10
1 အိုဣသရေလ အမျိုးသားတို့၊ ထာဝရဘုရားမိန့်တော်မူသောဗျာဒိတ်တော်ကိုနားထောင်ကြလော့။
2 ထာဝရဘုရားက လူမျိုးခြားတို့ကြောက်ရွံ့သော၊ မိုးကောင်းကင်နိမိတ်လက္ခဏာများကြောင့်ကြောက်ရွံ့လျက်၊ ၎င်းတို့အလေ့အလာကိုသင်လျက်မနေကြလင့်။
3 -4 တောသစ်ပင်ကို ရွေးခုတ်ခြင်း၊ စူးဆောက်ဖြင့် ပန်းပုထုလုပ်ခြင်း၊ရွှေငွေဖြင့်ခြယ်လှယ်ခြင်း၊ မလဲစေခြင်းငှာ၊ တူဖြင့် သံမှိုနှက်ခြင်းအမှုဖြစ်သော၊ လူမျိုးခြားတို့၏ ထုံးတမ်း သည်၊ အနတ္တဖြစ်၏။
5 လူမထမ်းဘဲ မရွေ့နိုင်၊ စကားမပြောနိုင်သော၊ သခွားခင်းရှိငှက်ချောက်တိုင်ကဲ့သို့ဖြစ်သည်တကား။ မကောင်းကျိုး၊ ကောင်းကျိုးမပေးနိုင်သောကြောင့်၊ မကြောက်ရွံ့ကြ နှင့်ဟု မိန့်တော်မူ၏။
6 တန်ခိုးကြီးသောနာမတော်ရှိလျက်၊ ကြီးမြတ်သောအိုထာဝရဘုရား၊ ကိုယ်တော်နှင့်တူသော ဘုရားမရှိပါ။
7 ခန့်ညားခြင်းကိုခံတော်မူထိုက်သော၊ လူအမျိုးမျိုးတို့၏ ဘုရင်မင်းမြတ်၊ မခန့်ညားဘဲ နေဝံ့သူကား၊ မည်သူပါနည်း။ လူအမျိုးမျိုးတွင် ပညာရှိတို့၌လည်းေကာင်း၊ တိုင်းနိုင်ငံ၌လည်းေကာင်း၊ ကိုယ်တော်နှင့်တူသူမရှိချေ။
8 ထိုသူအပေါင်းတို့သည်၊ ဉာဏ်ကင်းလျက် မိုက်မဲကြ၏။ ရုပ်ပွားဆင်းတုများ၏ အဆုံးအမကား၊ သစ်သားသက်သက်ဖြစ်၏။
9 လက်မြောက်သူတို့လုပ်ပြီး သောထိုရုပ်တုများကို၊ တာရှုမြို့မှဆောင်လာသောငွေ၊ ဩဖိရပြည်မှဆောင်လာသောရွှေများဖြင့်၊ ပန်းတည်းနှင့် ပန်းတိမ်များတို့ထုလုပ်မွမ်းမံ ကြပြီးလျှင်၊ အပြာထည်၊ အမောင်းထည်များနှင့် ခြုံလေ့ရှိ၏။
10-11 ထိုသူတို့အား၊ မိုးမြေကိုမဖန်ဆင်းသောဘုရားများသည်၊ မိုးကောင်းကင်အောက်မှလည်းေကာင်း၊ မြေပေါ်မှလည်းေကာင်း၊ ပျောက်ကွယ်ကြလတ္တံ့ဟုဆိုကြလော့။ ထာဝရဘုရားမူကား၊ ဟုတ်မှန်သောဘုရား၊ အသက်ရှင်တော်မူသောဘုရား၊ ထာဝရဘုရင်မင်းမြတ်ဖြစ်တော်မူ၍၊ မြေပထဝီသည်၊အမျက်တော်ကြောင့်တုန်လှုပ်လျက်၊ လူမျိုးခြားတို့လည်း၊ ကိုယ်တော်၏ဒေါသကိုမခုခံနိုင်ချေ။
12 ကိုယ်တော်သည်တန်ခိုးတော်အားဖြင့် မြေပထဝီကိုဖန်ဆင်း၍၊ ဉာဏ်ပညာတော်အားဖြင့်လောကကိုတည်လျက်၊ ဉာဏ်ပဋိဘာန်တော်အားဖြင့် မိုးကောင်းကင်ကိုကြက်တော်မူလေပြီ။
13 အသံတော်ကိုလွှင့်သောအခါ၊ အာကာသကောင်းကင်၌ရေဟုန်းခြင်း၊ မြေကြီးအစွန်းအဖျားများမှ မိုးသားတက်ခြင်း၊ မိုးရွာစေရန်လျှပ်စစ်ပြက်ခြင်း၊ လှောင်တိုက်တော်များမှလေပြင်းထွက်ခြင်းများကို၊ စီမံတော်မူသည့်အလျောက်၊
