14
1 မိုးခေါင်ခြင်းဘေးကိုရည်၍၊ ယေရမိသို့ရောက်လာသော၊ ထာဝရဘုရား၏ဗျာဒိတ်တော်ကိုဆိုဦးအံ့။
2 ယုဒပြည်သည်မြည်တမ်းလျက်၊ မြို့ရွာတံခါးများလည်း၊ မြေပေါ်တွင် အားလျော့ညှိုးငယ်စွာနေလျက်၊ ယေရုရှလင်မြို့မှ အော်ဟစ်သံတက်လေပြီ။
3 မှူးမတ်တို့သည် ငယ်သားတို့ကို ရေခပ်စေသော်၊ ရေကန်များသို့ရောက်၍ ရေမတွေ့သဖြင့်၊ ကျိုးယုတ်စိတ်ပျက်စွာဦးခေါင်းခြုံလျက် အိုးလွတ်ပြန်လာရကြ၏။
4 နေပြည်တွင် မိုးမရွာသဖြင့်၊ အက်ကွဲသော မြေကိုထောက်၍၊ တောင်သူတို့လည်း၊ ကျိုးယုတ်စွာ ဦးခေါင်းခြုံရကြ၏။
5 မြက်ပင်မရှိသဖြင့်၊ တောနေဒရယ်မပင်၊ သားကိုမွေး၍စွန့်ပစ်လေ၏။
6 မြည်းရိုင်းများလည်း၊ ခွေးအသဖွယ်လေကိုဟပ်ရှူ၍၊ မြက်ပင်မရှိသည့်အတွက်မျက်စိအားကုန်လျက်၊ ကုန်းထိပ်များပေါ်တွင်နေကြ၏။
7 အိုထာဝရဘုရား၊ ကြိမ်ဖန်များစွာ ဖောက်ပြန်လျက်၊ ကိုယ်တော်ကိုပြစ်မှားသူအကျွန်ုပ်တို့တစ်ဘက်၌၊ ကိုယ့်ဒုစရိုက်များသက်သေခံသော်လည်း၊ နာမတော်ကိုထောက်၍ ပြုစုတော်မူပါ။
8 အိုဣသရေလလူမျိုး၏ စောင့်မြော်ရာစောင့်မြော်ကြောင်း၊ ဒုက္ခရောက်ရာ၌ကယ်တင်တော်မူသောအရှင်၊ နေပြည်၌ဝင်နေသူ၊ တည်းလို၍လှည့်ဝင်သောခရီးသွားသူ ကဲ့သို့လည်းေကာင်း၊
9 ရုတ်တရက်အတိုက်ခံ၍၊ မကယ်နိုင်သောသူရဲကောင်းကဲ့သို့လည်းေကာင်း၊ အဘယ့်ကြောင့်နေတော်မူရသနည်း။ နာမတော်ဖြင့် သမုတ်ခံသော အကျွန်ုပ်တို့ဘောင်တွင်၊ စံနေတော်မူရာ အိုထာဝရဘုရား၊ အကျွန်ုပ်တို့ကိုစွန့်ပစ်တော်မမူပါနှင့်။
10 ဤလူမျိုးအား ထာဝရဘုရားက၊ ခြေလှမ်းခြင်းကို မချုပ်တည်းဘဲ၊ ထိုနှင့်အမျှအလေအလွင့်ခင်မင်သောသင်တို့ကို၊ ငါထာဝရဘုရားလက်ခံမည်မဟုတ်။ ယခုပင်ဒုစရိုက်ကိုသတိမူလျက်၊ အပြစ်ဒဏ်စီရင်မည်ဟု မိန့်တော်မူ၏။
11 ငါ့အားလည်း ထာဝရဘုရားက၊ ဤလူမျိုးကောင်းစားစေလိုကြောင်း၊ ဆုမတောင်းလင့်။
12 အစာရှောင်ကြသော်လည်း၊ ထိုသူတို့ဟစ်သံကို ငါနားမညောင်း၊ မီးရှို့ရာယဇ်မှစ၍ ပူဇော်သက္ကာများကိုဆက်ကပ်ကြသော်လည်း၊ လက်မခံဘဲ၊ သတ္တန္တရကပ်၊ ဒုဗ္ဘိက္ခန္တ ရကပ်၊ ရောဂန္တရကပ်များဖြင့်၊ ငါကုန်ဆုံးစေမည်ဟုမိန့်တော်မူသော်၊
13 အိုအရှင်ထာဝရဘုရား၊ သတ္တန္တရကပ်ကိုမတွေ့၊ ဒုဗ္ဘိက္ခန္တရကပ်ကိုလည်းမခံ၊ ဤအရပ်တွင်ဘေးကင်းလျက်၊ အတည်အမြဲနေစေတော်မူမည့်အကြောင်း၊ ပရောဖက် တို့ဟောပြောကြပါသည်ဟု၊ ငါတင်လျှောက်လျှင်၊
