3
1 သို့ဖြစ်၍ ကောင်းကင်အဖြစ်အနေနှင့်ဆက်ဆံသူ၊ သီးသန့်ထားတော်မူသော ညီအစ်ကိုတို့၊ ငါတို့ဝန်ခံခြင်းတရား၏တမန်တော်နှင့် ပရောဟိတ်မင်းဖြစ်သောယေရှုကို ဆင်ခြင်ကြလော့။
2 ဘုရားသခင်၏တစ်အိမ်တော်လုံး၌ မောရှေသည်သစ္စာစောင့်သကဲ့သို့ ထိုအရှင်လည်း ခန့်ထားတော်မူသောဘုရားသခင်ရှေ့ သစ္စာစောင့်တော်မူ၏။
3 အိမ်ဆောက်သူသည် အိမ့်ထက်မြတ်သည့်နည်းတူ ထိုအရှင်သည် မောရှေထက်ဂုဏ်အသရေရှိထိုက်သည်ဟု မှတ်ယူရ၏။
4 အိမ်တိုင်းကိုတစ်ယောက်ယောက်ဆောက်ရ၏။ အရာခပ်သိမ်းကိုတည်ဆောက်တော်မူသောအရှင်ကား ဘုရားသခင်ပေတည်း။
5 မောရှေသည် နောင်ဆင့်ဆိုချက်များကိုသက်သေခံခြင်းအလို့ငှာ တစ်အိမ်တော်လုံး၌ ကျွန့်အဖြစ်သစ္စာစောင့်ခဲ့သည်မှန်၏။
6 ခရစ်တော်မူကား အိမ်တော်ပေါ်တွင် သားအဖြစ်သစ္စာစောင့်တော်မူ၏။ ငါတို့သည် ရဲရင့်စွာဂုဏ်တင်ကြရာ ေမျှာ်လင့်ခြင်းအကြောင်းကိုဆုံးခန်းတိုင်စွဲမြဲလျှင် ထိုအိမ်တော်ပင်ဖြစ်ကြ၏။
7 ထိုကြောင့် သန့်ရှင်းသောဝိညာဉ်တော်ဆင့်ဆိုတော်မူသည့်အတိုင်း ယနေ့ဗျာဒိတ်တော်သံကိုကြားရစဉ်၊
8-11 သင်တို့ဘို့ဘေးများသည် ငါ့ကိုစီစစ်စုံစမ်း၍ နှစ်ပေါင်းလေးဆယ်ပတ်လုံးငါ့အမှုများကိုသိမြင်လျက် သဲတောတွင်စုံစမ်း၍ အမျက်တော်တိုက်ကြသောအခါကဲ့သို့ သင်တို့စိတ်မခဲယဉ်းစေကြနှင့်။ ထိုကြောင့် ထိုလူမျိုးအပေါ်တွင်ငါ့နှလုံးမသာဖြစ်၍ သူတို့သည်အစဉ်စိတ်နှလုံးမှောက်မှားသဖြင့် ငါ့နည်းလမ်းများကို မသိကြဟုဆိုလျက် ငါ့ငြိမ်ဝပ်ရာချမ်းသာကိုဝင်စားကြရမည်မဟုတ်ဟု အမျက်တော်ထား၍ ငါဓိဋ္ဌာန်၏။
12 ညီအစ်ကိုတို့၊ သင်တို့အနက်မည်သူမျှ ဆိုးသွမ်း၍မယုံကြည်သောစိတ်နှလုံးရှိသဖြင့် အသက်ရှင်သောဘုရားသခင့်အထံတော်မှ မဖောက်ပြန်စေရန်သတိပြုလျက်၊
13 အပြစ်တရား၏လှည့်စားခြင်းဖြင့် တစ်ဦးတစ်ယောက်မျှစိတ်မခဲယဉ်းစေရန် ယနေ့ဟူ၍ခေါ်ရသောကာလအတွင်း နေ့စဉ်အချင်းချင်းနှိုးဆော်ကြလော့။
14-15 အသို့ဆိုသော် ယနေ့ဗျာဒိတ်တော်သံကိုကြားရစဉ် အမျက်တော်တိုက်ကြသောအခါကဲ့သို့ သင်တို့စိတ်မခဲယဉ်းစေကြနှင့်ဟူသောအချက်ရှိသေးခိုက် ငါတို့စိတ်ချရာအကြောင်းရင်းကို ဆုံးခန်းတိုင်စွဲမြဲလျှင် ခရစ်တော်နှင့်ဆက်ဆံခွင့်ရကြ၏။
16 ကြားရပြီးနောက် အမျက်တော်တိုက်သူကားမည်သူနည်း။ မောရှေအားဖြင့် အိဂျစ်ပြည်မှထွက်လာသမျှသောသူတို့မဟုတ်လော။
17 နှစ်ပေါင်းလေးဆယ်ပတ်လုံး မည်သူတို့အပေါ်၌နှလုံးတော်မသာသနည်း။ ပြစ်မှားသဖြင့်သဲတောတွင် အသေကောင်ဖြစ်နေသူတို့မဟုတ်လော။
18 ငြိမ်ဝပ်ရာချမ်းသာတော်ကိုမဝင်စားရဟု မည်သူတို့အားဓိဋ္ဌာန်တော်မူသနည်း။ မလိုက်နာသူတို့မဟုတ်လော။
19 ထိုသူတို့သည် မယုံကြည်ခြင်းကြောင့်မဝင်စားနိုင်သည်ကို ငါတို့သိမြင်ကြ၏။