40
1-2 ထို့နောက်ထာဝရဘုရားက၊ အဆုံးအမ ပေးသူသည်၊ အနန္တတန်ခိုးရှင်နှင့်ဘက်ပြိုင်မည် လော။ ငါဘုရားအားချေပလိုသူသည် တုံ့ပြန်စေဟု၊ ယောဘအားမိန့်မြွက် တော်မူပြန်လျှင်၊
3-5 ယောဘက၊ အကျွန်ုပ်သည် ယုတ်ညံ့လှ၍၊ မည်သို့ပြန်လျှောက်ရအံ့နည်း။ နှုတ်ကိုလက်နှင့်ပိတ်ထားပါမည်။ တစ်ကြိမ်မက၊ နှစ်ကြိမ်မြောက်လျှောက်မိခဲ့ပါပြီ။ ဆက်လက် ၍ တုံ့ပြန်တော့မည်မဟုတ်ပါဟု၊ ထာဝရဘုရားအားလျှောက်ထားလေ၏။
6 ထိုအခါ၊ ထာဝရဘုရားသည် လေပြင်းမုန်တိုင်းထဲမှ ယောဘအား တုံ့ပြန်မိန့်မြွက်တော်မူသည်ကား၊
7 သင့်အား ငါမေးမြန်းသည့်အတိုင်း၊ ယောက်ျားဘာဝခါးစည်းလျက်ဖြေဆိုလော့။
8 သင်သည် ဖြောင့်မတ်ရာရောက်စေခြင်းငှာ၊ ငါဖြောင့်မတ်ခြင်းကို ငြင်းဆို၍၊ ငါ့ကိုပြစ်တင်စီရင်မည်လော။
9 ငါဘုရားကဲ့သို့လက်ရုံးရည်ရှိသည့်ပြင်၊ ငါ့အသံကဲ့သို့ မိုးချုန်းနိုင်သလော။
10 တတ်ပေမူ၊ မြင့်မြတ်ချီးမြှောက်ခြင်းနှင့် ဆင်ယင်လျက်၊ ဘုန်းအာနုဘော်ကိုဝတ်ခြုံပြီးလျှင်၊
11-12 ဒေါသအမျက်ထ၍၊ စိတ်မြင့်ထောင်လွှားသမျှသောသူတို့ကို ရှုမှတ်ရှုတ်ချနှိမ်နှင်းလျက်၊ လူဆိုးတို့ကိုလည်း နေရင်းအရပ်တွင် နင်းချေပြီးနောက်၊
13 မြေမုန့်ဖြင့်အတူတကွမြှုပ်ကွယ်၍၊ မျက်နှာများကို မှောင်မိုက်နှင့်ဖုံးအုပ်လော့။
14 သို့ပြုလျှင်၊ ကိုယ့်လက်ရုံးဖြင့် ကိုယ်ကိုကယ်နိုင်လေစွဟု၊ ငါချီးမွမ်းလိမ့်သတည်း။
15 သင်နှင့်အတူ ငါဖန်ဆင်းသောရေမြင်းကို ဆင်ခြင်လော့။ နွားကဲ့သို့ မြက်ကိုစားသော်လည်း၊
16 ခါး၌လည်းေကာင်း၊ ဝမ်းကြော၌လည်းေကာင်း၊ ခွန်အားဗလတည်၍။
17 အမြီးသည် ထင်းရူးခက်ကဲ့သို့ တွဲလျားကျလျက်၊ ပေါင်ကြောများလည်းလိမ်ရှက်လျက်ရှိ၏။
18 အဋ္ဌိအရိုးများသည်၊ ကြေးပြွန်သံချောင်းများနှင့်တူ၏။
19 ထိုတိရစ္ဆာန်သည် ဘုရားသခင်၏ ကနားဦးအမှုအရာ ဖြစ်လျက်၊ ဖန်ဆင်းသောအရှင်က၊ လက်နက်အပ်ပေးတော်မူသည့်ပြင်၊
20 ၎င်းအစာသည်၊ မြေသတ္တဝါအမျိုးမျိုးတို့မြူးထူးရာတောင်တန်း၌ ပေါက်ထွက်တတ်၏။
21 ရေမြင်းသည်၊ စိမ့်၊ ကျူတော၊ မြစ်ချင်းပင်အောက်များ၌ ဝပ်နေသဖြင့်၊ မြစ်ချင်းပင်များသည် အရိပ်နှင့် လွှမ်းမိုး၍၊
22 မြစ်နားရှိမိုးမခပင်များလည်း ဝိုင်းကာလျက်ရှိ၏။
23 မြစ်ရေသည် တဟုန်တည်းစီးလာသော်၊ မကြောက်။ ၎င်းခံတွင်းရောက်ယော်ဒန်မြစ်တက်စီးသော်လည်း၊ စိတ်ချလျက်နေ၏။
24 ၎င်းကို အထင်အရှားဖမ်းယူ၍၊ နားဖားဖောက်လျက် ကြိုးကွင်းတပ်နိုင်သလော။