3
ဘုရားသခင့်သားသမီးများဟုငါတို့အခေါ်ခံရစေရန် ခမည်းတော်သည်ငါတို့အပေါ်၌ မည်မျှမေတ္တာရှိတော်မူကြောင်း ဆင်ခြင်ကြလော့။ သားသမီးများမုချဖြစ်သောကြောင့် ဤလောကသားတို့သည် ကိုယ်တော်မှန်းမသိ၍ ငါတို့ကိုမသိမမှတ်ကြ။ ချစ်သူတို့၊ ယခုဘုရားသခင့်သားသမီးများဖြစ်ကြသော ငါတို့သည် နောက်မည်သို့ဖြစ်မည်မထင်ရှားသေးသော်လည်း ထင်ရှားတော်မူသည့်ကာလ အဖြစ်တော်အတိုင်းပင် ဖူးမြင်ခွင့်ရသောကြောင့် ပုံသဏ္ဌာန်တော်အလိုက် ဖြစ်မည်ကိုသိကြ၏။ ထိုသို့ေမျှာ်လင့်ခြင်းရှိသူတိုင်းသည် ကိုယ်တော်သန့်စင်တော်မူသည့်နည်းတူ ကိုယ်ကိုသန့်စင်စေတတ်၏။ အပြစ်ပြုကျင့်သူတိုင်းသည် မတရားမှုကိုပြုကျင့်ရာရောက်၏။ အပြစ်ကား မတရားမှုတည်း။ ကိုယ်တော်သည်အပြစ်များဆောင်သွားခြင်းငှာ ထင်ရှားတော်မူခဲ့ကြောင်းကိုလည်းေကာင်း၊ ကိုယ်တော်၌ အပြစ်မရှိကြောင်းကိုလည်းေကာင်း သင်တို့သိကြ၏။ မည်သူမဆို ကိုယ်တော်၌တည်လျှင် ပြစ်မှားသည်မဟုတ်။ ပြစ်မှားသူသည်ကိုယ်တော်ကို မမြင်မသိချေ။ သူငယ်တို့၊ မည်သူမျှ သင်တို့ကိုမလှည့်ဖြားစေနှင့်။ ဖြောင့်မတ်စွာပြုကျင့်သူသည် ကိုယ်တော်ဖြောင့်မတ်တော်မူသည့်နည်းတူ ဖြောင့်မတ်၏။ အပြစ်ပြုကျင့်သူသည် အစအဦးကပြစ်မှားလေ့ရှိသော မာရ်နတ်ဘက်သားဖြစ်၏။ မာရ်နတ်၏ အမှုအရာများကိုဖြိုဖျက်ရန် ဘုရားသခင့်သားတော်ထင်ရှားတော်မူခဲ့၏။ ဘုရားသခင်အားဖြင့် ဖွားရသူမည်သူမဆို ဘုရားသခင့်မျိုးစေ့တော်တည်သောကြောင့် အပြစ်မပြု။ ဘုရားသခင့်အားဖြင့်ဖွားရသည့်အတွက် မပြစ်မှားနိုင်။ 10 ထိုသို့သောအားဖြင့် ဘုရားသခင့်သားသမီးတို့နှင့် မာရ်နတ်၏သားသမီးတို့ထင်ရှားကြ၏။ ဖြောင့်မတ်စွာမပြုကျင့်သူ၊ ညီအစ်ကိုချင်းမချစ်သူသည် ဘုရားသခင့်ဘက်တော်သားမဟုတ်။ 11 အစအဦးကသင်တို့ကြားနာခဲ့ရာ ဗျာဒိတ်တော်မှာ ငါတို့သည်အချင်းချင်းချစ်ကြရမည်ဟူ၍တည်း။ 12 မာရ်နတ်ဘက်သားဖြစ်၍ ညီကိုသတ်သောကာဣနကဲ့သို့ မဖြစ်စေရ။ အဘယ်ကြောင့်သတ်သနည်းဟုဆိုသော် ကိုယ့်အကျင့်အကြံဆိုးသွမ်း၍ ညီ၏အကျင့်အကြံဖြောင့်မှန်သောကြောင့်တည်း။
13 ညီအစ်ကိုတို့၊ သင်တို့ကို ဤလောကသားတို့မုန်းကြလျှင် အံ့သြခြင်းမရှိကြနှင့်။ 14 ငါတို့သည် ညီအစ်ကိုချင်းချစ်သောကြောင့် ​ေသခြင်းအနေမှရှင်ခြင်းအနေသို့ ကူးပြောင်းကြောင်းသိကြ၏။ မချစ်သူကား သေခြင်းအနေ၌တည်သတည်း။ 15 ညီအစ်ကိုချင်းမုန်းသူသည် လူသတ်ဖြစ်၏။ လူသတ်၌ ထာဝရအသက်မတည်သည်ကို သင်တို့သိကြ၏။ 16 ငါတို့အတွက်အသက်စွန့်တော်မူသည်ကိုထောက်၍ မေတ္တာတရားကိုသိရကြသည့်အလျောက် ငါတို့လည်းညီအစ်ကိုချင်းတို့အတွက် ကိုယ့်အသက်ကိုစွန့်စားသင့်ကြ၏။ 17 လောကစည်းစိမ်ရှိလျက် ညီအစ်ကိုချင်းဆင်းရဲသည်ကိုသိမြင်၍ သနားစိတ်ချုပ်ချယ်သူ၌ ဘုရားသခင်အားချစ်ခြင်းမေတ္တာသည် မည်သို့တည်သနည်း။ 18 သူငယ်တို့၊ နှုတ်လျှာအားဖြင့်သာမဟုတ်။ ကာယကံမြောက် မုချချစ်ကြကုန်အံ့။ 19-20 ထိုသို့သောအားဖြင့် ငါတို့သည် ကိုယ့်စိတ်နှလုံးအပြစ်တင်တိုင်းတင်တိုင်း ငါတို့စိတ်နှလုံးထက်ဘုရားသခင်ကြီးမြတ်၍ အရာခပ်သိမ်းကိုသိတော်မူသည်နှင့်အညီ သမ္မာတရားကပ်ကြောင်းသိလျက် ရှေ့တော်တွင်စိတ်ချခွင့်ရကြလိမ့်မည်။ 21 ချစ်သူတို့၊ ကိုယ်စိတ်နှလုံးအပြစ်မတင်လျှင် ငါတို့သည်ဘုရားသခင်ရှေ့တော်၌ ရဲရင့်ခွင့်ရကြသည့်ပြင်၊ 22 ပညတ်တော်များကိုစောင့်ရှောက်လျက် နှစ်သက်တော်မူဖွယ်ရာများကို ပြုကျင့်ကြသောကြောင့် တောင်းလျှောက်သမျှကို အထံတော်မှရကြလိမ့်မည်။ 23 ပညတ်တော်ကား သားတော်ယေရှုခရစ်၏နာမတော်ကိုယုံကြည်၍ မိန့်တော်မူခဲ့သည့်အတိုင်း အချင်းချင်းချစ်ကြရမည်ဟူ၍တည်း။ 24 ပညတ်တော်များကိုစောင့်ရှောက်သူသည် ကိုယ်တော်၌တည်၍ ထိုသူ၌ကိုယ်တော်တည်တော်မူ၏။ ငါတို့၌တည်တော်မူကြောင်း သနားတော်မူသောဝိညာဉ်တော်အားဖြင့် ငါတို့သိရကြ၏။