12
အိဂျစ်ပြည်တွင် မောရှေနှင့်အာရုန်တို့အား ထာဝရဘုရားမိန့်တော်မူသည်ကား၊ ယခုလသည် သင်တို့အဖို့ ပထမလတည်းဟူသော နှစ်ဦးလဖြစ်ရမည်။ ဣသရေလတစ်မျိုးလုံး ပရိသတ်အားသင်တို့ဆင့်ဆိုရမည်မှာ ယခုလဆယ်ရက်တွင် လူအသီးအသီးတို့သည် အိမ်ထောင်သားချင်းအလိုက် တစ်အိမ်ထောင်လျှင် သိုးဆိတ်တစ်ကောင်ကောင်ကို ရွေးယူကြစေ။ တစ်ကောင်မကုန်အောင် အိမ်ထောင်ငယ်လျှင် နီးစပ်သောအိမ်ထောင်နှင့်ဆုံ၍ လူဦးရေအလျောက်ရွေးယူကြစေ။ အသီးအသီးတို့အိုးစားအတိုင်း အကောင်နှင့်ကိုက်၍ ရေတွက်ရမည်။ ဆိုခဲ့သောအကောင်ကို သိုးများအနက်သော်လည်းေကာင်း၊ ဆိတ်များအနက်သော်လည်းေကာင်းရွေးယူ၍ ကြန်အင်စုံလျက် အခါလည်သောအထီးဖြစ်ရမည်။ ထိုလဆယ့်လေးရက်တိုင်အောင် ထိန်းကျောင်းထားပြီးမှ ညဉ့်ဦးယံ၌ဣသရေလတစ်မျိုးလုံးအစည်းအ​ဝေးပရိသတ်တို့စီရင်ကြ၍ အသွေးကိုယူပြီးလျှင်၊ စားသောအိမ်တံခါးထုပ်နှင့် တံခါးတိုင်နှစ်ဘက်မှာ သုတ်ထားကြစေ။ အသားကိုကား မီးကင်ပြီးမှ တဆေးမဲ့မုန့်၊ ခါးသောဟင်းသီးဟင်းရွက်နှင့် ထိုညဉ့်ချင်းတွင်စားကြစေ။ အစိမ်းအတိုင်းဖြစ်စေ၊ ရေနှင့်ပြုတ်၍ဖြစ်စေ၊ မစားရ။ ဦးခေါင်း၊ ခြေ၊ ဝမ်းတွင်းသားနှင့်တကွ မီးကင်ပြီးမှစားရမည်။ 10 နံနက်တိုင် မည်သည်မျှမကြွင်းစေရ။ ကြွင်းသမျှကိုလည်း ကျွမ်းလောင်စေလော့။ 11 စားရမည့်နည်းကား၊ ခါးစည်းလျက်၊ ဖိနပ်စီးလျက်၊ တောင်ဝေးကိုင်လျက်၊ အလန့်တကြားစားရမည်။ ငါထာဝရဘုရား၏ 12.11  ဤအချက်နှစ်ရပ် - ပါဠိတူညီ၏။ပသခါပွဲဖြစ်သတည်း။ 12 အသို့ဆိုသော်၊ ထိုညဉ့်တွင် အိဂျစ်ပြည်ကိုငါဖြတ်သန်းလျက် ၎င်းပြည်ရှိလူနှင့်တိရစ္ဆာန်တို့၏ သားဦးဟူသမျှကိုဒဏ်ခတ်၍ အိဂျစ်ဘုရားအပေါင်းတို့ကိုလည်း ဒဏ်စီရင်မည်။ ငါသည်ထာဝရဘုရားပေတည်း။ 13 ဆိုခဲ့သောအသွေးသည် သင်တို့နေအိမ်၌ လက္ခဏာသက်သေဖြစ်၍ ထိုအသွေးကိုမြင်လျှင်၊ 12.13  ဤချက်နှစ်ရပ် - ပါဠိတူညီ၏။ငါရှောင်သွားမည်။ အိဂျစ်ပြည်တွင် ထိုသို့ငါဒဏ်ခတ်သောအခါ ဖျက်ဆီးမည့်ဘေးသည် သင်တို့ကိုမသင့်မရောက်ရ။ 14 ဤနေ့ရက်သည် သင်တို့ထိမ်းမှတ်ဖွယ်ရာဖြစ်၍ ငါထာဝရဘုရားထံ ပူဇော်ပွဲအဖြစ်ကျင်းပကြရမည်။ အမြဲထုံးဖွဲ့သည်နှင့်အညီ သင်တို့အမျိုးအစဉ်အဆက်မပြတ် ကျင်းပကြရမည်။ 15 ပထမနေ့၌ပင် တဆေးကိုအိမ်များမှပယ်ပြီးလျှင် ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကိုသာစားရမည်။ ပထမနေ့မှစ၍ သတ္တမနေ့တိုင် တဆေးခတ်သောမုန့်ကို စားသူမည်သည်ကား၊ ဣသရေလအမျိုးမှပယ်ရှားခံရမည်။ 16 ပထမနေ့၌လည်းေကာင်း၊ သတ္တမနေ့၌လည်းေကာင်း ဓမ္မအစည်းအ​ဝေးကိုပြုရမည်။ ထိုနေ့များ၌ လူတိုင်းစားသောက်ရေးမှတစ်ပါး အခြားအလုပ်ကိုမလုပ်မဆောင်ရ။ 17 တဆေးမဲ့မုန့်ပွဲကို ကျင်းပရမည့်အကြောင်းကား ဤနေ့ရက်၌ပင် သင်တို့ဗိုလ်ခြေများကို အိဂျစ်ပြည်မှ ငါထုတ်ဆောင်သောကြောင့်တည်း။ သို့ဖြစ်၍ အမြဲထုံးဖွဲ့သည်နှင့်အညီ သင်တို့အမျိုးအစဉ်အဆက်မပြတ် ထိုနေ့ရက်ကိုစောင့်ကြရမည်။ 18 ပထမလ၊ ဆယ့်လေးရက်ညဉ့်ဦးမှစ၍ နှစ်ဆယ့်တစ်ရက်ညဉ့်ဦးတိုင်အောင် တဆေးမဲ့မုန့်ကိုသာ သင်တို့စားရကြမည်။ 19 ခုနစ်ရက်ပတ်လုံးသင်တို့အိမ်များ၌ တဆေးမရှိရ။ ဝင်နေသူဖြစ်စေ၊ တိုင်းရင်းသားဖြစ်စေ၊ တဆေးခတ်မုန့်ကိုစားသောသူမည်သည်ကား ဣသရေလလူမျိုးပရိသတ်မှ ပယ်ရှားခံရမည်။ 20 တဆေးခတ်သောမုန့်ကိုမစားရ။ သင်တို့နေထိုင်သမျှ၌ တဆေးမဲ့မုန့်ကိုသာစားရမည်ဟု ဆင့်ဆိုစေခြင်းငှါ မိန့်တော်မူ၏။
21 ထိုအခါ မောရှေသည် ဣသရေလလူကြီးအပေါင်းတို့ကိုခေါ်၍ အိမ်ထောင်သားချင်းများအလိုက် သိုးဆိတ်များကို ရွေးချယ်ယူခဲ့ပြီးလျှင် ပသခါအကောင်အဖြစ် စီရင်ကြလော့။ 22 ဟုဿုပ်ညွန့်တစ်စည်းကိုယူ၍ အင်တုံရှိအသွေး၌ဆွတ်ပြီးလျှင် တံခါးထုပ်၊ တံခါးတိုင်နှစ်ဘက်တွင် သုတ်ထားကြလော့။ ထိုနောက် နံနက်တိုင်အောင် မည်သူမျှအိမ်တံခါးပြင်သို့မထွက်မသွားရ။ 23 အသို့ဆိုသော်၊ ထာဝရဘုရားသည် အိဂျစ်လူတို့ကိုဒဏ်ခတ်ခြင်းငှါ ဖြတ်သန်းတော်မူမည်။ တံခါးထုပ်နှင့်တံခါးတိုင်နှစ်ဘက်တွင် အသွေးကိုမြင်သောအခါ ထာဝရဘုရားသည် ထိုတံခါးကိုရှောင်သွားတော်မူ၍ လုပ်ကြံသောစေတမန်တော်သည် သင်တို့ကိုဒဏ်ခတ်ရန် အိမ်သို့ဝင်ခွင့်ပြုတော်မမူ။ 24 