3
ထာဝရဘုရား၏အမိန့်တော်သည်၊ ဒုတိယအကြိမ် ယောနထံရောက်လာသည်ကား၊ နိနဝေမြို့ကြီးသို့ထသွားပြီးလျှင်၊ ငါမှာထားသောစကားကိုကြွေးကြော်လော့ဟု မိန့်တော်မူ၏။ ထိုအခါ၊ ထာဝရဘုရား၏အမိန့်တော်အတိုင်း၊ ယောနသည် ထ၍ နိနဝေမြို့သို့သွားလေ၏။ နိနဝေမြို့သည် သုံးရက်ခရီးတိုင်တိုင် အလွန်ကျယ်ဝန်းသောမြို့ကြီးဖြစ်သတည်း။ ယောနသည် မြို့ထဲသို့ဝင်၍၊ တစ်ရက်ခရီးသွားပြီးလျှင်၊ အရက်လေးဆယ်လွန်သော်၊ နိနဝေမြို့သည် ပြိုလဲပျက်စီးခြင်းသို့ ရောက်လိမ့်မည်ဟု ကြွေးကြော်ရာ၊ နိနဝေမြို့သားတို့သည် ဘုရားသခင်ကိုယုံသဖြင့်၊ အစာရှောင်ရာနေ့ကိုကြော်ငြာ၍၊ လူကြီးလူငယ်အပေါင်းတို့သည် လျှော်တေအဝတ်ကိုဝတ်ကြကုန်၏။ နိနဝေဘုရင်မင်းသည် ထိုသတင်းကိုကြားသောအခါ၊ ရာဇပလ္လင်တော်မှဆင်း၍ ဝတ်လဲတော်ကိုချွတ်ပြီးလျှင်၊ လျှော်တေကိုဝတ်ခြုံ၍ ပြာထဲတွင်ထိုင်နေလေ၏။ ဘုရင်မင်းနှင့် မှူးမတ်တို့ပြဋ္ဌာန်းချက်အတိုင်း၊ နိနဝေတစ်မြို့လုံးတွင် ကြော်ငြာစေသည်မှာ၊ လူသတ္တဝါ၊ သိုးနွားမှစ၍ တိရစ္ဆာန်တို့သည်၊ မည်သည့်အရာကိုမျှမမြည်းကြစေနှင့်။ အစာကိုမစား၊ ရေကိုမသောက်ကြစေနှင့်။ လူသတ္တဝါတိရစ္ဆာန်တို့သည် လျှော်တေကိုဝတ်ကြစေ။ အားထုတ်၍ဘုရားသခင်ကို ဟစ်ခေါ်ကြစေ။ အသီးအသီးတို့လိုက်သော ဒုစရိုက်လမ်းမှလည်းေကာင်း၊ လက်အသုံးပြုသော အဓမ္မမှုမှလည်းေကာင်း၊ ကြဉ်ရှောင်ကြစေ။ ငါတို့မပျက်စီးစေခြင်းငှာ၊ ဘုရားသခင်သည် စိတ်တော်လည်၍ ပြောင်းလဲသဖြင့်၊ အမျက်တော်အရှိန်ကိုငြိမ်းစေတော်မူမည်၊ မမူမည်ကို၊ အဘယ်သူသိနိုင်သနည်းဟု ဆင့်ဆိုစေ၏။ 10 မြို့သားတို့သည်လည်း၊ ဒုစရိုက်လမ်းမှကြဉ်ရှောင်၍၊ အကျင့်အမူများကို ဘုရားသခင်သိမြင်လျှင်၊ မိန့်မြွက်တော်မူခဲ့သော ဘေးဒဏ်မှ စိတ်တော်ပြောင်းလဲ၍၊ မပေးဘဲနေတော်မူ၏။