ဧဇရအတ္ထုပ္ပတ္တိကျမ်း
1
ယေရမိဆင့်ဆိုသော ထာဝရဘုရား၏ ဗျာဒိတ်တော်ပြည့်စုံစေခြင်းငှာ၊ ပေရသိဘုရင်ကုရုမင်းနန်းစံတစ်နှစ်တွင်၊ ထိုဘုရင့်စိတ်ကို ထာဝရဘုရားနှိုးဆော်တော်မူသဖြင့်၊ ပေရသိနိုင်ငံတစ်ေလျှာက်ဖတ်ရွတ်ကြော်ငြာစေသောအမိန့်တော်ကား၊ ပေရသိဘုရင်ကုရုမင်းမိန့်တော်မူသည်မှာ၊ မိုးကောင်းကင့်ရှင်ထာဝရဘုရားသည်၊ မြေကြီးနိုင်ငံရှိသမျှကိုငါ့အားပေးသနားတော်မူသည့်အလျောက်၊ ယုဒပြည်၊ ယေရုရှလင်မြို့တွင် ဗိမာန်တော်ကိုတည်ဆောက်ရန်တာဝန်ထားတော်မူလေပြီ။ ထို့ကြောင့်လူမျိုးတော်အနက် မည်သူမဆို၊ ယုဒပြည်ယေရုရှလင်မြို့သို့၊ ကိုယ့်ဘုရားသခင်တည်လျက်ပြန်သွား၍၊ ဣသရေလလူမျိုးဘုရားသခင်ထာဝရဘုရား၏ ဗိမာန်တော်ကို၊ ထိုမြို့၌ တည်ဆောက်ကြစေ။ ကိုယ်တော်ကား၊ မှန်သောဘုရားပေတည်း။ ထိုလူမျိုးအကြွင်းအကျန်တို့တည်းခိုရာ၌ နေသောတိုင်းရင်းသားတို့သည်၊ ယေရုရှလင်မြို့ဘုရားသခင့် ဗိမာန်တော်အဖို့ အလှူဒါနများပြင်၊ ရွှေ၊ ငွေ၊ ဥစ္စာ၊ တိရစ္ဆာန် များဖြင့် ထောက်မလိုက်ကြစေဟု ထုတ်ဆင့်၏။ ထိုအခါ ယေရုရှလင်မြို့သို့ပြန်သွား၍ ဗိမာန်တော်တည်ဆောက်ရန် ဘုရားသခင်နှိုးဆော်တော်မူခြင်းကိုခံရသောယုဒ၊ ဗင်္ယာမိန့်အိမ်ထောင်အအုပ်အချုပ်၊ပရောဟိတ်၊ လေဝိဂိုဏ်းသားအပေါင်းတို့သွားကြမည့်ပြုရာ၊ အိမ်နီးဝန်းကျင်တို့သည်၊ အလှူဒါနများပြင်၊ ရွှေထည်၊ ငွေထည်၊ ဥစ္စာ၊ တိရစ္ဆာန်၊ အဘိုးထိုက်တန်ဆာများဖြင့် ထောက်မလိုက်ကြ၏။ ပေရသိဘုရင်ကုရုမင်းလည်း၊ ယေရုရှလင်မြို့မှ နေဗုဒ်ခနေဇာမင်းသိမ်းယူ၍၊ ကိုယ့်ဘုရားတို့ဗိမာန်၌ သွင်းထားခဲ့သော၊ ဗိမာန်တော်အသုံးအဆောင်များကိုထုတ်ယူ၍၊ အခွန်တော်ဝန်မိသရေဒတ်လက်ဖြင့်၊ ယုဒမင်းမျိုးအကြီးအကဲ ရှေရှဗာဇာ့ထံရေတွက်အပ်ပေးစေ၏။ အရေအတွက်ကား၊ ရွှေအင်တုံသုံးဆယ်၊ ငွေအင်တုံတစ်ထောင်၊ ဓားနှစ်ဆယ့်ကိုးစင်း၊ 10 ရွှေဖလားသုံးဆယ်၊ ဒုတိယတန်းငွေဖလားလေးရာ့တစ်ဆယ်၊ အခြားအသုံးအဆောင်တစ်ထောင်မှစသော၊ 11 ရွှေငွေအသုံးအဆောင်အပေါင်း၊ ငါးထောင့်လေးရာများကို၊ ဗာဗုလုန်မြို့မှယေရုရှလင်မြို့သို့သုံ့ဘမ်းခံရသူတို့ပြန်သွားသောအခါ ရှေရှဗာဇာဆောင်ယူလေ၏။