14 ဇီဝသက်မဲ့၊ အချည်းနှီးဖြစ်သောကိုယ့်ရုပ်ပွားဆင်းတုကိုထောက်၍၊ ပန်းထိမ်တိုင်းအရှက်ရသည့်ပြင်၊ လူခပ်သိမ်းတို့လည်း၊ ဉာဏ်ပညာအသိပညာကင်းပျောက်ရာရောက်ကြ၏။
15 ထိုရုပ်တုများသည်၊ အနတ္တအမှု၊ ကဲ့ရဲ့ရာအမှုဖြစ်လျက်၊ ဒဏ်စီရင်ခြင်းကိုခံရသည့်ကာလ၊ ပျက်စီးကြလိမ့်မည်။
16 ယာကုပ်၏ပိုင်စုဖြစ်သော ဘုရားသည်၊ ထိုဆင်းတုများနှင့်မတူချေ။ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားဟူသော နာမတော်ရှိသည့်အလျောက်၊ အရာခပ်သိမ်းကို ဖန်ဆင်း တော်မူသောဘုရားဖြစ်၏။ ပိုင်တော်မူရာအမျိုးအနွယ်ကား၊ ဣသရေလတည်း။
17-18 အိုဝိုင်းထားခြင်းကိုခံရသောမြို့၊ ထာဝရဘုရားက၊ ယခုကာလငါသည်၊ ဤပြည်သူပြည်သားတို့ကိုပစ်လိုက်၍၊ ဒုက္ခခံစားရသည့်တိုင်အောင်၊ ရန်ပြုလိမ့်မည်ဟုမိန့်တော်မူ သောကြောင့်၊ ကိုယ့်အထုပ်အပိုးကို မြေပေါ်ကချီသွားလော့။
19-20 အကျိုးနည်းလေစွ။ ကျိုးပဲ့ခြင်းကိုငါခံရ၏။ အနာပြင်းလှ၏။ ငါ့တဲပျက်၍ ကြိုးများပြတ်လေပြီ။ သားသမီးတို့လည်းထွက်သွားပျောက်ဆုံးကြပြီ။ တဲစိုက်၍တင်းတိမ်ရံများကို ကာသူမရှိဟူ၍လည်းေကာင်း၊ သို့ရာတွင်၊ ကိုယ့်အနာကို ကိုယ်ခံရသည်ဟူ၍လည်းေကာင်း၊ ငါအောက်မေ့၏။
21 အထိန်း အကျောင်းတို့သည် ဉာဏ်ကင်း၍၊ ထာဝရဘုရားထံမမေးမလျှောက်ကြသည့်အတွက်၊ အကြံမမြောက်သည့်ပြင်၊ ထိန်းကျောင်းခံရသူအပေါင်းတို့သည်ကွဲလွင့်ကြလေပြီ။
22 နားထောင်ကြဦး။ ယုဒပြည်မြို့ရွာများကို ခွေးအတို့အောင်းရာဖုန်းဆိုးကုန်းဖြစ်စေခြင်း ငှာ၊ တုန်လှုပ်ခြင်း သတင်းဆိုးသည်၊ မြောက်ပိုင်းပြည်မှ ထွက်လာပြီတကား။
23 အိုထာဝရဘုရား၊ ကိုယ့်သွားရာလမ်းကို လူယုတ်သော်လည်းေကာင်း၊ ကိုယ့်ခြေလှမ်းခြင်း၊ လျှောက်သွားခြင်းကိုလူမြတ်သော်လည်းေကာင်း၊ မပိုင်ကြောင်း၊ အကျွန်ုပ်သိလှပါ၏။
24 အိုထာဝရဘုရား၊ သိမ်ဖျင်းရာသို့ အကျွန်ုပ်တို့ မရောက်စေခြင်းငှာ၊ အမျက်တော်ဖြင့်မဟုတ်။ တရားသဖြင့်သာဆုံးမတော်မူပါ။
25 ယာကုပ်အမျိုးကိုကုန်ဆုံးအောင်မျိုစားလျက်၊ နေထိုင်ရာပါဖျက်ဆီးကြသည့်အတွက်၊ ကိုယ်တော်ကို မသိသောလူမျိုးခြား၊ နာမတော်အား ပဌနာမပြုသောလူမျိုးများ အပေါ်တွင်၊ အမျက်တော်ကိုသွန်းလောင်းတော်မူပါ။