5
ယေရုရှလင်မြို့ရှိလမ်းမလမ်းကြားများ၌၊ ခေါက်တုံ့ခေါက်ပြန်သွားကြလော့။ တရားစောင့်၍ သစ္စာတည်သူတစ်စုံတစ်ယောက်ကို၊ လိုက်ရှာတွေ့မြင်သိမှတ်လျှင်၊ ထိုမြို့ကိုငါချမ်းသာပေးမည်။ ထာဝရဘုရား၏အသက်တော်ကိုတိုင်တည်လျက် သစ္စာဆိုသော်လည်း၊ မုသာသုံးကြ၏။
အိုထာဝရဘုရား၊ ကိုယ်တော်သည်သစ္စာစောင့်ခြင်းကို အာရုံပြုတော်မူသည်မဟုတ်ပါလော။ ထိုသူတို့ကို ကိုယ်တော်ဒဏ်ခတ်သော်လည်း၊ စိတ်မညှိုးမငယ်၊ ဖျက်ဆီးတော်မူသော်လည်း၊ အဆုံးအမကိုမနာမယူချေ။ ကျောက်ခဲသဖွယ်မျက်နှာပြောင်တိုက်၍၊ မပြန်မလာဟုငြင်းဆိုကြပါ၏။ သို့ဖြစ်၍ ငါက၊ ဤသူတို့သည်မိုက်မဲသောဆင်းရဲသားမျှသာဖြစ်ကြပါ၏။ ထာဝရဘုရားနည်းလမ်းတော်၊ ကိုယ့်ဘုရားသခင်၏ တရားတော်ကိုမသိကြလေစွ။ ထာဝရဘုရား၏နည်းလမ်းတော်၊ ကိုယ့်ဘုရားသခင်၏တရားတော်ကိုသိကျွမ်းသောလူကြီးတို့ရှိရာသို့ သွား၍ နှီးနှောအံ့ဟုအောက်မေ့ရာ၊ ထိုသူတို့သည် ထမ်းပိုး ချိုးခြင်း၊ ဖွဲ့ကြိုးဖြတ်ခြင်းများကိုတစ်ပြိုင်နက်ပြုနှင့်ကြကြောင်းငါတွေ့၏။ သို့နှင့်အညီ ၎င်းတို့ပုန်ကန်မှုများပြားလျက်၊ ဖောက်ပြန်မှုတိုးပွားသည့်အတွက်၊ တောရှိခြင်္သေ့သတ်ဖြတ်ခြင်း၊ လွင်ပြင်နေဝံပုလွေဖျက်ဆီးခြင်းပြုလျက်၊ ကျားသစ်သည်၊ မြို့ရွာပြင်မှ ချောင်းမြောင်း၍၊ ထွက်သူတိုင်းကို ကိုက်စားလိမ့်မည်။ ထာဝရဘုရားက၊ ငါသည်မည်သို့ချမ်းသာပေးနိုင်သနည်း။ သင့်သားသမီးတို့သည် ငါ့ကိုစွန့်ပယ်လျက်၊ အတုဘုရားများကိုတိုင်တည်၍ သစ္စာဆိုခဲ့ကြလေပြီ။ တင်းတိမ်အောင်ငါတိုက်ကျွေးပြီးမှ၊ ထိုသူတို့သည်မှားယွင်းလျက် ပြည့်တန်ဆာအိမ်၌မြောက်ြမားစွာစည်းဝေးကြကုန်၏။ စားပြီးသောမြင်းလားသဖွယ်၊ အသီးအသီးတို့သည်၊ သူတစ်ပါး၏မယားကိုဟီလျက်တပ်မက်ကြ၏။ ထိုအမှုများကြောင့်၊ ငါမစီရင်အပ်သလော။ ထိုသို့သောလူမျိုးကို၊ ငါလက်စားမချေအပ်သလောဟုမိန့်တော်မူ၏။