14 ထာဝရဘုရားက၊ ထိုပရောဖက်တို့သည်၊ ငါစေလွှတ်ခြင်း၊ မိန့်မှာခြင်း၊ဗျာဒိတ်ပေးခြင်းကင်းလျက်၊ မုသာများကိုငါ့နာမနှင့်ဟောပြောကြသည့်ပြင် မျက်လှည့်ရူပါရုံ၊ အကျိုး မဲ့ဗေဒင်အတတ်၊ လှည့်ဖြားသောကိုယ့်သဘောအတိုင်း၊ ဟောပြောတတ်ကြ၏။
15 သို့ဖြစ်၍၊ ဤပြည်တွင် သတ္တန္တရကပ်၊ ဒုဗ္ဘိက္ခန္တရကပ်သင့်ရောက်မည်မဟုတ်ဟု၊ ငါစေလွှတ်ခြင်းကင်းလျက်၊ နာမတော်နှင့်ဟောပြောသော ပရောဖက်တို့ကိုရည်၍၊ ငါ ထာဝရဘုရားမိန့်ဆိုသည်မှာ၊ သတ္တန္တရကပ်၊ ဒုဗ္ဘိက္ခန္တရကပ်များဖြင့်၊ ထိုပရောဖက်တို့ကုန်ခန်းရမည့်ပြင်၊
16 ကိုယ့်ဆိုးသွမ်းမှုကို ငါဆပ်ပေးသည့်အလျောက်၊ ဟောပြောရာနာခံသူတို့လည်း၊ မယား၊ သားသမီးပါ၊ သတ္တန္တရကပ်၊ ဒုဗ္ဘိက္ခန္တရကပ်များကြောင့်၊ မြှုပ်နှံသူကင်းလျက်၊ ယေရုရှလင်မြို့ရှိလမ်းများပေါ်သို့ ဆွဲပစ်ခံရကြလတ္တံ့ဟု မိန့်ဆို၏။
17 သင်ကလည်း၊ ငါ့အမျိုး သတို့သမီးကညာသည်၊ ကျိုးပဲ့ပေါက်ကွဲခြင်း၊ နာကျင်စွာဒဏ်ခတ်ခြင်းများကို၊ ခံရသည့်အတွက်၊ နေ့ညဉ့်မဟူ၊ မပြတ်မစဲမျက်ရည်ကျလျက် နေရပါစေ။
18 မြို့ပြင်သို့ထွက်သွားလျှင်၊ ဓားဖြင့်သေသူ၊ မြို့တွင်းသို့ဝင်သွားလျှင်၊ မွတ်သိပ်၍ နာကျင်သူတို့ကို တွေ့ရပါ၏။ ပရောဖက်နှင့် ပရောဟိတ်တို့ပါ၊ မရောက်ဘူးသောပြည်လျှင်သို့၊ အရောင်းအဝယ်သွားရကြသည်တကားဟူသောစကားကို ဆိုလော့ဟုမိန့်တော်မူ၏။
19 ယုဒပြည်ကို စွန့်ပစ်ပယ်ထားတော်မူပြီလော။ ဇိအုန်မြို့ကိုစက်ဆုပ်သောစိတ်တော်ရှိသလော။ သက်သာခွင့်မရသည့်တိုင်အောင်၊ အကျွန်ုပ်တို့ကို အဘယ့်ကြောင့် ဒဏ်ခတ်တော်မူသနည်း။ ချမ်းသာကိုစောင့်မြော်ကြသော်လည်း၊ သုခမခံစားရချေ။ သက်သာခြင်းကာလကိုတောင့်တကြသော်လည်း၊ ကြောက်မက်ဖွယ်ဘေးသင့်ပါပြီတကား။
20 အိုထာဝရဘုရား၊ အကျွန်ုပ်တို့သည်၊ ကိုယ်တော်အားပြစ်မှားမိသည့်အလျောက်၊ ကိုယ့်ဆိုးသွမ်းမှုနှင့်၊ ဘိုးဘေးတို့ဒုစရိုက်ကို ဝန်ခံကြပါ၏။
21 နာမတော်ကိုထောက်၍၊ အကျွန်ုပ်တို့အားအရေးမယူ၊ ဘုန်းတော်စံရာပလ္လင်တော်ကိုဂရုမစိုက်ဘဲ၊ နေတော်မမူပါလင့်။ အကျွန်ုပ်တို့နှင့်ဖွဲ့ခဲ့သော ပဋိညာဉ်ကိုသတိရ လျက်၊ ဖျက်တော်မမူပါလင့်။
22 လူမျိုးခြားတို့၏အတုဘုရားများအနက်၊ မိုးရွာစေနိုင်သောဘုရားရှိသလော။ မိုးလည်းအလျောက်ဘာသာရွာနိုင်သလော။ ကိုယ်တော်သာလျှင် အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်သည်မဟုတ်ပါလော။ ထိုအခြင်းအရာဟူသမျှကို စီမံတော်မူသောကိုယ်တော်အား၊ အကျွန်ုပ်တို့စောင့်မြော်ကြပါ၏။