28
ထိုတစ်နှစ်ချင်း၊ ယုဒဘုရင်ဇေဒကိမင်းနန်းစံစကာလ၊ လေးနှစ်မြောက်ပဥ္စမလတွင် ပရောဟိတ်တို့နှင့် လူပရိသတ်ရှေ့၊ ဗိမာန်တော်၌ ဂိဗောင်မြို့နေအာဇုရသား၊ ပရောဖက်ဟာနနိက၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရား၊ ဣသရေလလူမျိုး၏ ဘုရားသခင်မိန့်တော်မူသည်မှာ ဗာဗုလုန်ဘုရင်၏ထမ်းပိုးကို၊ ငါချိုးဖြတ်လေပြီ။ 3-4 ဤအရပ်ဒေသမှ ဗာဗုလုန်မြို့သို့၊ ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာယူဆောင်သိမ်းသွားသော၊ ဗိမာန်တော့်ဆိုင်ရာ အသုံးအဆောင်ရှိသမျှကိုလည်း‌ေကာင်း၊ ယောယကိမ့်သားယုဒဘုရင်ယေခေါနိနှင့်တကွ ယုဒလူမျိုးအနက်ဗာဗုလုန်မြို့သို့သိမ်းသွားခံရသူအပေါင်းတို့ကိုလည်း‌ေကာင်း၊ ဗာဗုလုန်ဘုရင်၏ထမ်းပိုးကိုငါချိုးဖြတ်သည့်အလျောက်၊ နှစ်နှစ်အတွင်းတွင်ဤအရပ်ဒေသသို့ ငါပြန်ပို့မည်ဟု မိန့်တော်မူကြောင်း၊ ငါ့အားပြောလေ၏။ ထိုအခါဗိမာန်တော်၌ရှိနေသူပရောဟိတ်တို့နှင့် လူပရိသတ်ရှေ့၊ ပရောဖက်ဟာနနိအား၊ ပရောဖက်ယေရမိက၊ အာမင်။ ထာဝရဘုရားသည်၊ ထိုအတိုင်းစီရင်တော်မူပါစေသော၊ ဗိမာန်တော့်ဆိုင်ရာအသုံးအဆောင်များနှင့်၊ သိမ်းသွားခံရသူအပေါင်းတို့ကို၊ ဗာဗုလုန်မြို့မှဤအရပ်ဒေသသို့ပြန်ပို့၍၊ သင်ဟောပြောချက်ကိုအတည်ပြုတော်မူပါစေသော။ သို့ရာတွင်၊ သင်နှင့်တကွ ဤပရိသတ်ရှေ့၊ ငါပြောမည့်စကားကို နားထောင်ပါဦး။ ငါတို့နှစ်ဦးမဖြစ်မီ၊ ရှေးကာလပရောဖက်တို့သည် စစ်တိုက်ခြင်း၊ ဒုက္ခရောက်ခြင်း၊ ကပ်ရောဂါသင့်ခြင်းအကြောင်း၊ မဟာတိုင်းနိုင်ငံနှင့်ပြည်ထောင်အမြောက်အမြားကိုရည်လျက်၊ ဟောပြောကြဖူးပါပြီ။ စည်းစိမ်ချမ်းသာအကြောင်း ဟောပြောသော ပရောဖက်မှာမူ၊ ဆင့်ဆိုချက်အရဖြစ်ပျက်က၊ ထာဝရဘုရားစေလွှတ်တော်မူသော ပရောဖက်မှန်ကြောင်းထင်ရှားမည်ဟုပြန်ဆိုသော်၊ 10 ပရောဖက်ဟာနနိသည်၊ ပရောဖက်ယေရမိ၏ ကုပ်ရှိထမ်းပိုးကျင်ကိုချွတ်ယူချိုးဖြတ်လျက်၊ 11 လူအမျိုးမျိုးတို့ကုပ်၌တင်သော၊ ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ၏ထမ်းပိုးကို၊ ထိုအတိုင်းနှစ်နှစ်အတွင်းတွင်၊ ငါချိုးဖြတ်မည်ဟုထာဝရဘုရားမိန့်တော်မူကြောင်း၊ လူပရိ သတ်ရှေ့ကြော်ငြာလျှင်၊ ပရောဖက်ယေရမိထွက်သွားလေ၏။
12 ပရောဖက်ယေရမိကုပ်ရှိထမ်းပိုးကျင်ကို၊ ပရောဖက်ဟာနနိချိုးဖြတ်ပြီးနောက်၊ ယေရမိသို့ရောက်လာသောထာဝရဘုရား၏ဗျာဒိတ်တော်ကား၊ 13 ဟာနနိရှိရာသို့သွား၍၊ သင်သည်သစ်သားထမ်းပိုးကျင်များကိုချိုးဖြတ်လေပြီ။ ၎င်းအစား၊ သံထမ်းပိုးကျင်များကိုလုပ်ရမည်ဟု၊ ထာဝရဘုရားမိန့်တော်မူကြောင်း၊ 14 ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ၏အမှုကိုထမ်းကြရစေခြင်းငှာ၊ ဆိုခဲ့သောလူမျိုးတို့ကုပ်၌၊ သံထမ်းပိုးကိုငါတင်ပြီးသည့်အလျောက်၊ ထမ်းကြရမည်။ သားယဉ်သားရဲတို့ကိုလည်း ငါလွှဲအပ်လေပြီဟု၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရား၊ ဣသရေလလူမျိုး၏ဘုရားသခင်မိန့်တော်မူကြောင်း၊ ဆင့်ဆိုလော့ဟူသောဗျာဒိတ်တော်အတိုင်း၊ 15 ပရောဖက်ယေရမိက၊ အိုဟာနနိ၊ နားထောင်ပါဦး။ ထာဝရဘုရားသည်၊ သင့်ကိုစေလွှတ်တော်မူသည်မဟုတ်။ ဤလူမျိုးကိုမုသာ၌ စိတ်ချရာရောက်စေလေပြီ။ 16 သို့ဖြစ်၍၊ ထာဝရဘုရားက၊ ငါထာဝရဘုရားနှင့်စပ်လျဉ်းသည့်ဖောက်ပြန်ခြင်းစကားကို ထွက်ဆိုဝံ့သောကြောင့်၊ မြေပေါ်မှငါနှင်ထုတ်သည့်အတိုင်း၊ ယခုနှစ်အတွင်း သင်သေရလတ္တံ့ဟု၊ မိန့်တော်မူကြောင်းဆင့်ဆိုသည်နှင့်အညီ၊ 17 ပရောဖက်ဟာနနိသည်၊ ထိုနှစ်သတ္တမလတွင်သေလေ၏။