2
ထိုအခါယောနသည်၊ ငါး၏ဝမ်းထဲမှ၊ ကိုယ့်ဘုရားသခင်ထာဝရဘုရားကိုဆုတောင်းပဌနာပြုသည်ကား၊ အကျွန်ုပ်သည် ဒုက္ခခံရသောကြောင့်၊ ထာဝရဘုရားကိုဟစ်ခေါ်၍၊ ကိုယ်တော်သည် ထူးတော်မူ၏။ မရဏာ့နိုင်ငံ၏ ဝမ်းထဲမှဟစ်သောအသံကိုနားညောင်းတော်မူ၏။ ကိုယ်တော်သည် အကျွန်ုပ်ကိုနက်စွာသောအရပ်၊ သမုဒ္ဒရာအလယ်ချက်ထဲသို့ပစ်ချတော်မူသဖြင့်၊ ရေအလျဉ်သည် ဝန်းဝိုင်း၍၊ လှိုင်းတံပိုးတော်ရှိသမျှသည် လွှမ်းမိုးပါ၏။ ထိုသို့မျက်မှောက်တော်မှနှင်ထုတ်ခြင်းခံရသော်လည်း၊ သန့်ရှင်းသောဗိမာန်တော်သို့ ထပ်မံမျှော်ကြည့်ဦးမည်ဟုအောက်မေ့လျက်နေပါ၏။ ရေများသည် အကျွန်ုပ်အသက် မရှုသာအောင် ပတ်ဝန်းကျင်၌ရှိ၍၊ သမုဒ္ဒရာသည် အကျွန်ုပ်ကိုဝန်းဝိုင်းလျက်ရှိပါ၏။ ပင်လယ်မြက်သည်လည်း အကျွန်ုပ်ဦးခေါင်းကို ပေါင်းရစ်လျက်ရှိပါ၏။ တောင်ခြေရင်းသို့အကျွန်ုပ်ဆင်းရ၍၊ မြေကြီး၏ကန့်လန့်ကျင်များဖြင့် အစဉ်အမြဲ ထိုးပိတ်ထားသော်လည်း၊ အကျွန်ုပ်၏ ဘုရားသခင်ထာဝရဘုရားကိုယ်တော်သည် အကျွန်ုပ်အသက်ကို၊ ပျက်စီးရာတွင်းထဲမှ ဆယ်ယူတော်မူပါပြီ။ အကျွန်ုပ်သည် စိတ်ပျက်သောအခါ၊ ထာဝရဘုရားကို သတိရ၍အကျွန်ုပ်၏ပဌနာသည် သန့်ရှင်းသောဗိမာန်တော်သို့ကိုယ်တော့်ထံဝင်ရောက်ပါ၏။ မုသာအနတ္တကိုဂရုပြုတတ်သောသူတို့သည်၊ ကိုယ်၌ ကရုဏာသက်ရာ အကြောင်းကိုစွန့်ပစ်ကြပါ၏။ အကျွန်ုပ်မူကား၊ ကျေးဇူးတော်ကိုချီးမွမ်းသောအသံနှင့်ကိုယ်တော်အား ယဇ်ပူဇော်ပါမည်။ ထားခဲ့သောသစ္စာဝတ်များကိုဖြေပါမည်။ ကယ်တင်ခြင်းအမှုမှာ၊ ထာဝရဘုရားနှင့်စပ်ဆိုင်ပါသည်ဟု ဆုတောင်းလေ၏။ 10 ထိုအခါ ငါးသည်၊ ထာဝရဘုရားအမိန့်ပေးတော်မူသည့်အတိုင်း၊ ယောနကိုကုန်းပေါ်သို့အန်ထုတ်ရလေ၏။