သင်တို့နှင့်သားမြေးများ၌ အထုံးအဖွဲ့အဖြစ် ဤအမှုကိုအစဉ်အမြဲစောင့်ရှောက်ကြရမည်။ 25 ကတိတော်ရှိသည်အတိုင်း ထာဝရဘုရားပေးတော်မူလတ္တံ့သောပြည်သို့ သင်တို့ရောက်၍လည်း ဤဝတ်ကိုပြုကြရသဖြင့်၊ 26 သားမြေးတို့က၊ ဤဝတ်ကား အသို့နည်းဟုမေးမြန်းကြလျှင်၊ 27 အိဂျစ်လူတို့ကိုဒဏ်ခတ်သောအခါ အိဂျစ်ပြည်၌ ဣသရေလအမျိုးသားတို့အိမ်များကို ရှောင်သွားလျက် ငါတို့အိမ်များကိုချမ်းသာပေးတော်မူသော ထာဝရဘုရား၏ပသခါပူဇော်ခြင်းဖြစ်ကြောင်း ပြန်ပြောကြရမည်ဟု မောရှေပြောဆိုပြီးမှ ထိုသူတို့ဦးညွတ်ရှိခိုးကြ၏။ 28 မောရှေနှင့်အာရုန်တို့အား ထာဝရဘုရားမိန့်မှာတော်မူခဲ့သည့်အတိုင်း ဣသရေလအမျိုးသားတို့သည် သွား၍ပြုကြကုန်၏။
29 သန်းခေါင်အချိန်ကျသော် ထာဝရဘုရားသည် နန်းစံသောဖာရောမင်း၏သားဦးမှစ၍ နှောင်အိမ်တွင်း၌ အကျဉ်းခံရသူ၏သားဦးတိုင်အောင် တိရစ္ဆာန်များ၏သားဦးများပါ အိဂျစ်ပြည်၌ သားဦးဟူသမျှကို ဒဏ်ခတ်တော်မူ၏။ 30 ထိုညဉ့်တွင် ဖာရောမင်းမှစသော ကျေးကျွန်သင်းပင်းပြည်သူပြည်သားအပေါင်းတို့သည်ထ၍ အသေကင်းသောအိမ်တစ်အိမ်မျှမရှိသောကြောင့် အိဂျစ်ပြည်၌ ကြီးစွာသောဟစ်ကြွေးသံဖြစ်လေ၏။ 31 ညဉ့်အခါ၌ပင် မောရှေနှင့်အာရုန်တို့ကိုခေါ်၍ ဘုရင်မင်းက၊ သင်တို့နှင့်ဣသရေလအမျိုးသားတို့ပါ ပြည်သူပြည်သားတို့ဘောင်မှထ၍ ထွက်သွားပြီးလျှင် တောင်းခဲ့သည့်အတိုင်း ထာဝရဘုရားအား ဝတ်ပြုကြလော့။ 32 သိုးစုနွားစုများကိုလည်း တောင်းသည့်အတိုင်း ယူသွားကြလော့။ ငါ့ကိုပင်ကောင်းကြီးပေးကြပါဦးလော့ဟု မိန့်ဆိုလေ၏။ 33 အိဂျစ်လူတို့ကလည်း ငါတို့ရှိသမျှအသေဖြစ်ကြပြီဟုဆိုလျက် ပြည်ထဲမှအမြန်ထွက်သွားစေရန် နှိုးဆော်ကြသည့်အလျောက်၊ 34 လူမျိုးတော်သည် တဆေးမခတ်သေးသောမုန့်စိမ်းပါ၊ အိုးခွက်များကို အဝတ်နှင့်ရောထုပ်၍ ထမ်းယူကြ၏။ 35-36 မောရှေစီမံသည်နှင့်အညီ ရွှေထည်၊ ငွေထည်၊ အဝတ်ထည်များကို အိဂျစ်လူတို့ထံ ဣသရေလအမျိုးသားတို့ တောင်းတိုင်းရစေရန် ထာဝရဘုရားသည် ထိုလူမျိုးရှေ့မျက်နှာသာရစေတော်မူသဖြင့် အိဂျစ်လူတို့ ဥစ္စာများကိုသိမ်းသွားကြကုန်၏။
