2
1 ညီအစ်ကိုတို့၊ ဘုန်းကြီးတော်မူသောငါတို့အရှင်ယေရှုခရစ်၏ ယုံကြည်ခြင်းတရားတော်ကိုစွဲကိုင်ရာ မျက်နှာမငဲ့ကြနှင့်။
2 သင်တို့ဓမ္မာရုံသို့ ရွှေလက်စွပ်နှင့်အဝတ်ကောင်းဝတ်ဆင်သူတစ်ယောက်၊ အဝတ်ညံ့ဝတ်ဆင်သူ ဆင်းရဲသားတစ်ယောက် ဝင်လာကြရာ၊
3 အဝတ်ကောင်းဝတ်ဆင်သူကိုထောက်ထား၍ သင်တို့ကဤနေရာကောင်းမှာထိုင်ပါဟူ၍လည်းေကာင်း၊ ဆင်းရဲသူ့အား ထိုတွင်ရပ်နေလော့၊ သို့မဟုတ် ငါ့ခြေတင်ခုံအနီးအောက်မှာထိုင်လော့ဟူ၍လည်းေကာင်း ပြောဆိုလျှင်၊
4 သင်တို့ဘောင်တွင်မျက်နှာရွေးသဖြင့် မကောင်းသောအကြံအစည်နှင့်စီရင်သူများ ဖြစ်ကြသည်မဟုတ်လော။
5 ငါချစ်သောညီအစ်ကိုတို့၊ နာခံကြဦး။ ကိုယ်တော်ကိုချစ်သူတို့အား ကတိထားတော်မူသောနိုင်ငံတော်၏ အမွေခံများ၊ ယုံကြည်ခြင်း၌သူကြွယ်များဖြစ်စေရန် ဤလောကတွင်ဆင်းရဲသားတို့ကို ဘုရားသခင်ရွေးချယ်တော်မူသည်မဟုတ်လော။
6 သင်တို့မူကား ထိုဆင်းရဲသားကိုအသရေရှုတ်ချကြလေပြီ။ သူကြွယ်တို့သည် သင်တို့ကိုနှိပ်စက်၍ တရားပလ္လင်များရှေ့ဆွဲငင်ခြင်း၊
7 သင်တို့သမုတ်ခံသောနာမတော်မြတ်ကို ပုတ်ခတ်ခြင်း ပြုကြသည်မဟုတ်လော။
8 မုချအားဖြင့် အပေါင်းအဖော်ကို ကိုယ်နှင့်အမျှချစ်လော့ဟူသောကျမ်းချက်အတိုင်း ရွှေပညတ်တော်ကို သင်တို့စောင့်ရှောက်လျှင် သင့်လျော်မည်။
9 မျက်နှာငဲ့လျှင်မူကား ပြစ်မှား၍ကျူးလွန်သူများအဖြစ် ထိုပညတ်တော်အားဖြင့် အပြစ်သင့်လိမ့်မည်။
10 မည်သူမဆို တရားတော်အလုံးစုံကိုစောင့်ရှောက်ရာ ပညတ်တစ်ချက်မှောက်မှားလျှင် ပညတ်ရှိသမျှနှင့်စပ်၍ ပြစ်ဒဏ်ခံထိုက်၏။
11 အသို့ဆိုသော် သူ့သားအိမ်ရာကိုမပြစ်မှားနှင့်ဟု မိန့်တော်မူသောအရှင်က သူ့အသက်ကိုမသတ်နှင့်ဟူ၍လည်းမိန့်တော်မူသည့်အလျောက် သင်သည်သူ့သားအိမ်ရာကိုမပြစ်မှားသော်လည်း သတ်မိလျှင် တရားတော်ကိုလွန်ကျူးသူဖြစ်လေပြီ။
12 လွတ်ခွင့်ဆိုင်ရာတရားအတိုင်းစီရင်ဆုံးဖြတ်ခံရမည့်သူများအဖြစ် ပြောဆိုပြုမူကြလော့။
