4
1 ထိုကြောင့်ငြိမ်ဝပ်ရာချမ်းသာတော်ကို ဝင်စားမည့်ကတိတော်ရှိသေးစဉ် တစ်ဦးတစ်ယောက်မျှမမီသည့် လက္ခဏာမရှိစေရန် စိုးရိမ်ကြကုန်အံ့။
2 ဘိုးဘေးတို့သည် ထိုသတင်းကိုကြားရခဲ့သည့်နည်းတူ ငါတို့လည်းကြားရကြပြီ။ ကြားရသောထိုသူတို့၌မှာမူ ယုံကြည်ခြင်းမပါသောကြောင့် ကြားရသောသတင်းသည်အကျိုးမရှိ။
3 ဤလောကတည်သည့်ကာလကလက်မှုတော်များပြီးစီးသော်လည်း ကိုယ်တော်က ငါ့ငြိမ်ဝပ်ရာချမ်းသာကို ထိုသူတို့ဝင်စားကြရမည်မဟုတ်ဟု အမျက်ထား၍ဓိဋ္ဌာန်တော်မူသည်နှင့်အညီ ယုံကြည်သောငါတို့သာ ဝင်စားရကြ၏။
4 ဘုရားသခင်သည် လက်မှုတော်ရှိသမျှပြီးစီး၍ ငြိမ်ဝပ်စွာနေတော်မူသည်ဟု သတ္တမနေ့ကိုရည်သော ကျမ်းတစ်ချက်ရှိသည့်ပြင်၊
5 ငါ့ငြိမ်ဝပ်ရာချမ်းသာကို သူတို့ဝင်စားကြရမည်မဟုတ်ဟူသောကျမ်းချက်ရှိပြန်၏။
6 သို့ဖြစ်၍ အချို့တို့သည် ဝင်စားရန်ရှိသောကြောင့်လည်းေကာင်း၊ သတင်းကိုအထက်ကြားရသူတို့သည်မလိုက်နာ၍ မဝင်စားရသောကြောင့်လည်းေကာင်း၊ ယနေ့ဗျာဒိတ်တော်သံကိုကြားရစဉ်၊
7 သင်တို့စိတ်မခဲယဉ်းစေကြနှင့်ဟု ဆိုခဲ့သောကျမ်းချက်နှင့်အညီ ကာလအတန်ကြာပြီးနောက် ဒါဝိဒ်မင်းအားဖြင့် ယနေ့ဟူသောကာလကို တစ်ဖန်ပိုင်းခြားတော်မူပြန်၏။
8 ထိုသူတို့အားငြိမ်ဝပ်ရာချမ်းသာကိုယောရှုပေးခဲ့လျှင် အခြားသောနေ့ရက်ကာလအကြောင်း နောက်ထပ်မိန့်တော်မူမည်မဟုတ်။
9 ထို့ကြောင့် ဘုရားသခင့်လူမျိုးတော့်အဖို့ ငြိမ်ဝပ်ရာချမ်းသာရှိသေး၏။
10 ကိုယ်တော်၏ ငြိမ်ဝပ်ရာချမ်းသာကိုဝင်စားရသူမှာ ဘုရားသခင်သည်လက်မှုတော်ပြီးစီး၍ ငြိမ်ဝပ်စွာနေတော်မူသည့်နှင့်နည်းတူ နေရလေပြီ။
11 ထိုကြောင့် ဆိုခဲ့သောမလိုက်နာခြင်းပုံစံအတိုင်း တစ်ယောက်ယောက်ကပြိုလဲမည်စိုး၍ ထိုငြိမ်ဝပ်ရာချမ်းသာကိုဝင်စားခြင်းငှာ လုံ့လထုတ်ကြကုန်အံ့။
12 အသို့ဆိုသော် ဘုရားသခင်၏တရားတော်သည် ရှင်လျက်၊ ပြုပြင်လျက်၊ သန်လျက်ဟူသမျှထက် ထက်၍ အသက်နှင့်ဝိညာဉ်ကိုလည်းေကာင်း၊ အရိုးအဆစ်နှင့်ခြင်ဆီကိုလည်းေကာင်း ထုတ်ချင်းခွင်းသည့်ပြင် စိတ်အကြံအစည်အထင်အမြင်များကို စီရင်ဆုံးဖြတ်တတ်၏။
13 မျက်မှောက်တော်၌လည်း မထင်ရှားသောသတ္တဝါမည်သည်မျှမရှိ။ ငါတို့ကို စီစစ်မည့်အရှင့်ရှေ့ အရာခပ်သိမ်းဟာလာဟင်းလင်းနေ၏။
14 ဘုရားသခင့်သားတော်ယေရှုတည်းဟူသော ကောင်းကင်အထပ်ထပ်ကိုဖြတ်ကျော်ပြီး မဟာပရောဟိတ်မင်းတစ်ပါးကိုရရှိသဖြင့် ငါတို့ဝန်ခံခြင်းတရားကို စွဲမြဲကြကုန်အံ့။
15 ငါတို့အားနည်းခြင်းများတွင် မသက်ဝင်နိုင်သောပရောဟိတ်မင်းကိုမဟုတ်။ အပြစ်ကင်းလျက် အချက်ချက်တွင်ငါတို့ကဲ့သို့စုံစမ်းခံတော်မူခဲ့သောပရောဟိတ်မင်းကို ရရှိကြသည်ဖြစ်၍၊
16 ကရုဏာတော်ကိုခံလျက် ထောက်မသင့်သောအချိန်၌ကျေးဇူးတော်ကိုရခြင်းငှာ ကျေးဇူးရာဇပလ္လင်တော်သို့ ရဲရင့်စွာချဉ်းကပ်ကြကုန်အံ့။