2
1-2 ၎င်းပြင် မလိုက်နာသူတို့ဘောင်တွင် ယခုပြုပြင်သောနတ်၊ တန်ခိုးကြီးသောလေနတ်အပေါ်ရှိနတ်မင်းအလျောက်၊ ယခုခေတ်ကာလအလျောက်၊ အထက်ကကျင့်ကြံခဲ့ရာ လွန်ကျူးမှု၊ ပြစ်မှားမှုများကြောင့် သေလျက်နေသောသင်တို့ကိုလည်းေကာင်း၊ ထိုဘောင်တွင်ပင် ရုပ်ခန္ဓာတပ်မက်ခြင်းအလိုက်ပြုကျင့်ခဲ့သူ၊ ကိုယ့်ရုပ်ခန္ဓာနှင့် ကိုယ့်စိတ်အလိုအလျောက်ပြုသဖြင့် အခြားသူတို့ကဲ့သို့ဇာတိအလျောက်အမျက်တော်ခံထိုက်သူ ငါတို့ရှိသမျှကိုလည်းေကာင်း၊ 4-6 လွန်ကျူးမှုများကြောင့် သေလျက်နေကြစဉ်ပင် ကရုဏာတော်နှင့်ကြွယ်ဝသောဘုရားသခင်သည် ငါတို့အားထားတော်မူသော မဟာမေတ္တာအတွက်ကြောင့် ခရစ်တော်နှင့်တကွရှင်ပြန်ထမြောက်စေလျက် ကောင်းကင်တွင်အတူစံနေခွင့်ကို ခရစ်တော်ယေရှုအားဖြင့်ပေးတော်မူ၏။ သင်တို့သည်ကျေးဇူးတော်ကြောင့် ကယ်တင်ရာရောက်ခဲ့ကြပြီ။ သို့မှခရစ်တော်ယေရှုအားဖြင့် ငါတို့အားသနားတော်မူသော ကျေးဇူးတော်၏ကြွယ်ဝခြင်းအထူးကို နောင်ကာလများတွင် ဖော်ပြတော်မူလိမ့်သတည်း။ 8-9 သင်တို့သည်ယုံကြည်ခြင်းအားဖြင့် ကျေးဇူးတော်ကြောင့်ကယ်တင်ရာရောက်ခဲ့ကြသည်မှာ ကိုယ့်အစွမ်းကြောင့်မဟုတ်။ ကိုယ့်အကျင့်ကြောင့်လည်းမဟုတ်။ မည်သူမျှဂုဏ်မတင်မိစေရန် ဘုရားသခင့်ဆုကျေးဇူးတော်ကြောင့်တည်း။ 10 ရှေးမဆွက ဘုရားသခင်စီမံထားတော်မူသည့်ကောင်းမှုများကို ငါတို့သည် လိုက်ေလျှာက်ကျင့်ဆောင်စေရန် ခရစ်တော်ယေရှုအားဖြင့် ဖန်ဆင်းပြုပြင်တော်မူသူများဖြစ်ကြ​၏။
11 ထို့ကြောင့်လူ့လက်နှင့်ကိုယ်ကာယ၌ လှီးဖြတ်ခြင်းမင်္ဂလာခံသူဟု အမည်တွင်သူတို့ဖြင့် မင်္ဂလာမဲ့သူဟုအခေါ်ခံသော ဇာတိအလျောက်လူမျိုးခြားဖြစ်သောသင်တို့သည်၊ 12 ယမန်ကာလခရစ်တော်နှင့်ကွာလျက်၊ ဣသရေလအဖြစ်အနေနှင့်စိမ်းကားလျက်၊ ဤလောကတွင်မျှော်လင့်ခြင်းကင်းလျက်၊ ဘုရားမဲ့လျက်၊ ကတိထားတော်မူသောပဋိညာဉ်နှင့်စပ်လျဉ်း၍ နိုင်ငံခြားသားများဖြစ်ခဲ့ကြသည်ကို သတိရကြလော့။ 13 ယခုမူကား အထက်ကဝေးကွာလျက်ရှိနေသောသင်တို့သည် ခရစ်တော်ယေရှုအားဖြင့် အသွေးတော်ကြောင့် အပါးတော်သို့ရောက်ရကြပြီ။ 14-16 နှစ်မျိုးကြားတွင် ရန်တံတိုင်းကို ကိုယ်ခန္ဓာတော်အားဖြင့်ဖြိုဖျက်ပြီးလျှင် ကိုယ်တော်၌နှစ်မျိုးလုံးကို လူသတ္တဝါသစ်တစ်ဝတည်းဖြစ်စေလျက် ရန်ငြိမ်းစေခြင်းငှါလည်းေကာင်း၊ ကားတိုင်တော်အားဖြင့်ရန်ကိုကွပ်မျက်လျက် တစ်ကိုယ်တည်းဖြစ်သောထိုနှစ်မျိုးလုံးကို ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့စေခြင်းငှါလည်းေကာင်း၊ ဓမ္မသတ်နှင့်ပြည့်သောပညတ်တရားတော်ကို ပယ်ဖျက်သောကိုယ်တော်သည် ငါတို့ရန်ငြိမ်းရာရန်ငြိမ်းကြောင်း ဖြစ်တော်မူသည့်အတိုင်း၊ 17 ဝေးကွာသောသင်တို့နှင့်နီးစပ်သောငါတို့အား ရန်ငြိမ်းခြင်းသတင်းတော်မြတ်ကို ကြွရောက်ဟောပြောတော်မူ၏။ 18 ထိုသို့ ကိုယ်တော်အားဖြင့်ငါတို့နှစ်မျိုးလုံးသည် ဝိညာဉ်တော်တစ်ပါး၌ အဘခမည်းတော့်ထံ တိုးဝင်ခွင့်ရကြသည့်အလျောက်၊ 19 သင်တို့သည်ဝင်နေသူ နိုင်ငံခြားသားများဖြစ်နေတော့သည်မဟုတ်။ သီးသန့်ထားတော်မူသူတို့နှင့် ပြည်တော်သားချင်းများ၊ ဘုရားသခင်၏ဘုံတော်သားများဖြစ်ကြ၏။ 20 တမန်တော်တို့နှင့် ပရောဖက်တို့တည်းဟူသောတိုက်မြစ်အပေါ်တွင် တည်ဆောက်ရကြသည့်အတိုင်း ထောင့်စွန်းကျောက်ဖြစ်သောခရစ်တော်ယေရှု၌ အဆောင်ဆောင်စေ့စပ်လျက်၊ 21 အရှင်ဘုရားအားဖြင့် သန့်ရှင်းသောဗိမာန်တော်ဖြစ်သည့်တိုင်အောင် တိုးပွားလေ၏။ 22 ထိုအရှင်၌ ငါတို့နှင့်အတူသင်တို့လည်း ဝိညာဉ်တော်အားဖြင့် ဘုရားသခင့်စံရာတော်ဖြစ်သည့်တိုင်အောင် တည်ဆောက်ခြင်းခံရကြသတည်း။