39
1-2 ယုဒဘုရင်ဇေဒကိမင်းနန်းစံကိုးနှစ်ဒသမလတွင်၊ ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာမင်းသည်၊ အလုံးအရင်းပါ၊ ယေရုရှလင်မြို့ကိုချီတက်၍ဝိုင်းထားသည်နှင့် ဇေဒကိမင်း နန်းစံဆယ့်တစ်နှစ်စတုတ္ထလကိုးရက်နေ့တိုင်ရောက်သော် မြို့ရိုးပေါက်၍ မြို့ကိုလည်းသိမ်းယူပြီးလျှင်၊ နေရဂါလရှရေဇာ၊ သံဂါနေဗော၊ ရာဗသာရိပ်ဘွဲ့ခံ စာသခိမ်နှင့် ရာဗမဂ်ဘွဲ့ခံနေရဂါလရှရေဇာတို့မှစ၍ ဗာဗုလုန်ဘုရင်၏ဗိုလ်စုမှူးစုအပေါင်းတို့သည်ဝင်၍ မြို့ရိုးအလယ်တံခါးဝ၌ထိုင်နေကြ၏။ ယုဒဘုရင်ဇေဒကိမင်းနှင့်တကွစစ်သားအပေါင်းတို့သည် ထိုသူတို့ကိုမြင်လျှင်၊ ညဉ့်အခါဥယျာဉ်တော်လမ်း၊ မြို့ရိုးနှစ်ထပ်ကြားမလွယ်တံခါးဖြင့်၊ မြို့တွင်းမှထွက်၍အရာ ဗာချိုင့်လမ်းသို့ပြေးသွားကြရာ ခါလဒဲတပ်သားတို့သည်လိုက်လံလျက် ယေရိခေါချိုင့်တွင်ဇေဒကိမင်းကိုမီ၍ ဖမ်းဆီးပြီးလျှင်၊ ဟာမတ်ပြည်ရိဗလမြို့ရှိဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာမင်းထံယူသွားကြသော်၊ စီရင်သည့်အတိုင်း ဗာဗုလုန်ဘုရင်သည် သားတော်တို့ကို ရိဗလမြို့၌ ခမည်းတော်မျက်မှောက်တွင်ပင်ကွပ်မျက်၍ ယုဒမှူးမတ်ရှိသမျှကိုလည်း ကွပ်မျက်သည့်ပြင်၊ ဇေဒကိမင်းမျက်စိကိုဖောက်ပြီးလျှင်၊ ဗာဗုလုန်မြို့သို့ယူသွားရန်ခြေချင်းစွဲလေ၏။ ခါလဒဲတပ်သားတို့လည်း နန်းတော်မှစသောမြို့သူမြို့သားတို့၏အိမ်များကိုမီးတိုက်၍၊ ယေရုရှလင်မြို့ရိုးကိုဖြိုဖျက်ကြပြီးနောက်၊ ကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် မြို့တွင်း၌ကြွင်းကျန်သော မြို့သူမြို့သားတို့ကိုလည်း‌ေကာင်း၊ ဘက်တော်သို့ကူးဝင်သူတို့ကိုလည်း‌ေကာင်း၊ ဗာဗုလုန်မြို့သို့သိမ်းသွားလျက် ဥစ္စာမဲ့ဆင်းရဲသားတို့အား 10 လယ်၊ ခြံများကိုလွှဲအပ်၍၊ ယုဒပြည်တွင်ထားခဲ့၏။ 11-12 ယေရမိကိုရည်လျက် ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာမင်းက၊ ထိုသူ့ကိုပင့်ခေါ်ပြီးလျှင် အန္တရာယ်မပြုဘဲ၊ ဒိဋ္ဌကြည့်ရှုလျက်တောင်းသမျှပေးလော့ဟု ကိုယ်ရံတော်မှူးနေဗုဇာရဒန်အားမှာလိုက်သည်နှင့်အညီ၊ 13 ထိုကိုယ်ရံတော်မှူးနေဗုဇာရဒန်၊ ရာဗသာရိပ်ဘွဲ့ခံနေဗုရှာဇဗံ၊ ရာဗမဂ်ဘွဲ့ခံ နေရဂါလရှရေဇာတို့မှစ၍ ဗာဗုလုန်ဘုရင်၏ ဗိုလ်စုမှူးစုအပေါင်းတို့သည်၊ 14 ယေရမိကို နှောင်အိမ်မြို့ရိုးငယ့်အတွင်းမှထုတ်စေပြီးလျှင် ကိုယ့်အိမ်သို့ပို့စေခြင်းငှာ၊ ရှာဖန့်မြေး၊ အဟိကံ့သားဂေဒလိအားလွှဲအပ်သည်အလျောက် ယေရမိသည် မြို့သူမြို့သားတို့နှင့်အတူနေရ၏။
15 နှောင်အိမ်မြို့ရိုးငယ့်အတွင်းအချုပ်ခံနေသေးစဉ် ယေရမိသို့ရောက်လာသောထာဝရဘုရား၏ဗျာဒိတ်တော်ကား၊ 16 ကုရှပြည်သား ဧဗဒမေလက်ရှိရာသို့သွား၍ဆင့်ဆိုရမည်မှာ၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရား၊ ဣသရေလလူမျိုး၏ဘုရားသခင်က၊ အကောင်းကိုမဟုတ်၊ အဆိုးကိုပြုရန်သာ၊ ဤမြို့ပေါ်သို့ဗျာဒိတ်တော်ချက်များအတိုင်း ငါရောက်စေသည့်ကာလ၊ သင့်ရှေ့တွင်ပင်အတည်ဖြစ်သော်လည်း၊ 17 သင့်ကိုကား၊ ကြောက်ရွံ့သူတို့၏လက်တွင်းသို့မရောက်စေဘဲကယ်ဆယ်မည်။ 18 သင်သည်ငါ့ကိုအားထားသည့်အတွက် ဓားလက်နက်ဖြင့်မကျဆုံးဘဲ ငါမုချလွတ်မြောက်စေလျက်၊ အသက်ဆုပေးမည်ဟု ထာဝရဘုရားမိန့်တော်မူကြောင်းဆင့်ဆိုလော့ဟူ၍တည်း။