13 မသနားခဲ့သူ့ကိုစီရင်ဆုံးဖြတ်ခြင်းသည် သနားခြင်းကင်းလိမ့်မည်။ သနားလျှင်မူကား စီရင်ဆုံးဖြတ်ခြင်းကို အောင်မြင်လိမ့်သတည်း။
14 ညီအစ်ကိုတို့၊ တစ်ဦးဦးကယုံကြည်ခြင်းရှိသည်ဟုဆိုလျက် ကိုယ်ကျင့်မပါလျှင် မည်သည့်အကျိုးရှိသနည်း။ ထိုယုံကြည်ခြင်းဖြင့် ကယ်တင်ရာရောက်မည်လော။
15 ညီအစ်ကိုဖြစ်စေ၊ နှမဖြစ်စေ၊ နေ့စဉ်စားရာမဲ့ ဝတ်ရာမဲ့နေသော်၊
16 သင်တို့တစ်ဦးဦးက အချမ်းလုံလျက်၊ ရောင့်ရဲလျက်၊ စိတ်အေးစွာသွားလေတော့ဟု ကိုယ်ခန္ဓာလိုရာကို မပေးဘဲဆိုလျှင် မည်သည့်အကျိုးရှိအံ့နည်း။
17 ထိုနည်းတူ ယုံကြည်ခြင်းသည်ကိုယ်ကျင့်မပါလျှင် ပြကတေ့အသေဖြစ်၏။
18 တစ်ဦးက သင်၌ယုံကြည်ခြင်းရှိ၏။ ငါ၌ကိုယ်ကျင့်ရှိ၏။ ကိုယ်ကျင့်ကင်းသော သင့်ယုံကြည်ခြင်းကိုပြလော့။ ငါမူကားကိုယ်ကျင့်များဖြင့် ငါ့ယုံကြည်ခြင်းကိုပြမည်။
19 ဘုရားသခင်သည် တစ်ဆူတည်းဖြစ်ကြောင်းသင်ယုံသည်မှာ သင့်လျော်ပေ၏။ နတ်ဆိုးတို့လည်းယုံ၍ ကြက်သီးထကြသည်တကားဟု ဆိုလိမ့်မည်။
20 အချင်းလူမိုက်၊ ကိုယ်ကျင့်ကင်းသောယုံကြည်ခြင်းသည် အကျိုးမရှိကြောင်းသိလိုသလော။
21 ငါတို့အဘအာဗြဟံသည် သားဣဇာက်ကိုပူဇော်ရာပလ္လင်ပေါ်မှာဆက်ကပ်သည်တွင် ကိုယ်ကျင့်အားဖြင့် ဖြောင့်မတ်ရာရောက်ခဲ့သည်မဟုတ်လော။
22 ကိုယ်ကျင့်နှင့်အတူယုံကြည်ခြင်းပြုပြင်ရာ ကိုယ်ကျင့်အားဖြင့် ယုံကြည်ခြင်းစုံလင်ရာရောက်သည့်အလျောက်၊
23 အာဗြဟံသည် ဘုရားသခင်ကိုယုံကြည်သဖြင့် သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းဟုမှတ်တော်မူသည်ဟူသော ကျမ်းချက်အတည်ဖြစ်လျက် ဘုရားသခင့်အဆွေတော်ဟုအခေါ်ခံရသည်ကို သင်သိမြင်၏။
24 ထိုကြောင့်လူသည် ယုံကြည်ခြင်းအားဖြင့်သာမဟုတ်။ ကိုယ်ကျင့်အားဖြင့် ဖြောင့်မတ်ရာရောက်သည်ကို သင်တို့သိမြင်နိုင်ကြ၏။
25 ထိုနည်းတူပြည့်တန်ဆာရာခပ်လည်း စေတမန်ဖြစ်သူတို့ကိုလက်ခံပြီးနောက် အခြားလမ်းဖြင့်လွတ်လိုက်ရာ ကိုယ်ကျင့်အားဖြင့် ဖြောင့်မတ်ရာကိုရောက်ခဲ့သည်မဟုတ်လော။
26 နာမ်ကင်းသောရုပ်သည်အသေဖြစ်သကဲ့သို့ပင် ကိုယ်ကျင့်ကင်းသောယုံကြည်ခြင်းသည် အေသဖြစ်၏။