27
1 ယောရှိမင်းသားတော်၊ ယုဒဘုရင်ေဇဒကိမင်းနန်းစံစကာလ၊ ငါယေရမိသို့ရောက်လာသော ထာဝရဘုရား၏ဗျာဒိတ်တော်၊ အမိန့်တော်ကား။
2 ဖွဲ့ကြိုး၊ ထမ်းပိုးကျင်များကိုလုပ်၍ ကုပ်တွင်တင်ပြီးလျှင်၊
3 ဧဒုံပြည့်ရှင်ဘုရင်၊ မောဘပြည့်ရှင်ဘုရင်၊ အမ္မုန်အမျိုးသားတို့ဘုရင်၊ တုရုမြို့ဘုရင်၊ ဇိဒုန်မြို့ဘုရင်များထံ၊ ယုဒဘုရင်ဇေဒကိမင်းစံရာယေရုရှလင်မြို့သို့ရောက်လာသော ရာဇသံတို့လက်ဖြင့်ပို့လိုက်လော့။
4 ချင်းတို့အရှင်များထံပြန်ကြားစေ၍၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရား၊ ဣသရေလလူမျိုး၏ဘုရားသခင်က၊
5 ငါသည်မြေပထဝီမှစ၍၊ မြေပေါ်ရှိ လူသူတိရစ္ဆာန်တို့ကိုမဟာတန်ခိုးတော်၊ ဆန့်တန်းသောလက်ရုံးတော်အားဖြင့်၊ ဖန်ဆင်းပြီးဖြစ်သည့်အလျောက်၊ သဘောတော်အတိုင်း သင့်လျော်သူ့အား၊ ပေးပိုင်ခွင့်ရှိသည်နှင့်၊
6 ငါ့ကျွန်၊ ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ့လက်တွင်းသို့၊ ဤပြည်ထောင်တကာကိုအပ်နှင်းသည့်ပြင်၊ သားယဉ်သားရဲတို့ကိုလည်း အစေခံရန် လွှဲအပ်သဖြင့်၊
7 ထိုမင်းနှင့်သားမြေးတို့၏အမှုကို၊ ပြည်ထောင်ခေတ်မကုန်မချင်း၊ လူအမျိုးမျိုးတို့ထမ်းရကြလတ္တံ့။ ကုန်လျှင်၊ လူမျိုးခြားအမြောက်အများနှင့် ဘုရင်မင်းမြတ်တို့သည်၊ ထိုမင်းကိုစေစားရကြလတ္တံ့။
8 သို့ဖြစ်၍၊ ငါထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ အကြင်လူမျိုး၊ တိုင်းနိုင်ငံသည်၊ ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ၏ အမှုကိုထမ်းခြင်း၊ ထမ်းပိုးအောက်ကုပ်လျှိုးခြင်းမပြုအံ့။ ထိုမင်း၏လက်ရုံးရည်ဖြင့်ကုန်စေတော်မမူမချင်း၊ သတ္တန္တရကပ်၊ ဒုဗ္ဘိက္ခန္တရကပ်၊ ရောဂန္တရကပ်များဖြင့်၊ ထိုလူမျိုးကိုစီရင်လတ္တံ့။
9-10 သင်တို့မှာမူ၊ ဗာဗုလုန်ဘုရင်၏အမှုကိုမထမ်းကြရဟုဆိုသူ၊ ကိုယ့်ပရောဖက်၊ ဟူးရားဆရာ၊ အိပ်မက်ဆရာ၊ ဗေဒင်ဆရာ၊ မှော်ဆရာများတို့သည်၊ နေရင်းပြည်မှ ငါနှင် ထုတ်သည့်အတိုင်း၊ ဝေးကွာစွာနေရသောသင်တို့ပျက်စီးကြစေခြင်းငှာ၊ မုသာဟောပြောကြသောကြောင့်၊ သူတို့စကားကိုနားမထောင်ကြလင့်။
11 ငါထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ ဗာဗုလုန်ဘုရင်၏ထမ်းပိုးအောက်ကုပ်လျှိုး၍ အမှုထမ်းသောလူမျိုးကိုကား၊ နေရင်းပြည်တွင် ငါထားသည့်အလျောက်၊ လယ်မြေလုပ်ကိုင်လျက်နေထိုင်ခွင့်ရှိကြလတ္တံ့၊ ဟူသောအမိန့်တော်ကို၊ ကိုယ့်အရှင်တို့အား ပြန်ကြားကြလော့ဟူ၍တည်း။
