11
1-2 ယေရမိသို့ရောက်လာသောထာဝရဘုရားဗျာဒိတ်တော်ကား၊ ဤပဋိညာဉ်ချက်များကိုနားထောင်၍၊ ယုဒပြည်သူယေရုရှလင်မြို့သားတို့အား၊ ပြန်ကြားဆင့်ဆိုရမည်မှာ၊ 3-5 သံမိုက်လုံတည်းဟူသော အိဂျစ်ပြည်မှ၊ သင်တို့ဘိုးဘေးများကို ငါထုတ်ဆောင်သောနေ့ရက်ကာလ၌ နို့ရည်၊ ပျားရည်လွှမ်းစီးရာပြည်ကိုငါပေးမည့်အကြောင်း၊ သင်တို့ ဘိုးဘေးများအား၊ ငါသစ္စာဆိုချက်ကို၊ ယခုဖြစ်သည့်အတိုင်း အတည်ပြုအံ့သောငှာ ငါမိန့်မှာသမျှ ဗျာဒိတ်တော်ကိုနားထောင်လိုက်နာက၊ သင်တို့သည် ငါ့လူမျိုး၊ ငါလည်းသင်တို့ ဘုရားသခင်ဖြစ်မည်ဟူသော ပဋိညာဉ်ချက်များကို၊ နားမထောင်သူကား၊ အမင်္ဂလာရှိစေဟု ဣသရေလလူမျိုး၏ဘုရားသခင်ထာဝရဘုရားအမိန့်တော်ကို၊ ဆင့်ဆိုရန်ဗျာဒိတ်တော်ရှိပြီးနောက်၊ အိုထာဝရဘုရား၊ အာမင်ဟုငါဝန်ခံ၏။
ထာဝရဘုရားကလည်း၊ ယုဒပြည်ရှိမြို့ရွာများတွင်လည်း‌ေကာင်း၊ ယေရုရှလင်မြို့ရှိလမ်းများတွင်လည်း‌ေကာင်း၊ ကြော်ငြာဆင့်ဆိုရမည့်စကားဟူမူကား၊ ဤပဋိညာဉ်ချက်များကိုနားထောင်လိုက်နာကြလော့။ သင်တို့ဘိုးဘေးများကိုအိဂျစ်ပြည်မှထုတ်ဆောင်သည်ကစ၍၊ ယခုတိုင်အောင်၊ ဗျာဒိတ်တော်သံကိုနာခံကြလော့ဟု၊ ငါဝိရိယလုံ့လထုတ်၍တိုက်တွန်းနှိုးဆော်သော်လည်း၊ အသီးအသီးတို့သည် နာခံနားထောင်ခြင်းမပြုဘဲ၊ ခက်မာဆိုးသွမ်းသောကိုယ့်သဘောအလျောက်၊ လိုက်လျှောက်ကြသောကြောင့်၊ လိုက်နာရန် ငါမိန့်မှာလျက်ပင်၊ မလိုက်နာကြသောဤပဋိညာဉ်ချက်ဟူသမျှအတိုင်း၊ ငါသင့်ရောက်စေပြီဟုဆင့်ဆိုရန် ငါ့အားမိန့်တော်မူ၏။
ထာဝရဘုရားကလည်း၊ ယုဒပြည်သူ ယေရုရှလင်မြို့သားတို့သည် အတွင်းမီးထကြကြောင်း ငါတွေ့၏။ 10 ထိုသူတို့သည် ဗျာဒိတ်တော်ချက်များကို နားမထောင်လိုသောဘိုးဘေးတို့၏ ဒုစရိုက်များသို့ပြန်ဆုတ်၍၊ အခြားဘုရားများနောက် လိုက်လျှောက်ဝတ်ပြုကြကုန်၏။ ဣသရေလအမျိုးသားနှင့်ယုဒအမျိုးသားတို့သည်၊ ဘိုးဘေးများနှင့် ငါဖွဲ့ခဲ့သော ပဋိညာဉ်တော်ကိုဖောက်ကျော်ကြလေစွ။ 11 သို့ဖြစ်၍ ငါထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ လွတ်မြောက်ခွင့်မရသောဘေးကို ငါသင့်စေရာ၊ ငါ့ထံဟစ်ကြသော်လည်း၊ နားညောင်းမည်မဟုတ်။ 12 ထိုဒုက္ခတွေ့သည့်ကာလ၊ ယေရုရှလင်မြို့သူမြို့သားတို့မှစ၍၊ ယုဒပြည်မြို့သူရွာသားတို့သည် မီးဖြင့်ပူဇော်လေ့ရှိသော ဘုရားများသို့သွားရောက်အော်ဟစ်ကြသော်လည်း၊ ကယ်မခြင်းမရှိ။ 13 အိုယုဒပြည်၊ သင့်မြို့ရွာများပြားသည်နှင့်အမျှ သင့်ဘုရားများပြားလေစွ။ ​ယေရုရှလင်မြို့ရှိလမ်းမြောက်မြားသည်နှင့်အမျှလည်း၊ ရှက်ကြောက်ဖွယ်ဗာလနတ်အား၊ မီးဖြင့်ပူဇော်ရာပလ္လင် အမြောက်အမြားကိုတည်ကြလေစွ။ 14 သင်မှာမူ၊ ဤလူမျိုးအဖို့ဆုတောင်းခြင်း၊ ပဌနာပြုခြင်း၊ တောင်းလျှောက်ခြင်းများကိုမပြုရ။ ဒုက္ခတွေ့သည့်ကာလ၊ ငါ့ထံဟစ်ကြသော်လည်း၊ နားညောင်းမည်မဟုတ်ဟု ငါ့အားမိန့်တော်မူ၏။
15 မကောင်းသောအကြံအစည်များကိုဆောင်သူ၊ ငါ့ရင်နှစ်ဖြစ်သောလူမျိုးသည်၊ ဗိမာန်တော်နှင့်မည်သို့ဆိုင်သနည်း။ ထားသောသစ္စာဝတ်၊ ဆက်ကပ်သောအသားများဖြင့်၊ မကောင်းမှုကိုဖြေရှင်း၍ ဘေးလွတ်မည်လော။ 16 ရှုချင်ဖွယ်အသီးသီးလျက်၊ စိမ်းလန်းလှပသောသံလွင်ပင်ဟု၊ သင့်ကို ငါထာဝရဘုရားသမုတ်သော်လည်း၊ ပြင်းထန်သောမုန်တိုင်းသံနှင့်တကွ၊ လောင်မီးချသဖြင့်၊ အခိုင်အလက်များပျက်စီးလေစွ။ 17 သင့်ကိုစိုက်ပျိုးခဲ့သောဗိုလ်ခြေတို့အရှင်၊ ငါထာဝရဘုရားသည် ဣသရေလအမျိုးသားနှင့် ယုဒအမျိုးသားတို့ပါ၊ ဗာလနတ်အားမီးဖြင့်ပူဇော်၍ အမျက်တော်တိုက်အဆိုးပြုကြသောကြောင့်၊ သင့်အပေါ်တွင် သင့်ရန်ဘေးကိုပြဋ္ဌာန်းခဲ့ပြီ။
18 လူတို့အကျင့်အကြံများကို၊ ထာဝရဘုရားဖွင့်လှစ်ဖော်ပြတော်မူသောအားဖြင့်သာ၊ ငါသိမြင်ရ၏။ 19 ထိုသူတို့က၊ အမည်ကိုမျှနောင်သတိမရကြစေခြင်းငှာ၊ အပင်နှင့်အသီးပါဖျက်ဆီးလျက်၊ ရုပ်သက်ရှင်သောလူ့ဘောင်မှပယ်ရှားကြကုန်အံ့ဟုကြံစည်သောအချက်များကို မသိဘဲ၊ သတ်ရန်ဆွဲငင်သောသိုးယဉ်ကဲ့သို့ငါနေနှင့်၏။ 20 နှလုံးကျောက်ကပ်များကိုစစ်ဆေးလျက်၊ တရားသဖြင့်စီရင်တော်မူသော၊ ဗိုလ်ခြေတို့အရှင်၊ အိုထာဝရဘုရား၊ အကျွန်ုပ်အမှုကိုရှေ့တော်တွင်တင်ပြပြီးဖြစ်သည့်အလျောက်၊ ထိုသူတို့အပေါ်၌ လက်စားချေတော်မူခြင်းကို သိမြင်ပါရစေဟုလျှောက်သည်နှင့်အညီ၊ 21 ထာဝရဘုရားက၊ ငါတို့လက်ရောက်မှုဖြင့်၊ ဆရာသေဒဏ်မခံရရန်၊ ထာဝရဘုရား၏နာမတော်ကို အမှီပြု၍ မဟောမပြောရဟုမြစ်တားသူ၊ သင့်အသက်အန္တရာယ်ကိုရှာကြံသော အာနသုတ်မြို့သားတို့ကိုရည်၍၊ 22 ဗိုလ်ခြေတို့အရှင်ငါထာဝရဘုရားမိန့်တော်မူသည်မှာ၊ အစီအရင်ငါလာမည့်အလျောက်၊ ဆိုင်ရာလူပျိုတို့သည် ဓားဘေးဖြင့်လည်း‌ေကာင်း၊ သားသမီးတို့သည်အစာခေါင်းပါး ခြင်းဘေးဖြင့်လည်း‌ေကာင်း၊ သေရကြလတ္တံ့။ 23 ဒဏ်စီရင်ခြင်းခံရာနှစ်ကာလတည်းဟူသောဘေးဥပဒ်ကို၊ အာနသုတ်မြို့သားတို့ အပေါ်တွင် ငါသင့်စေအံ့သောကြောင့်၊ အကြွင်းအကျန်မျှပင်ရှိတော့မည်မဟုတ်ဟူ၍တည်း။