4
1 ချစ်သူတို့၊ မိစ္ဆာပရောဖက်အများသည် ဤလောကထဲသို့ထွက်သွားကြပြီဖြစ်သောကြောင့် ဝိညာဉ်တိုင်းကိုမယုံဘဲ ဘုရားသခင့်ဘက်တော်ပါဟုတ်မဟုတ် စံချကြလော့။
2 ဘုရားသခင့်ဝိညာဉ်တော်ကိုသိရမည့်နည်းမှာ ယေရှုခရစ်ကို လူ့ဇာတိဖြင့်ကြွလာတော်မူပြီဟု ဝန်ခံသောဝိညာဉ်တိုင်း ဘုရားသခင့်ဘက်တော်ပါဖြစ်၏။
3 ယေရှုကိုဝန်မခံသောဝိညာဉ်တိုင်းမူကား ဘုရားသခင့်ဘက်တော်ပါမဟုတ်ဘဲ ခရစ်တော်၏ ရန်ဘက်တော်ဖြစ်၏။ ပေါ်လာမည်ဟုသင်တို့ကြားဖူးသည့်အတိုင်း ဤလောကတွင် ယခုပင်ရှိလေပြီ။
4 သူငယ်တို့၊ ဘုရားသခင့်ဘက်တော်သားဖြစ်သော သင်တို့၌တည်တော်မူသောအရှင်သည် ဤလောက၌ တည်သောအရှင်ကြီးထက်ကြီးမြတ်တော်မူသောကြောင့် ထိုသူတို့ကို သင်တို့အောင်ကြလေပြီ။
5 သူတို့သည် ဤလောကဘက်သားဖြစ်သောကြောင့် လောကဆိုင်ရာများကိုပြောဆိုသဖြင့် လောကသားတို့နာယူတတ်ကြ၏။
6 ငါတို့မူကား ဘုရားသခင်ဘက်တော်သားဖြစ်သဖြင့် ဘုရားသခင်နှင့်ကျွမ်းဝင်သူသည် နာယူတတ်၏။ ဘုရားသခင့်ဘက်တော်သားမဟုတ်သူသည် မနာမယူတတ်။ ထိုသို့သောအားဖြင့် သမ္မာဝိညာဉ်နှင့်မိစ္ဆာဝိညာဉ်ကို ငါတို့သိရကြ၏။
7 ချစ်သူတို့၊ ငါတို့သည် အချင်းချင်းချစ်ကြကုန်အံ့။ ချစ်ခြင်းမေတ္တာသည် ဘုရားသခင်မှဖြစ်လျက် မေတ္တာရှိသူတိုင်း ဘုရားသခင်အားဖြင့်ဖွားရသူ ဘုရားသခင်နှင့်ကျွမ်းဝင်သူဖြစ်၏။
8 မေတ္တာမဲ့သူကား ချစ်ခြင်းမေတ္တာတည်းဟူသော ဘုရားသခင်နှင့်ကျွမ်းဝင်သူမဟုတ်။
9 သားတော်အားဖြင့်အသက်ရှင်ကြစေရန် ဧကပုတ္တသားတော်ကို ဤလောကသို့စေလွှတ်တော်မူရာ၌ ဘုရားသခင့်ချစ်ခြင်းမေတ္တာတော်သည် ငါတို့တွင်ထင်ရှား၏။
10 ဘုရားသခင်ကိုငါတို့ချစ်ကြရာ၌မဟုတ်။ ငါတို့ကိုဘုရားသခင်ချစ်လျက် ငါတို့အပြစ်ပြေရာပြေကြောင်းအဖြစ် သားတော်ကိုစေလွှတ်တော်မူရာ၌ ထင်ရှားသတည်း။
11 ချစ်သူတို့၊ ဘုရားသခင်သည် ငါတို့ကိုဤမျှလောက်ချစ်တော်မူလျှင် ငါတို့ကိုအချင်းချင်းချစ်သင့်ကြ၏။
12 ဘုရားသခင်ကို မည်သူမျှမမြင်စဘူးသော်လည်း ငါတို့အချင်းချင်းချစ်ကြလျှင် ဘုရားသခင်သည် ငါတို့၌တည်တော်မူလျက် ကိုယ်တော်ကိုချစ်ခြင်းလည်းငါတို့၌စုံလင်ပြီ။
13 ငါတို့သည်ကိုယ်တော်၌တည်လျက် ကိုယ်တော်လည်းငါတို့၌တည်တော်မူကြောင်း ဝိညာဉ်တော်ဆုကိုသနားတော်မူသောကြောင့် ငါတို့ကိုသိရသည့်ပြင်၊
14 သားတော်ကို ဤလောက၏ကယ်တင်ရှင်အဖြစ် ခမည်းတော်စေလွှတ်တော်မူကြောင်း ဖူးမြင်ခဲ့သည့်အတိုင်း သက်သေခံကြ၏။
15 ယေရှုကို ဘုရားသခင့်သားတော်ဖြစ်ကြောင်းဝန်ခံသူ၌ ဘုရားသခင်တည်တော်မူလျက် ထိုသူလည်း ဘုရားသခင်၌တည်သည့်အလျောက်၊
16 ငါတို့အပေါ်၌ ဘုရားသခင်သက်တော်မူသောချစ်ခြင်းမေတ္တာကို ငါတို့သိမြင်ယုံကြည်ခဲ့ကြပြီ။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူသည်နှင့်အညီ ချစ်ခြင်းမေတ္တာ၌တည်သူသည် ဘုရားသခင်၌တည်လျက် ဘုရားသခင်လည်းထိုသူ၌ တည်တော်မူ၏။
17 ငါတို့သည် ကိုယ်တော်၏အဖြစ်အနေတော်အတိုင်းပင် ဤလောကတွင်ရှိနေ၍ တရားစီရင်သည့်နေ့တော်၌ ရဲရင်ခွင့်ရရှိခြင်းအားဖြင့် ငါတို့တွင်ချစ်ခြင်းမေတ္တာစုံလင်ပြီ။
18 ချစ်ခြင်းမေတ္တာ၌ ကြောက်ရွံ့ခြင်းမရှိ။ ကြောက်ရွံ့ခြင်း၌ ပြစ်ဒဏ်ပါသည့်အလျောက် စုံလင်သောချစ်ခြင်းမေတ္တာဖြင့် ကြောက်ရွံ့ခြင်းဖဲတတ်၏။ ကြောက်ရွံ့သူသည် ချစ်ခြင်းမေတ္တာ၌မစုံလင်သေး။
19 ကိုယ်တော်သည် ဦးစွာငါတို့ကိုချစ်တော်မူသောကြောင့် ငါတို့ချစ်ကြ၏။
20 ဘုရားသခင်ကိုချစ်သည်ဟုဆိုလျက် ညီအစ်ကိုချင်းမုန်းသူသည် မုသာသုံးသူဖြစ်၏။ မြင်ဘူးသောညီအစ်ကိုချင်းမချစ်သူသည် မမြင်ဘူးသောဘုရားသခင်ကိုမချစ်နိုင်။
21 ကိုယ်တော့်ထံမှ ငါတို့ရရှိသောပညတ်တော်မှာ ဘုရားသခင်ကိုချစ်သူသည် ညီအစ်ကိုချင်းကိုလည်း ချစ်ရမည်ဟူ၍တည်း။