8
1 ဘုရားသခင်သည် နောဧမှစ၍သင်္ဘောတွင်းပါရှိသော သားယဉ်သားရဲအပေါင်းတို့ကိုသတိရ၍ မြေကြီးပေါ်မှာလေတိုက်စေတော်မူသဖြင့် ရေလျော့လေ၏။
2 ရေထုစမ်းပေါက်များနှင့် မိုးကောင်းကင်ပြွန်၀များကိုဆို့ပိတ်၍ မိုးကိုစဲစေတော်မူ၏။
3 ရေလည်း မြေပေါ်မှအစဥ်အတိုင်းဆုတ်သွား၍ ရက်ပေါင်းတစ်ရာ့ငါးဆယ်စေ့သောအခါ ယုတ်လျော့လေ၏။
4 သတ္တမလ၊ ဆယ့်ခုနစ်ရက်တွင် သင်္ဘောသည်အာရရတ်ပြည်ရှိ တောင်တန်းပေါ်မှာတင်လေ၏။
5 ဒသမလတိုင်အောင် ရေသည်အစဉ်အတိုင်းယုတ်လျော့၍ ထိုလတစ်ရက်တွင် တောင်ထိပ်များပေါ်လေ၏။
6 အရက်လေးဆယ်ကြာပြီးနောက် နောဧသည် သင်္ဘော၌လုပ်ခဲ့သောပြူတင်းပေါက်ကိုဖွင့်၍ ကျီးအတစ်ကောင်ကို လွှတ်ရာ၊
7 ထိုကျီးအသည် မြေပေါ်မှာရေမခြောက်မချင်း လူးလာပျံသန်းနေလေ၏။
8 တစ်ဖန် မြေမျက်နှာပေါ်မှ ရေလျော့ကျသည်၊ မကျသည်ကိုသိခြင်းငှါ ခိုတစ်ကောင်ကို လွှတ်ပြန်လေ၏။
9 မြေတစ်ပြင်လုံး၌ ရေရှိသေးသောကြောင့် ခိုသည်ခြေချနားနေရာကိုမတွေ့သဖြင့် နောဧရှိရာသင်္ဘောသို့ ပြန်လာသော် နောဧလက်ဆန့်၍ခိုကိုဖမ်းယူပြီးလျှင် ကိုယ့်နေရာသင်္ဘောတွင်းသို့ သွင်းလေ၏။
10 တစ်ဖန်ခုနစ်ရက်စောင့်ဆိုင်းပြီးလျှင် ထိုခိုကိုသင်္ဘောတွင်းမှလွှတ်ပြန်ရာ၊
11 ညနေချမ်းအချိန်၌ ခိုသည်နောဧထံသို့ပြန်လာလျှင် နှုတ်သီးဖြင့် သံလွင်ရွက်သစ်ကိုချီခဲ့၍ မြေကြီးပေါ်မှရေလျော့ကျသည်ကို နောဧသိလေ၏။
12 ခုနစ်ရက်ထပ်မံစောင့်ဆိုင်းြပီးလျှင် ၎င်းခိုကိုလွှတ်ရာ နောက်တစ်ဖန်မပြန်မလာဘဲနေ၏။
13 ခြောက်ရာ့တစ်နှစ်၊ ပထမတစ်ရက်တွင် မြေကြီးပေါ်မှရေခန်းခြောက်သည်ရှိသော် နောဧသည် သင်္ဘောအမိုးကိုပယ်လှန်၍ ရှုကြည့်သောအခါ မြေမျက်နှာပြင်သွေ့ခြောက်စရှိသည်ကို မြင်လေ၏။
14 ဒုတိယလ၊ နှစ်ဆယ့်ခုနစ်ရက်တွင် မြေကြီးသွေ့ခြောက်လေ၏။
15-16 ဘုရားသခင်သည် နောဧအားမိန့်တော်မူပြန်သည်မှာ သင်သည် မယား၊ သား၊ ချွေးမတို့နှင့်တကွ သင်္ဘောတွင်းမှ ထွက်ဆင်းလော့။
17 မြေပေါ်မှာ များြပားစွာပေါက်ပွားကြစေရန် သင်နှင့်ပါသည့်သက်ရှိသတ္တဝါအပေါင်းတည်းဟူသော လေသတ္တဝါ၊ သားယဥ်သားရဲ၊ မြေပေါ်မှာတွားတတ်သည့်တိရစ္ဆာန်ရှိသမျှတို့ကို ထုတ်ဆောင်လော့ဟု မိန့်တော်မူ၏။
18 ထိုအခါ နောဧမှစ၍ မယား၊ သား၊ ချွေးမတို့နှင့်တကွ၊
19 မြေပေါ်မှာ လှုပ်ရှားသွားလာတတ်သမျှသော သားယဥ်သားရဲ၊ တွားတတ်သည့်တိရစ္ဆာန်၊ လေသတ္တဝါတို့သည် အသီးအသီးအမျိုးအလိုက် သင်္ဘောတွင်းမှထွက်ဆင်းကြကုန်၏။
20 နောဧလည်း ထာဝရဘုရားအားပူဇော်ရာပလ္လင်တော်ကို တည်ဆောက်ပြီးမှ သန့်သောသားကောင်၊ သန့်သောကြက်ငှက်အမျိုးမျိုးထဲမှယူ၍ ၎င်းပလ္လင်တော်ပေါ်မှာ မီးရှို့ရာသက္ကာကိုဆက်ကပ်သော်၊
21 ထာဝရဘုရားသည် စိတ်တော်ပြေဖွယ်ရနံ့ကိုရ၍ လူတို့အတွက် မြေကိုအမင်္ဂလာဖြစ်စေတော့မည်မဟုတ်။ လူတို့သည် ငယ်ရွယ်စဥ်ကပင် စိတ်နှလုံးအကြံအစည်ဆိုးညစ်ကြ၏။ သက်ရှိသတ္တဝါအပေါင်းတို့ကို ယခုငါဒဏ်ခတ်ခ့ဲသည့်နည်းတူေနာက်တစ်ဖန်ဒဏ်ခတ်ဦးမည်မဟုတ်။
22 မြေကြီးတည်ရှိသည့်ကာလပတ်လုံး မျိုးကြဲချိန်နှင့်ရိတ်သိမ်းချိန်၊ အအေးနှင့်အပူ၊ နွေဥတုနှင့်ဆောင်းဥတု၊ နေ့နှင့်ညဥ့်သည် မပြတ်မစဲစေရဟု စိတ်ပြဋ္ဌာန်းတော်မူ၏။