ဟဗက္ကုတ်ကျမ်း
1
ပရောဖက် ဟဗက္ကုတ်မြော်မြင်ရသောဗျာဒိတ်ချက်ဟူမူကား။ အိုထာဝရဘုရား၊ ကိုယ်တော်နားညောင်းတော်မမူဘဲ၊ မည်မျှကြာကြာအကျွန်ုပ်အော်ရပါမည်နည်း။ အဓမ္မပါတကားဟုဟစ်သော်လည်း၊ ကယ်တော်မမူပါ။ ဒုစရိုက်ကိုခင်းပြ၍၊ မကောင်းကို ကြည့်နေတော်မူသည်မှာ အသို့နည်း။ အကျွန်ုပ်ရှေ့တွင် ကြမ်းကြုတ်မှု၊ အဓမ္မမှုတည်ရှိသည့်အလျောက်၊ ဘက်ပြိုင်ခြင်း၊ ရန်တွေ့ခြင်းပေါ်ပေါက်သဖြင့်၊ တရားသည် အကျိုးမဲ့လျက်၊ ဆုံးဖြတ်ချက်လည်း မဖြောင့်ဘဲရှိနေလေစွ။ သူတော်ကောင်းတို့ကို မသူတော်တို့ ဝန်းဝိုင်း နေကြသည့်အလျောက်၊ ထုတ်ဆင့်သောဆုံးဖြတ်ချက်သည် ကောက်ကျစ်ပါ၏။
လူမျိုးခြားတို့တွင် အဖြစ်အပျက်ကို၊ ရှုကြည့်မှတ်သား၍ အံ့အားသင့်လျက်နေကြလော့။ ကြား၍မယုံနိုင်သောအမှုကို၊ သင်တို့လက်ထက်၌ပင်၊ ငါစီရင်မည်။ ကိုယ်မပိုင်သောနေရပ်များကို ပိုင်ယူအံ့သောငှာ၊ မြေပထဝီတစ်လျောက်ချီလာလျက်၊ ပြင်းထန်လျင်လွန်းသောခါလဒဲလူမျိုးကို၊ ငါပေါ်ထွန်းစေမည်။ ထိုလူမျိုးသည် ကြောက်ရွံ့ထိန့်လန့်ဖွယ်ဖြစ်လျက်၊ ကိုယ့်ရာဇသတ်နှင့်အာဏာပိုင်ခြင်းကို၊ အလိုအလျောက်ပေါ်ထွက်စေ၏။ ချင်းတို့မြင်းတပ်သည်၊ ကျားသစ်ထက်လျင်မြန်၍၊ ညဉ့်နေချိန် လှည့်လည်သောဝံပုလွေထက် ကြမ်းတမ်း၏။ မြင်းစီးသူရဲတို့လည်း၊ ဝေးကွာရာမှ မောက်မာစွာ ချီလာလျက်၊ ကိုက်စားရန်ထိုးသုတ်သောလင်းယုန်ကဲ့သို့၊ တစ်ဟုန်တည်းပျံကြ၏။ ထိုအလုံးအရင်းသည်၊ ရှေ့သို့မူသောမျက်နှာနှင့် ချီလာလျက်၊ ကြမ်းကြုတ်စွာလုပ်ကြံခြင်း၊ 10 သဲလုံးနှင့်အမျှ သုံ့ဘမ်းခြင်း၊ ဘုရင်များနှင့် မှူးမတ်တို့ကိုပြက်ရယ်ပြောင်လှောင်ခြင်း၊ ခံတပ်ဟူသမျှကို အလေးမမူဘဲ၊ မြေမုန့်ဖို့၍ သိမ်းယူခြင်းများကိုပြုပြီးလျှင်၊ 11 လေဗွေကဲ့သို့အေသာ့ကူးသွားတတ်၏။ ကိုယ့်အစွမ်းသတ္တိကို၊ ကိုယ့်ဘုရားမှတ်သည်နှင့်၊ ပြစ်ဒဏ်ခံထိုက်ရာရောက်သည်တကား။
12 အိုအကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ အိုအကျွန်ုပ်၏သန့်ရှင်းသောအရှင်၊ ကိုယ်တော်သည်၊ ရှေးမဆွကပင် တည်ရှိတော်မူသည်မဟုတ်ပါလော။ အကျွန်ုပ် တို့သည်၊ ပျက်စီးတော့မည်မဟုတ်ပါ။ ကျောက်တောင်တော်ဖြစ်သော အိုထာဝရဘုရား၊ ဆုံးမရန်၊ တရားစီရင်ရန်မှန်သမျှသာ၊ ထိုလူမျိုးကို ကိုယ်တော်ခန့်ထားစီမံတော်မူလေပြီ။ 13 ဆိုးသွမ်းမှုကိုမရှု၊ မကောင်းကိုလည်းမကြည့်နိုင်အောင်၊ စင်ကြယ်သောစက္ခုတော်ရှိသော အိုအရှင်၊ သစ္စာဖျက်သူတို့ကို ရှုကြည့်တော်မူလျက်၊ ကိုယ့်ထက်ဖြောင့်မတ် သူတို့ကို၊ လူဆိုးတို့မျိုစားကြရာ၌ ဆိတ်ဆိတ်နေတော်မူသည်မှာ၊ အသို့ပါနည်း။ 14 မင်းမရှိသော မစ္ဆပိုးမွှားကစ၍ရေသတ္တဝါများကဲ့သို့၊ ရောက်စေတော်မူသောလူသတ္တဝါတို့ကို၊ 15 ထိုလူမျိုးသည်၊ ချိတ်နှင့်မျှားလျက်၊ ကွန်နှင့်အုပ်လျက်၊ ပိုက်နှင့်ဆွဲလျက်၊ အားရရွှင်လန်းသည်နှင့်၊ 16 အစာအာဟာရကိုလုံလောက်စွာ ပေးတတ်သောထိုကွန်အားပူဇော်ခြင်း၊ ပိုက်အားဆက်ကပ်ခြင်းပြုလေ့ရှိ၏။ 17 ထိုသို့ပြုသောကြောင့်၊ ကွန်ချခွင့်၊ လူမျိုးခြားတို့ကိုမညှာဘဲလုပ်ကြံခွင့်၊ ရှိမြဲရှိဦးမည်လော။