24
1-2 ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာမင်းသည်၊ ယောယကိမ်မင်းသားတော်၊ ယုဒဘုရင်ယေခေါနိမင်းမှစ၍၊ ယုဒမှူးမတ်တို့နှင့် ပန်းတည်းပန်းပုစသည်တို့ကိုယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့သုံ့ပန်းသိမ်းသွားပြီးနောက်၊ ထာဝရဘုရားဖော်ပြတော်မူသည့်အတိုင်း၊ သီးဦးမှည့်မျှလောက်ကောင်းလှသောသဖန်းသီးနှင့်ပြည့်လျက်တစ်လုံး၊ မစားနိုင်အောင်ညံ့လှသောသဖန်းသီးနှင့်ပြည့်လျက်တစ်လုံး၊ ဗိမာန်တော်မျက်နှာစာတွင်ထားသောတောင်းခုနစ်လုံးကိုငါမြင်ရ၏။
3 အိုယေရမိ၊ မည်သည့်အရာကိုမြင်ရသနည်းဟု ထာဝရဘုရားမေးတော်မူသော်၊ သဖန်းသီးများကိုမြင်ပါ၏။ ကောင်းသောအသီးသည်၊ အလွန်ကောင်းလှပါသည်။ ညံ့သောအသီးလည်း၊ မစားနိုင်အောင်ညံ့ဖျင်းလှပါသည်ဟုငါလျှောက်လျှင်၊
4 ငါသို့ရောက်လာသောထာဝရဘုရား၏ဗျာဒိတ်တော်ကား၊
5 ဣသရေလလူမျိုး၏ဘုရားသခင် ငါထာဝရဘုရားက၊ ဤနေရာမှခါလဒဲပြည်သို့၊ ယုဒလူမျိုးတို့အနက် ငါလွှတ်လိုက်၍သိမ်းသွားခံခဲ့သူတို့ကို၊ ထိုကောင်းသောသဖန်းသီး သဖွယ်ကောင်းစားကြစေခြင်းငှာ၊ ငါအာရုံပြုမည့်အတိုင်း၊
6 ကောင်းစားကြစေခြင်းငှာမျက်မှောက်ပြုလျက်၊ ပြည်ရင်းသို့တစ်ဖန်ခေါ်ဆောင်ပြီးလျှင်၊ မဖြိုမဖျက်ဘဲတည်ထောင်ခြင်း၊ မဆွဲမနုတ်ဘဲစိုက်ပျိုးခြင်းကိုစီရင်မည့်ပြင်၊
7 ထာဝရဘုရားဖြစ်သောငါ့အား သိကျွမ်းသောစိတ်နှလုံးကိုပေးသနားမည့်အလျောက်၊ စိတ်ပါကိုယ်ရောက်အထံတော်သို့ပြန်လာကြသည်နှင့်အညီ၊ သူတို့သည် ငါ၏လူမျိုး၊ ငါလည်းသူတို့ဘုရားသခင်ဖြစ်ဦးမည့်အကြောင်း၊ မိန့်ဆို၏။
8 တစ်ဖန်ငါထာဝရဘုရားက၊ ဤပြည်တွင်ရှိသေးသော၊ ယုဒဘုရင်ဇေဒကိမင်းမှစ၍ မှူးမတ်များ၊ ယေရုရှလင်မြို့သူမြို့သားအကြွင်းအကျန်များနှင့်၊ အိဂျစ်ပြည်တွင်ခိုဝင်သူတို့ကိုကား၊ မစားနိုင်အောင်ညံ့ဖျင်းသောသဖန်းသီးသဖွယ်၊
9 ငါနှင်ထုတ်မည့်၊ မြေပေါ်ရှိ တိုင်းနိုင်ငံအရပ်ရပ်တွင်၊ မကောင်းစားစေဘဲ၊ ထိတ်လန့်ရာ၊ ကဲ့ရဲ့ရာ၊ ပုံခိုင်းရာ၊ ပြောင်လှောင်ရာ၊ ကျိန်ဆဲရာဖြစ်စေလျက်၊
10 ဘိုးဘေးတို့မှစ၍သူတို့အား၊ ငါပေးခဲ့သောပြည်တွင်ကုန်ဆုံးသည့်တိုင်အောင်၊ သတ္တန္တရကပ်၊ ဒုဗ္ဘိက္ခန္တရကပ်၊ ရောဂန္တရကပ်ကိုသင့်စေမည်အကြောင်း၊ မိန့်ဆိုသည်ဟူ၍တည်း။