12 ထိုအချက်နှင့်တူညီစွာ၊ ယုဒဘုရင်ဇေဒကိမင်းထံငါက၊ အသက်ချမ်းသာရရန် ဗာဗုလုန်ဘုရင်၏ထမ်းပိုးအောက်ကုပ်လျှိုး၍၊ ထိုမင်းနှင့်လူမျိုး၏အမှုကိုထမ်းကြလော့။
13 ဗာဗုလုန်ဘုရင်၏အမှုကိုမထမ်းသောလူမျိုးအားရည်လျက်၊ ထာဝရဘုရားမိန့်တော်မူခဲ့သည်နှင့်အညီ၊ ဘုရင်မင်းသည်ပြည်သူပြည်သားတို့ပါ၊ သတ္တန္တရကပ်၊ ဒုဗ္ဘိက္ခန္တရကပ်၊ ရောဂန္တရကပ်များဖြင့်၊ အဘယ့်ကြောင့်သေရကြအံ့နည်း။
14 ဗာဗုလုန်ဘုရင်၏အမှုကိုမထမ်းကြရဟု၊ မုသာဟောပြောသောပရောဖက်တို့စကားကိုနားမထောင်ကြလင့်။
15 ငါနှင်ထုတ်သည့်အတိုင်း၊ သင်တို့သည်၊ ဟောပြောသောပရောဖက်တို့ပါ၊ ပျက်စီးကြစေခြင်းငှာ၊ ငါစေလွှတ်ခြင်းကင်းလျက်၊ နာမတော်နှင့်ပရိယာယ်ပြု၍ဟောပြောလေ့ရှိကြသည်ဟု၊ ထာဝရဘုရားမိန့်တော်မူကြောင်းဆင့်ဆို၏။
16 ပရောဟိတ်တို့နှင့် လူပရိသတ်အားလည်းငါက၊ မကြာမမြင့်မီ၊ ဗိမာန်တော်ဆိုင်ရာအသုံးအဆောင်များကို၊ ဗာဗုလုန်မြို့မှပြန်ရကြလတ္တံ့ဟု၊ မုသာဟောပြောသော ကိုယ့်ပရောဖက်တို့စကားကိုနားမထောင်ကြလင့်။
17 နားမထောင်ဘဲ၊ အသက်ချမ်းသာရရန်၊ ဗာဗုလုန်ဘုရင်၏အမှုကိုထမ်းကြလော့။ ဤမြို့တော်သည် အဘယ့်ကြောင့် ဆိတ်ညံရာဖြစ်ရအံ့နည်းဟုထာဝရဘုရားမိန့် တော်မူ၏။
18 ထိုသူတို့သည် ပရောဖက်မှန်၍ ထာဝရဘုရား၏ဗျာဒိတ်တော်ပါရှိသည်မှန်လျှင်၊ ထာဝရဘုရား၏ဗိမာန်တော်၊ ယုဒဘုရင်၏နန်းတော်၊ ယေရုရှလင်မြို့တော်၌ကျန်ရစ်သောအသုံးအဆောင်များကို၊ ဗာဗုလုန်မြို့သို့မရောက်ရအံ့သောငှာ၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားထံအသနားတော်ခံကြပါလေစေ။
19-21 အသို့ဆိုသော်၊ ယောယကိမ်မင်းသားတော်၊ ယုဒဘုရင်ယေခေါနိမင်းနှင့်တကွ၊ ယုဒပြည်ယေရုရှလင်မြို့မှူးမတ်အပေါင်းတို့ကို၊ ယေရုရှလင်မြို့မှဗာဗုလုန်မြို့သို့ ဗာဗုလုန် ဘုရင်နေဗုခဒ်နေဇာမင်းသိမ်းသွားသည့်ကာလ၊ မပါဘဲဤမြို့တွင်ကျန်ရစ်သော တိုင်၊ ရေကန်အောက်ခံများမှစ၍၊ ထာဝရဘုရား၏ဗိမာန်တော်၊ ယုဒဘုရင်၏နန်းတော်၊ ယေရုရှလင်မြို့တော်၌ ကျန်ရစ်သေးသောအသုံးအဆောင်များကိုရည်လျက်၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရား၊ ဣသရေလလူမျိုး၏ဘုရားသခင်က၊
22 ထိုအသုံးအဆောင်များသည် ဗာဗုလုန်မြို့သို့ရောက်၍၊ အကြည့်အရှုငါလာသည်နှင့်၊ ဤအရပ်ဒေသသို့ပြန်ပို့သည့်နေ့ရက်တိုင်အောင်၊ ထိုမြို့၌ရှိနေရမည်ဟု၊ ထာဝရ ဘုရားမိန့်တော်မူကြောင်းဆင့်ဆို၏။