42
1 ငါမြတ်နိုးလျက်ရွေးချယ်သူ၊ ငါထောက်ပင့်သောကျွန်ရင်းပေတည်း။ ငါ့ဝိညာဉ်တော်ကိုသူ့အပေါ်တွင်တည်သည့်အလျောက်၊ ထိုသူသည်လူမျိုးခြားတို့အား၊ တရားတော်ကိုထုတ်ဆင့်လိမ့်မည်။
2 ဟစ်ကြော်မည်၊ အသံလွှင့်မည်၊ လမ်း၌ဟစ်သံကြားစေမည်မဟုတ်။
3 ကျိုးဆဲကျူကိုချိုးဖြတ်ခြင်း၊ အတောက်သေးသောမီးစာကို ငြိမ်းသတ်ခြင်းပြုမည်မဟုတ်။ တရားတော်ကိုဟုတ်မှန်စွာထုတ်ဆင့်လိမ့်မည်။
4 မြေကြီးပေါ်တွင် တရားတော်ကိုမတည်မချင်း၊ အားလျော့ခြင်း၊ စိတ်ပျက်ခြင်းမရှိ။ သူ့တရားကို ကျွန်းကြီးကျွန်းငယ်များစောင့်စားလျက်နေကြ၏။
5 မိုးကောင်းကင်ကိုဖန်ဆင်း၍ကြက်တော်မူထသော၊ မြေပထဝီနှင့် ပေါ်ပေါက်သမျှကိုဖြန့်ခင်းတော်မူထသော၊ မြေပေါ်ရှိလူသတ္တဝါတို့အားအသက်ကိုလည်းေကာင်း၊ သွားလာတတ်သမျှတို့အားဇီဝကိုလည်းေကာင်း၊ ပေးတော်မူသောဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊
6-7 ငါထာဝရဘုရားသည် ဖြောင့်မတ်သည့်အတိုင်း၊ သင့်ကိုခေါ်ထားပြီဖြစ်၍ လက်ဆွဲမည့်ပြင်၊ အကျဉ်းသားတို့ကိုနှောင်အိမ်မှလည်းေကာင်း၊ မှောင်၌ထိုင်နေရသူတို့အလုံထောင်မှလည်းေကာင်း၊ ထုတ်ဆောင်ခြင်း၊ ကန်းသောမျက်စိပွင့်လင်းခြင်းများကိုပြုစေရန်၊ လူမျိုးတော်အားပဋိညာဉ်အဖြစ်၊ လူမျိုးခြားတို့အား အလင်းအဖြစ်ဖြင့်အပ်ပေးခန့်ထားလိမ့်မည်။
8 ငါသည် ယေဟောဝါဖြစ်၏။ နာမတော်ကား ထိုသို့ပင်တည်း။ ငါ့ဘုန်းတော်ကိုသူတစ်ထူးအားလည်းေကာင်း၊ ငါ့ဂုဏ်တော်ကိုရုပ်ပွားဆင်းတုအားလည်းေကာင်း၊ လွှဲအပ်မည်မဟုတ်။
9 အတိတ်ဟောချက်များသည် ပြည့်စုံပြီ။ သစ်သောအရာများမပေါ်မထွန်းမီ သင်တို့အား ငါတင်ရင်ဟောပြောဖော်ပြသည်တကားဟု မိန့်တော်မူ၏။
10 သမုဒ္ဒရာကိုကူးသန်းသူတို့မှစ၍၊ သမုဒ္ဒရာ၏ကြွယ်ဝပြည့်စုံသမျှ၊ ကျွန်းကြီးကျွန်းငယ်နှင့်တကွနေထိုင်သူအပေါင်းတို့၊ ထာဝရဘုရားအားသီချင်းသစ်ကိုဆိုကြလော့။ မြေကြီးအစွန်းအဖျားမှပင် ဂုဏ်တော်ကိုချီးမွမ်းကြလော့။
11 သဲတောနှင့်သဲတောရှိမြို့ရွာများ၊ ကေဒါအမျိုးသားတို့နေထိုင်ရာကျေးရွာများ၊ ကြွေးကြော်ပါစေ။ ကျောက်တောင်တွင် ခိုသူတို့လည်း တောင်ထိပ်ပေါ်က ကျူးဧကြွေး ကြော်၍၊
12 ကျွန်းကြီးကျွန်းငယ်များ၌ ထာဝရဘုရား၏ဘုန်းတော်ဂုဏ်တော်ကိုဖော်ပြချီးမွမ်းကြစေ။