10 ထိုလူမျိုး၏စည်းရိုးများကိုတက်ကျော်၍၊ ကုန်ဆုံးအောင်မပြုဘဲဖျက်ဆီးလျက်၊ ထာဝရဘုရားပိုင်တော်မမူရာ အခက်အလက်များကိုပယ်ရှင်းကြလော့။ 11 ဣသရေလအမျိုးသားနှင့် ယုဒအမျိုးသားတို့သည် ငါ့အားမုချသစ္စာဖျက်သည်ဟု၊ ထာဝရဘုရားမိန့်တော်မူ၏။ 12 ထာဝရဘုရားကိုကျိုးနွံဟန်ဆောင်သောသူတို့က၊ ကိုယ်တော်သည် စီရင်တော်မမူ။ ဘေးသင့်ရောက်မည်မဟုတ်။ သတ္တန္တရကပ်၊ ဒုဗ္ဘိက္ခန္တရကပ်ကိုတွေ့ကြတော့မည် မဟုတ်။ 13 ပရောဖက်တို့သည် ဗျာဒိတ်တော်ကိုမခံ၊ လေသက်သက်ဖြစ်ကြ၏။ ထိုဒုက္ခကိုသူတို့ခံကြရပါစေသောဟု ဆိုလေ့ရှိ၏။ 14 သို့ဖြစ်၍၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားသခင်မိန့်တော်မူသည်မှာ ထိုသို့ဆိုလေ့ရှိသောကြောင့်၊ ထင်းသဖွယ်ငါဖြစ်စေသော ဤလူမျိုးကို၊ မီးသဖွယ်သင့်နှုတ်၌ ငါထည့်သွင်းသောဗျာဒိတ်တော်သည် ကျွမ်းလောင်လိမ့်မည်။ 15 အိုဣသရေလအမျိုးသားတို့၊ ငါထာဝရဘုရားအမိန့်အတိုင်း၊ ရှေးကာလအဆက်မပြတ်သောလူမျိုး၊ သင်တို့မကြား၊ နားမလည်သည့်ဘာသာစကားသုံးသောလူမျိုးကို ဝေးကွာရာမှ သင်တို့တစ်ဘက်သို့ငါခေါ်ဆောင်၏။ 16 ၎င်းတို့၏မြှားကျည်တောက်သည် ပွင့်လျက်နေသောသင်္ချၖိုင်းဂူ၊ အသီးအသီးတို့သည် သူရဲကောင်း၊ ဖြစ်သဖြင့်၊ 17 သင်တို့သားသမီးများစားအပ်ေသာ၊ ရိတ်သိမ်းပြီးခဲဖွယ်ကိုလည်း‌ေကာင်း၊ နွား၊ သိုး၊ ဆိတ်များကိုလည်း‌ေကာင်း၊ စပျစ်၊ သဖန်းအသီးကိုလည်း‌ေကာင်း၊ မျိုစားသည့်ပြင်၊ သင်တို့အားကိုးရာခံမြို့ များကိုလည်း၊ ဓားဖြင့်ဖြိုချကြလိမ့်မည်။ 18 သို့ရာတွင်၊ ငါထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ သင်တို့ကိုထိုကာလ၌ပင်၊ ကုန်ဆုံးအောင်ငါစီရင်မည်မဟုတ်။ 19 ဤအရေးအရာရှိသမျှကို၊ ငါတို့ဘုရားသခင်ထာဝရဘုရားသည် အဘယ့်ကြောင့်စီရင်တော်မူသနည်းဟုမေးမြန်းကြလျှင်၊ နေပြည်တွင်၊ ငါ့ကိုစွန့်ပယ်လျက် ခြားနားသောဘုရားများအမှုကိုဆောင်ရွက်သည့်နည်းတူ၊ သင်တို့မပိုင်သောပြည်တွင်လည်း၊ မျိုးခြားမင်းတို့အမှုကိုထမ်းကြရမည့်အကြောင်း ဆင့်ဆိုလော့ဟု မိန့်တော်မူ၏။
