44
ထို့နောက်၊ သန့်ရှင်းရာဌာနအရှေ့ဘက်၊ အပြင်တံခါးသို့ငါ့ကိုခေါ်သွားပြန်၍၊ ပိတ်ထားသည်ကိုတွေ့သော်၊ အရှင်ထာဝရဘုရားက၊ ဣသရေလလူမျိုး၏ဘုရားသခင်၊ ငါထာဝရဘုရားသည်၊ ဤတံခါးဖြင့်ဝင်ခဲ့သည်ဖြစ်၍၊ တံခါးဖွင့်ခွင့်၊ လူဝင်ခွင့်မရှိဘဲ ပိတ်မြဲပိတ်ထားရမည်။ ပြည့်ရှင်မင်းမှာမူ၊ ဤတံခါး၏မုတ်ဆောင်ဖြင့် ဝင်ထွက်ခွင့်ရလျက်၊ တံခါးဝအတွင်းတွင်မင်းအဖြစ် ငါထာဝရဘုရားရှေ့၊ ပွဲတော်တည်လိမ့်မည်ဟုမိန့်တော်မူ၏။ ထို့နောက်မြောက်တံခါးဖြင့်၊ ဗိမာန်တော်မျက်နှာစာသို့ ငါ့ကိုခေါ်သွားရာတွင်၊ ငါရှုကြည့်သော်၊ ထာဝရဘုရားဘုန်းတော်နှင့်ဗိမာန်တော်ပြည့်လျက်ရှိသည်ကို မြင်သည့် အတိုင်း၊ ပျပ်ဝပ်လျက်နေရာ၊ ထာဝရဘုရားက၊ အချင်းလူ့သား၊ ဗိမာန်တော်ဆိုင်ရာငါမိန့်ဆိုသမျှထုံးဖွဲ့ချက်၊ ဥပဒေချက်များကို၊ မျက်စိနှင့်ရှုကြည့်လျက်၊ နားနှင့်နာခံလျက်၊ နှလုံးသွင်းသည့်ပြင်၊ ဗိမာန် တော်နှင့် သန့်ရှင်းရာဌာနသို့၊၊ ဝင်နည်း၊ ထွက်နည်း၊ ဥပဒေများကို နှလုံးသွင်းလော့။ 6-7 ပုန်ကန်လေ့ရှိသောဣသရေလအမျိုးသားတို့အားဆင့်ဆိုရမည်မှာ၊ အရှင်ထာဝရဘုရားက၊ အိုဣသရေလအမျိုးသားတို့၊ သင်တို့သည် ငါ့အစာအာဟာရအဖြစ်၊ ဆီဥ နှင့်အသွေးကို ဆက်ကပ်ကြသည့်ကာလ၊ စိတ်ရောကိုယ်ပါလှီးဖြတ်ခြင်း မင်္ဂလာမဲ့သူနိုင်ငံခြားသားတို့ကို၊ သန့်ရှင်းသောငါ့ဗိမာန်တော်ထဲသို့ဝင်နေရှုတ်ချစေအံ့သောငှာ၊ ခေါ်သွင်း၍ ပဋိညာဉ်တော်ကို ဖောက်ကျော်မှု၊ ရွံရှာဖွယ်အမှုနှင့်၊ သင်တို့ရွံရှာဖွယ်အမှုအမျိုးမျိုးသည် ကြီးလှလေစွတကား။ ငါ့သီးသန့်ရာများကို၊ ကိုယ်တိုင်မစောင့်ရှောက်ဘဲ၊ ငါ့သန့်ရှင်းရာဌာန၌ အစောင့်အရှောက်များကိုထားလေပြီ။ ငါအရှင်ထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ ဣသရေလလူမျိုးတို့အပါအဝင် နိုင်ငံခြားသားတို့အနက်၊ စိတ်ရောကိုယ်ပါလှီးဖြတ်ခြင်းမင်္ဂလာမဲ့သူတစ်ဦးတစ်ယောက်မျှ၊ ငါ့သန့်ရှင်းရာဌာနထဲသို့ဝင်ရမည်မဟုတ်၊ 10 ရုပ်ပွားဆင်းတုများနောက်၊ ဣသရေလလူမျိုးတို့ လမ်းလွှဲရာတွင်၊ ငါမှခွာသွားသော လေဝိဂိုဏ်းသားတို့မှာမူ၊ ကိုယ့်ဒုစရိုက်ဝန်ကိုထမ်းဆောင်လျက်ပင်၊ 11 ငါ့သန့်ရှင်းရာဌာနတွင် ကံကျွေးအဖြစ်၊ ဗိမာန်တော်တံခါးစောင့်ခြင်း၊ ဗိမာန်တော်မှုဆောင်ရွက်ခြင်း၊ လူပရိတ်သတ်အဖို့မီးရှို့ရာသက္ကာမှစသော၊ သက္ကာအမျိုးမျိုးကို စီရင်ခြင်း၊ ၎င်းတို့ရှေ့ခစား၍ အမှုထမ်းခြင်းများကိုပြုရကြလတ္တံ့။ 12 ဒုစရိုက်ခလုတ်အဖြစ်၊ ဣသရေလအမျိုးသားတို့ရုပ်ပွားဆင်းတုများရှေ့၊ အမှုထမ်းခဲ့ကြသောကြောင့်၊ လက်ရုံးတော်ကိုမြှောက်လျက်၊ ငါအရှင်ထာဝရဘုရားမိန့်ဆို သည့်အတိုင်း၊ ကိုယ့်ဒုစရိုက်ဝန်ကိုထမ်းကြရမည်။ 13 ငါ့ရှေ့တွင်ပရောဟိတ်အမှုကို ဆောင်ရွက်ရန်တိုးဝင်ခွင့်၊ အထူးသီးသန့်ရာများမှစသော၊ သီးသန့်ရာတစ်စုံတစ်ခုသို့မျှ ဝင်ရောက်ခွင့်မရဘဲ၊ ကိုယ့်ရှက်ဝန်နှင့်၊ ပြုမိသော ရွံရှာဖွယ်မှုဝန်ကိုထမ်းလျက်၊ 14 ဝေယျာဝစ္စအမှုအရေးရှိသမျှ၌၊ ဗိမာန်တော်အစောင့်အရှောက်အဖြစ်ငါထားမည်။ 15 ငါ့ထံမှ ဣသရေလအမျိုးသားတို့ လမ်းလွှဲရာတွင်၊ ငါ့သန့်ရှင်းရာဌာနတော်ကိုစောင့်ရှောက်သော၊ ဇာဒုတ်အနွယ်လေဝိဂိုဏ်းသားပရောဟိတ်တို့ကား ငါအရှင် ထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ အစောင့်အရှောက်တော်များအဖြစ်၊ အမှုတော်ကိုဆောင်ရွက်ရန် အထံတော်သို့တိုးဝင်ခွင့်၊ ဆီဥနှင့်အသွေးကိုဆက်ကပ်ရန် ရှေ့တော်တွင်ခစားခွင့်၊ 16 အမှုတော်ကိုဆောင်ရွက်ရန် သန့်ရှင်းရာဌာနတော်သို့ဝင်၍၊ စားပွဲတော်သို့ချဉ်းကပ်ခွင့်ရကြလိမ့်မည်။ 17 အတွင်းတံတိုင်းတံခါးဖြင့်ဝင်၍၊ ထိုတံခါးဝနှင့် တံတိုင်းအတွင်းတွင်၊ အမှုတော်ကိုဆောင်ရွက်ကြစဉ်၊ သိုးချည်အဝတ်ကို မဝတ်ဘဲ၊ ပိတ်သင်္ကန်းကို ဝတ်ဆင်ရမည့်ပြင်၊ 18 ပူအိုက်သောအဝတ်ကင်းလျက်၊ ပိတ်ဦးရစ်နှင့် ပိတ်ဘောင်းဘီကို ဝတ်ဆင်ကြရမည်။ 19 လူပရိတ်သတ်ရှိရာအပြင်တံတိုင်းသို့ထွက်သွားသော်၊ သင်္ကန်းများဖြင့် လူပရိတ်သတ်သီးသန့်ရာရောက်မည်ကိုစိုး၍၊ အမှုတော်ဆောင်ရွက်ရာတွင်၊ ဆင်ယင်သော သင်္ကန်းစုံကို၊ သန့်ရှင်းသောအခန်းစဉ်တွင် ချွတ်ထားလျက်၊ အဝတ်လဲကြရမည်။ 20 ဦးဆံရိတ်ခြင်း၊ ရှည်လျားစေခြင်းကို မပြုရဘဲညှပ်ကြရမည်။ 21 ပရောဟိတ်တို့သည် အတွင်းတံတိုင်းသို့မဝင်မီ၊ စပျစ်ရည်ကိုမသောက်ရ၊ 22 မယားယူသော်၊ လင်သေလင်ကွာ မိန်းမတို့ကို မယူအပ်၊ ဣသရေလအမျိုးသားချင်းတို့တွင်၊ အပျိုကညာကိုသော်လည်းေကာင်း၊ လင်ပရောဟိတ်သေမိန်းမကိုသော်လည်းေကာင်း၊ ယူကြ ရမည်။ 23 သန့်ရာ၊ မသန့်ရာ၊ ရှင်းရာ၊ မရှင်းရာကို ငါ့လူမျိုးတော်အား သွန်သင်ေဖာ်ပြခြင်း၊ 24 အမှုရှိသမျှကို ငါ့ဆုံးဖြတ်ချက်အလိုက်ဆုံးဖြတ်ခြင်း၊ ပြုမြဲပွဲတော်ရှိသမျှကို၊ ငါ့ဥပဒေချက်နှင့် ထုံးဖွဲ့ချက်အလိုက်စောင့်ရှောက်ခြင်း၊ဥပုသ်နေ့တော်ကိုသီးသန့်ထားခြင်း များပြုကြရလတ္တံ့။ 25 မိဘ၊ သားသမီး၊ ညီအစ်ကိုနှင့်လင်မယူသေးသောနှမတို့ပြင်၊ သူသေတို့ထံချဉ်းကပ်၍၊ ကိုယ်ကိုမသန့်အောင်မပြုကြရ။ 26 သန့်ရာရောက်ပြန်သောပရောဟိတ်သည်၊ ခုနစ်ရက်လည်ပြီးမှ၊ 27 အမှုတော်ကို ဆောင်ရွက်ရန်အတွင်းတံတိုင်း၊ သန့်ရှင်းရာဌာနတော်ထဲသို့ဝင်သွားသော်၊ ငါအရှင်ထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ ကိုယ်ပြစ်ဖြေရာသက္ကာကို ဆက်ကပ်ရမည်။ 28 ငါသည်သူတို့အမွေဆိုင်ဖြစ်သည့်အလျောက်၊ အမွေဆိုင်ရှိကြလိမ့်မည်။ ငါသည် သူတို့ပိုင်စုဖြစ်သဖြင့်၊ ဣသရေလပြည်တွင် ပိုင်စုမရကြ။ 29 ဘောဇဉ်သက္ကာ၊ အပြစ်ဖြေရာသက္ကာနှင့် ပြစ်ဒဏ်ဖြေရာသက္ကာများကိုဘုန်းပေးခွင့်ရှိသည့်ပြင်၊ ဣသရေလပြည်ရှိ သင်္ဃိကဝတ္ထုတိုင်းလည်း၊ သူတို့ပိုင်ရာဖြစ်၏။ 30 အဦးမှည့်သောအသီးအနှံအထူးအမြတ်မှစ၍၊ မြှောက်ဆက်ရာအလှူဝတ္ထု အမျိုးမျိုးသည်၊ ပရောဟိတ်တို့အဖို့ဖြစ်၏။ အိမ်သူအိမ်သားတို့အပေါ်တွင်၊ မင်္ဂလာတည် စေခြင်းငှာ၊ မုန့်ဆန်ဦးကိုလည်း၊ ပရောဟိတ်တို့ထံလှူကြရမည်။ 31 လေသတ္တဝါ၊ မြေသတ္တဝါ၊စသည်တို့အနက်၊ အိုသေ၊ နာသေ၊ သားရဲကိုက်သေအကောင်ကို၊ ပရောဟိတ်တို့မစားကြရ။