13 ထာဝရဘုရားသည် ရဲမက်ကဲ့သို့ကြွချီ၍၊ သူရဲသဖွယ်စိတ်အားသန်သဖြင့်၊ ရန်သူတော်တို့ကို ရဲရင့်စွာတိုက်လျက်၊ ကြိမ်းဝါးသံ၊ တပ်သံပေးတော်မူသည်မှာ၊
14 ငါသည် အဓွန့်ရှည်စွာချုပ်တည်း၍ ဆိတ်ဆိတ်နေခဲ့ပြီ။ ယခုမှာ၊ သားဖွားသောမိန်းမ ကဲ့သို့၊ အော်ဟစ်မောဟိုက်ရှူရှိုက်လျက်၊
15 တောင်ကုန်းများပြိုပျက်ခြင်း၊ ပေါက်သမျှညှိုးနွမ်းခြင်း၊ မြစ်များသောင်ထွန်းခြင်း၊ အိုင်များခန်းခြောက်ခြင်းများကိုပြုသည့်ပြင်၊
16 မျက်မမြင်တို့ကို၊ မသိမကျွမ်းကြသောလမ်းခရီးတွင် လမ်းပြပို့ဆောင်လျက်၊ ၎င်းတို့ရှေ့အမှောင်ကိုအလင်း၊ မောက်ရာကိုလွင်ပြင်ဖြစ်စေလိမ့်မည်။ ထိုအမှုအရေးများကို အကြံမလျော့ဘဲ၊ ငါစီရင်လိမ့်မည်ဟူ၍တည်း။
17 ရုပ်ပွားဆင်းတုတို့အား၊ အကျွန်ုပ်တို့ဘုရားဟုဝန်ခံလျက် ကိုးစားသူတို့မူကား ဆုတ်လန်ခြင်း၊ ကြီးစွာအရှက်ကွဲခြင်းကိုခံရကြလိမ့်မည်။
18 နားထိုင်းသူတို့၊ နားစိုက်ကြလော့။ မျက်ကန်းတို့၊ မြင်ရန်ကြည့်ကြလော့။
19 ငါ့ကျွန်ရင်းမဟုတ်လျှင်၊ မည်သူကန်းသနည်း။ ငါ့စေတမန်နှင့်အမျှ မည်သူနားထိုင်းသနည်း။ ငါနှင့်ကျွမ်းဝင်သူကျွန်ရင်းနှင့်အမျှ မည်သူကန်းသနည်း။
20 သင်သည် များပြားသောအခြင်းအရာကိုမြင်လျက်ပင်၊ ဂရုမပြုတတ်။ နားပွင့်လျက်ပင်၊ မကြားတတ်။
21 ဖြောင့်မတ်တော်မူသည့်အတိုင်း ထာဝရဘုရားသည် တရားတော်ကိုချီးမြှောက်ဂုဏ်တင်မည်ဟု သဘောထားတော်မူသော်လည်း။
22 ဤလူမျိုးအပေါင်းတို့သည်၊ လုယက်သုံ့ပန်းခြင်း၊ တွင်းလှောင်ထားခြင်း၊ နှောင်အိမ်တွင်ဝှက်ထားခြင်းများကိုခံရကြသည့်အလျောက်၊ ကယ်သူကင်းလျက်အလုအယက် အဖြစ်သို့လည်းေကာင်း၊ ပြန်ပို့လော့ဟုဆိုသူကင်းလျက်၊ အသုံ့အပန်းအဖြစ်သို့လည်းေကာင်း၊ ရောက်ကြရှာလေစွ။
23 သင်တို့အနက် ဤအဖြစ်အပျက်ကို နားစိုက်၍၊ နောက်နောင်နာခံနားထောင်မည့်သူကား မည်သူနည်း။
24 သုံ့ပန်းသူတို့အား ယာကုပ်ကိုလည်းေကာင်း၊ လုယက်သူတို့အားဣသရေလကိုလည်းေကာင်း၊ မည်သူအပ်ခဲ့သနည်း။ နည်းလမ်းတော်၌မလျောက်မလိုက်လို၊ တရားတော်ကိုမကျင့်မစောင့်ဘဲ၊ ငါတို့ပြစ်မှားကြရာထာဝရဘုရားကိုမဟုတ်တုံလော။
25 သို့နှင့်အညီအမျက်တော်အရှိန်၊ စစ်တိုက်ခြင်းအဟုန်များကိုသွန်းလောင်းတော်မူသဖြင့်၊ ပတ်လည်၌မီးတိုက်ခြင်း၊ မီးလောင်ခြင်းခံရလျက်ပင်၊ ထိုလူမျိုးမသိမမှတ်၊ အလေးမမူနေကြသည် တကား။