20 ယာကုပ်အမျိုးသားတို့အားလည်း‌ေကာင်း၊ ယုဒပြည်တွင်လည်း‌ေကာင်း၊ ဖော်ပြကြော်ငြာကြရမည်မှာ၊ 21 မျက်စိရှိလျက်မမြင်၊ နားရှိလျက်မကြား၊ ဉာဏ်ကင်း၍မိုက်မဲသောအိုလူမျိုး၊ ဤစကားကိုနားထောင်ကြလော့။ 22 လှိုင်းတံပိုးခတ်သော်လည်းမနိုင်။ ဟုန်းသံပြုသော်လည်းမကျော်ရသည့်တိုင်အောင်၊ ထာဝရပြဋ္ဌာန်းချက်အလျောက်၊ သမုဒ္ဒရာလွန်၍မရသောနယ်နိမိတ်အဖြစ်၊ သဲပြင်ကိုသတ်မှတ်သောငါ့အားခန့်ညားလျက်၊ မျက်မှောက်တော်တွင်တုန်လှုပ်ကြရမည်မဟုတ်လောဟု၊ ငါထာဝရဘုရားမေးလေ၏။ 23 ဤလူမျိုးမှာမူ ခဲယဉ်းတော်လှန်သောစိတ်ရှိသည်နှင့် လမ်းလွဲ၍ မှောက်မှားကြကုန်၏။ 24 ရာသီအလျောက်မိုးဦး၊ မိုးနှောင်းကိုရွာစေလျက်၊ ရိတ်သိမ်းမြဲကာလသတင်းကိုစီမံတော်မူသော၊ ငါတို့ဘုရားသခင်ထာဝရဘုရားအား ခန့်ညားကြကုန်အံ့ဟု မအောက်မေ့ကြလေစွ။ 25 သင်တို့ဒုစရိုက်များကြောင့်၊ ထိုဆုကျေးဇူးများပယ်ပလျက်၊ ပြစ်မှုများကြောင့်၊ စည်းစိမ်ချမ်းသာကန့်ကွက်လျက်ရှိ၏။ 26 ငါ့လူမျိုးတော်တွင် ငုံ့ကြည့်သောငှက်ခတ်သမားတို့ကဲ့သို့ချောင်းမြောင်းလျက်၊ လူကိုဖမ်းမိရန်ထောင်ချောက်ကိုချထားသောလူဆိုးတို့ပါရှိသည်တကား။ 27 ငှက်အပြည့်ရှိသောလှောင်အိမ်သဖွယ်၊ သူတို့အိမ်များသည် လှည့်စားခြင်းအမြတ်နှင့်ပြည့်သဖြင့်၊ ကြွယ်ဝသူ၊ တန်ခိုးကြီးသူဖြစ်ကြလေပြီ။ 28 သူတို့သည်သားရေပြောင်၍ဆူဖြိုးလျက်၊ ဆိုးသွမ်းမှုများကို၊ အတိုင်းအထက်ပြုလေ့ရှိ၏။ ဖသက်ဆိုးတို့၏ အမှုနိုင်အောင်လဲလျှောက်ခြင်း၊ နွမ်းပါးသူတို့အမှုကို တရားအတိုင်းစီရင်ခြင်းမပြုချေ။ 29 ငါထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ ထိုအမှုများကြောင့်၊ ငါမစီရင်အပ်သလော။ ထိုသို့သောလူမျိုးကို၊ ငါလက်စားမချေအပ်သလော။ 30 ဤပြည်တွင် အံဖွယ်သရဲ၊ စက်ဆုပ်ဖွယ်ရာပေါ်ပေါက်လေပြီ။ 31 ပရောဖက်တို့ပရိယာယ်ပြု၍ ဟောပြောကြသည့်အတိုင်း၊ ပရောဟိတ်တို့အုပ်စိုးခြင်းကို၊ လူမျိုးတော်သည် သဘောကျသည်တကား။ နောင်အကျိုးဆက်မှာ၊ မည်သို့ဖြစ်အံ့နည်းဟုကြော်ငြာကြလော့။