြုတ်မှု၊ အဓမ္မမှုသတင်းကိုကြားရလျက်၊ ရိုက်နှက်နာ၊ ထိုးခုတ်နာကို ငါအစဉ်ရှုမြင်ရ၏။ အိုယေရုရှလင်မြို့၊ ငါသည် သင်နှင့်မကွာစေရန်လည်း‌ေကာင်း၊ သင့်ကိုနေသူမဲ့ဖုန်းဆိုးကုန်းမဖြစ်စေရန်လည်း‌ေကာင်း၊ အဆုံးအမကိုနာယူလော့ဟုမိန့်တော်မူသောကြောင့်တည်း။
ဗိုလ်ခြေတို့အရှင်ထာဝရဘုရားက၊ ဣသရေလအကြွင်းအကျန်ကို၊ စပျစ်သီးသဖွယ် ကောက်သင်းကောက်ကြလိမ့်မည်ဟူ၍လည်း‌ေကာင်း၊ အသီးဆွတ်သူကဲ့သို့အနွယ်များအတွင်း၊ သင့်လက်ဖြင့်ထပ်မံဆွတ်ဦးလော့ဟူ၍လည်း‌ေကာင်း၊ မိန့်တော်မူ၏။ 10 ငါသည်ဆင့်ဆိုတိုက်တွန်းလျှင်၊ မည်သူနာခံအံ့နည်း။ ချင်းတို့နားသည် လှီးဖြတ်ခြင်းမင်္ဂလာမခံသဖြင့်၊ မနာခံနိုင်။ ထာဝရဘုရား၏ဗျာဒိတ်တော်ကိုမွေ့လျော်ရာမဟုတ်၊ ကဲ့ရဲ့ရာဟုမှတ်ကြ၏။ 11 ငါသည်ထာဝရဘုရား၏အမျက်တော်နှင့်ပြည့်လျက်၊ မချိမဆံ့ပန်းလှပြီဖြစ်ရကား။ ထာဝရဘုရားက၊ လမ်းရှိသူငယ်တို့နှင့် စုရုံးသောလူပျိုတို့အပေါ်သို့သွန်းလောင်းလော့။ ယောက်ျားနှင့်မိန်းမကိုလည်း‌ေကာင်း၊ အိုမင်းသူနှင့်ကြီးရင့်သူ့ကိုလည်း‌ေကာင်း၊ သုံ့ပန်းမည်ဖြစ်၍၊ 12 အိမ်၊ လယ်ယာ၊ မယားပါ၊ သူတစ်ပါးတို့အားလွှဲအပ်ခံကြရလတ္တံ့။ ပြည်သူပြည်သားတို့အပေါ်တွင် လက်ရုံးတော်ကိုငါဆန့်တန်းမည်။ 13 လူကြီးလူငယ်အပေါင်းတို့သည် လောဘကြီး၍၊ ပရောဖက်နှင့်ပရောဟိတ်တို့လည်း ပရိယာယ်ပြုလျက်၊ 14 မချမ်းသာသည့်ကာလ၊ ချမ်းသာ၊ ချမ်းသာသည်ဟုဆိုလေ့ရှိသည်နှင့် ငါ့လူမျိုးတော့်အနာကို ပေါ့ပေါ့ဆဆကုကြ၏။ 15 ရှက်ကြောက်ခြင်း၊ မျက်နှာပျက်ခြင်းကင်းလျက်နေကြသော်လည်း၊ အစီအရင်ငါလာသည့်ကာလ၊ ရွံ့ရှာဖွယ်ပြုလုပ်ကြသည့်အလျောက်၊ အရှက်ရသည့်ပြင်၊ ပြိုလဲသောသူတို့တွင်တိုက်မိ၍ ပြိုလဲကြလတ္တံ့ဟု၊ ထာဝရဘုရားမိန့်တော်မူ၏။
16 ထာဝရဘုရားဗျာဒိတ်တော်မှာ၊ လမ်းဆုံ၌ရပ်နေ၍၊ လမ်းဟောင်းဖြစ်သောလမ်းကောင်းများကို မြော်မြင်မေးမြန်းလျက်၊ လိုက်လျှောက်ကြလော့။ အသက်ချမ်းသာရာကိုသင်တို့တွေ့ကြလိမ့်မည်ဟု ငါမိန့်ဆိုသော်လည်း၊ မလိုက်မလျှောက်ဟု ထိုသူတို့ငြင်းဆိုကြ၏။ 17 တံပိုးမှုတ်သံကိုနားထောင်ကြလော့ဟုဆိုလျက်၊ သင်တို့အပေါ်တွင် မြို့စောင့်များကိုငါခန့်ထားသော်လည်း၊ နားမထောင်ဟုငြင်းဆိုကြ၏။ 18 အိုလူမျိုးခြားပရိသတ်တို့၊ ထိုသူတို့၌ဖြစ်ပျက်မည့်အရာကို ကြားနာသိမှတ်ကြလော့။ 19 အိုမြေပထဝီကြားနာလော့။ ငါ့ပညတ်တရားငြင်းပယ်၍၊ ​ဗျာဒိတ်တော်ကိုမနာခံသော ဤလူမျိုးအပေါ်တွင်၊ ၎င်းတို့အကြံအစည်၏အကျိုးဆက်ဘေးကို ငါသင့်စေမည်။ 20 ရှေဘပြည်မှဆောင်လာသောလောဗန်စေး၊ ဝေးကွာရာပြည်မှဆောင်လာသောနံ့သာပင်အထူးအမြတ်သည်၊ ငါ၌မည်သို့အကျိုးရှိသနည်း။ ငါသည်သင်တို့၏မီးရှို့ ရာသက္ကာ၊ မိသဟာယယဇ်များကို၊ လက်မခံ၊ မနှစ်သက်ချေ။ 21 သို့ဖြစ်၍၊ ဤလူမျိုးရှေ့တွင်၊ ခလုတ်များကိုငါထားသဖြင့်၊ အဘနှင့်သား၊ အပေါင်းအဖော်များသည်၊ အတူတကွတိုက်မိ၍၊ ပျက်စီးကြလတ္တံ့ဟု၊ ငါထာဝရဘုရားမိန့်ဆိုသည်ဟူ၍တည်း။
22 တန်ခိုးကြီးသောလူမျိုးသည်၊ နှိုးဆော်တော်မူခြင်းခံလျက်၊ မြောက်ပြည်မြေစွန်းမှချီလာ၍၊ 23 ရက်စက်သောသဘော၊ ကရုဏာကင်းသောသဘောရှိသည့်အလျောက်၊ လေး၊ လှံလက်နက်စွဲကိုင်လျက်၊ လှိုင်းတံပိုးသံသဖွယ်မြင်းအလုံးအရင်းစီးလာကြရာ၊ သတို့သမီးဇိအုန်ဖြစ်သော သင့်ကိုစစ်တိုက်ကြရန်၊ သူရဲကောင်းဘာဝ၊ အသီးအသီးတို့ခင်းကျင်းကြသည်တကားဟု၊ ထာဝရဘုရားမိန့်တော်မူ၏။ 24 ငါတို့သည်ထိုလူမျိုးသတင်းကိုကြား၍ လက်လျော့ကြပြီ။ မီးဖွားသောမိန်းမကဲ့သို့ ဝေဒနာခံစား၍နာကျင်လှပါပြီ။ 25-26 အိုငါ့အမျိုးသားသတို့သမီး၊ အဘက်ဘက်ကကြောက်လန့်ဖွယ်ရန်သူတို့ဓားဘေးသင့်ရောက်သဖြင့်၊ မြို့ပြင်သို့မထွက်နှင့်။ လမ်းလည်းမလျှောက်နှင့်။ လျှော်တေဝတ်ခြင်း၊ ပြာလူးခြင်းများဖြင့် ဧကပုတ္တသားကိုလွမ်းဆွတ်သကဲ့သို့၊ သည်းစွာမြည်တမ်းညည်းတွားလော့။ ဖျက်ဆီးအံ့သောရန်သူတို့သည်၊ ရှောင်တခင်ရောက်လိမ့်တကား။
27 ငါ့လူမျိုး၏အလေ့အလာကိုစံချ၍ သိကျွမ်းအံ့သောငှာ၊ အကဲခတ်စံကိုင်အဖြစ်၊ သင့်ကိုငါထားခဲ့ပြီ။ 28 ထိုသူအပေါင်းတို့သည် ခက်ထန်ခဲယဉ်းသူ၊ လှည့်လည်ကုန်းချောသူ၊ ဖောက်ပြန်သူဖြစ်သည့်အလျောက်၊ ကြေး၊ သံမျှသာတည်း။ 29 ဖို၌မီးပြင်းထိုး၍ ချွတ်မြဲချွတ်သော်လည်း၊ ခဲကုန်ရုံမှတစ်ပါး၊ ထိုလူဆိုးတို့ကိုပယ်ရာမရောက်သောကြောင့် အချည်းနှီးဖြစ်၏။ 30 ငါထာဝရဘုရားစွန့်ပယ်သည့်အလျောက်ပယ်ပြီးငွေဟု ထိုလူဆိုးတို့ကိုခေါ်ဝေါ်ကြလတ္တံ့။