37 ဣသရေလအမျိုးသားတို့သည် ရာမသက်မြို့မှ သုကုတ်မြို့သို့ချီသွားကြ၏။ လူဦးရေကား၊ သူငယ်များကိုမထည့်မသွင်းဘဲ ခြေလျင်ယောက်ျား​ခြောက်သိန်းခန့်ရှိသတည်း။ 38 မျိုးရိုးမဟုတ်သောလူအများတို့လည်း သိုးနွားမှစ၍ တိရစ္ဆာန်အများနှင့်တကွလိုက်ကြ၏။ 39 အိဂျစ်ပြည်မှ မဆိုင်းမလင့်သာအနှင်ခံရ၍ စားနပ်ရိက္ခာကို မပြင်နိုင်ကြသောကြောင့် တဆေးမခတ်ဘဲ ပါလာသောမုန့်စိမ်းဖြင့် တဆေးမဲ့မုန့်ကိုဖုတ်ရကြ၏။ 40 ဣသရေလအမျိုးသားတို့သည် အိဂျစ်ပြည်တွင်တည်းနေရကြသော နှစ်ပေါင်းကား လေးရာ့သုံးဆယ့်တည်း။ 41 နှစ်ပေါင်းလေးရာ့သုံးဆယ့်စေ့သောနေ့တွင်ပင် ထာဝရဘုရား၏ဗိုလ်ခြေအပေါင်းတို့သည် အိဂျစ်ပြည်မှထွက်သွားကြ၏။ 42 အိဂျစ်ပြည်မှထုတ်ဆောင်တော်မူသည့်အတွက် ထိုညဉ့်သည် ထာဝရဘုရားကိုရည်မှတ်၍ စောင့်ရသောညဉ့် ဣသရေလအမျိုးသားတို့ အစဉ်အဆက်မပြတ် ထာဝရဘုရားကိုရည်မှတ်၍ စောင့်ရသောညဉ့်ဖြစ်သတည်း။
43 မောရှေနှင့်အာရုန်တို့အား ထာဝရဘုရားက၊ ပသခါပွဲထုံးဖွဲ့နည်းဟူသည်ကား လူမျိုးခြားမစားရသော်လည်း၊ 44 ငွေဝယ်ကျွန်ဖြစ်လျှင် လှီးဖြတ်ခြင်းမင်္ဂလာခံပြီးမှစားခွင့်ရှိ၏။ 45 ဝင်နေသူဖြစ်စေ၊ သူရင်းငှါးဖြစ်စေ၊ မစားရ။ 46 အသားကိုအိမ့်ပြင်သို့မရောက်စေဘဲ တစ်အိမ်တည်းသာစားရ၏။ အရိုးကိုလည်း မချိုးရ။ 47 ဣသရေလတစ်မျိုးလုံး ပရိသတ်သည် ထိုပွဲကိုကျင်းပကြရမည်။ 48 သင်တို့တွင်ဝင်နေသူသည် ထာဝရဘုရားရှေ့ ပသခါပွဲကိုကျင်းပလိုလျှင်၊ ၎င်းဆိုင်ရာယောက်ျားအပေါင်းတို့ လှီးဖြတ်ခြင်းမင်္ဂလာခံပြီးမှ တိုင်းရင်းသားကဲ့သို့ဖြစ်လာသောကြောင့် ချဉ်း၍ကျင်းပစေ။ လှီးဖြတ်ခြင်းမင်္ဂလာမခံသူမည်သည်ကား မစားရ။ 49 တိုင်းရင်းသား၌လည်းေကာင်း၊ ဝင်နေသူ၌လည်းေကာင်း၊ တရားတစ်ပါးတည်းသာရှိရာသည်ဟု မိန့်တော်မူ၏။ 50 မောရှေနှင့်အာရုန်တို့အား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ဣသရေလအမျိုးသားအပေါင်းတို့ပြုကြ၏။ 51 ထိုနေ့ချင်းတွင် ထာဝရဘုရားသည် ဣသရေလအမျိုးသားဗိုလ်ခြေတို့ကို အိဂျစ်ပြည်မှထုတ်ဆောင်တော်မူ၏။