43
1 ထို့နောက်အရှေ့တံခါးသို့ငါ့ကိုခေါ်သွားပြီးလျှင်၊
2 ဣသရေလလူမျိုး၏ ဘုရားသခင့်ဘုန်းတော်သည်၊ သမုဒ္ဒရာဟုန်းသောအသံတော်နှင့်၊ အရှေ့မျက်နှာမှကြွလာရာ၊ ဘုန်းတော်ကြောင့်နေပြည်လုံးထွန်းတောက်သည် ကိုငါမြင်၏။
3 ထိုရူပါရုံသည်၊ မြို့တော်ကိုဖျက်ဆီးရန်ကြွရောက်ရာ၌၊ ငါဖူးမြင်ခဲ့သောရူပါရုံခေဗာမြစ်အနီး ငါဖူးမြင်ခဲ့သော ရူပါရုံများနှင့် တူသဖြင့်ပျပ်ဝပ်လျက်နေရာ၊
4 ထာဝရဘုရား၏ဘုန်းတော်သည် အရှေ့တံခါးဖြင့်၊ ဗိမာန်တော်သို့ဝင်ရောက်၏။
5 ဝိညာဉ်တော်သည် ငါ့ကိုချီဆောင်၍၊ အတွင်းတံတိုင်းသို့ပို့သွင်းပြီးလျှင်၊ ထာဝရဘုရားဘုန်းတော်နှင့်ဗိမာန်တော်ပြည့်လျက်ရှိသည်ကို ငါမြင်၏။
6 ငါ့အနီး၌ထိုသူရပ်နေစဉ်၊ ဗိမာန်တော်တွင်းမှငါကြားရသောမိန့်ဆိုသံမှာ၊
7-8 အချင်းလူ့သား၊ ဤဌာနကား၊ ဣသရေလအမျိုးသားစဉ်မြေးဆက်တို့ဘောင်တွင် ငါစံနေရာ၊ ပလ္လင်တော်တည်ရာ၊ ခြေတော်ချရာဖြစ်၏။ အမျက်တော်ကြောင့်ငါကုန် ခမ်းစေသည့်တိုင်အောင်၊ ပြုကျင့်ခဲ့သောရွံရှာဖွယ်မှုများဖြင့်၊ သန့်ရှင်းသောငါ့နာမတော်ကို၊ မသန့်ရာရောက်စေခဲ့သောဣသရေလအမျိုးသားတို့သည်၊ အုပ်စိုးသောဘုရင်များပါ၊ မှားယွင်းမှု၊ ဘုရင်များကို စျာပနပြုမှုမှစ၍၊ တံတိုင်းရိုးမျှသာငါနှင့် သူတို့ခြားလျက်၊ တံခါးခုံတော့်အနီး၌ ချင်းတို့တံခါးခုံ၊ တံခါးတိုင်တော်အနီး၌ ချင်းတို့တံခါးတိုင်ကို ယှဉ်ထားမှုကြောင့်၊သန့်ရှင်း သောငါ့နာမတော်ကို မသန့်ရာရောက်စေတော့မည်မဟုတ်၊
9 ယခုမှာ ထိုသို့သောမှားယွင်းမှု၊ ဘုရင်တို့စျာပနမှုကို ငါနှင့်ကွာဝေးစေလျှင်၊ ငါသည် သူတို့ဘောင်တွင်၊ အစဉ်မပြတ်စံနေမည်။
10 အချင်းလူ့သား၊ ဒုစရိုက်များကြောင့် အရှက်ကွဲရစေခြင်းငှာ၊ ဣသရေလအမျိုးသားတို့အား၊ ဤဗိမာန်တော်ပုံကိုဖော်ပြလျက် တိုင်းတာကြစေ။
11 အကယ်၍ထိုသူတို့သည်ပြုခဲ့သမျှအတွက် အရှက်ကွဲလျှင်၊ ဗိမာန်တော်ပုံစံချက်၊ ထုံးဖွဲ့ချက်ရှိသမျှအတိုင်း၊ စောင့်ရှောက်လိုက်နာခွင့်ရကြစေခြင်းငှာ၊ အပုံအစံ၊ အစီအရင်၊ အဝင်အထွက်နည်းအမျိုးမျိုးမှစ၍၊ ထုံးဖွဲ့ချက်၊ ဥပဒေချက်ဟူသမျှကို ဖော်ပြလျက်ရေးသားလော့။
12 ဗိမာန်တော့်ဆိုင်ရာဥပဒေသကား၊ တောင်တော်ပေါ်ရှိနယ်နိမိတ်အတွင်း၊ တစ်ပြင်လုံးသီးသန့်၏။ ဗိမာန်တော့်ဆိုင်ရာ ဥပဒေသကား၊ ထိုသို့တည်း။
13 သံတောင်အလျောက် ပူဇော်ရာပလ္လင်တော်အတိုင်းအတာများကား၊ ပလ္လင်တော်အောက်ဆင့်သည်နံဘေးပတ်လည်တွင်၊ ဗျက်တစ်ထွာအကာပါသော၊ အမြင့်တစ်တောင်၊ ကွက်လပ်အနံတစ်တောင်ကျယ်တလင်းရှိရမည်။
14 မြေပေါ်ရှိထိုတလင်းထက် အမြင့်နှစ်တောင်၊ ကွက်လပ်အနံတစ်တောင်ရှိသော ဒုတိယဆင့်၊ ထိုအဆင့်ငယ်အထက်အမြင့်လေးတောင်၊ ကွက်လပ်အနံတစ်တောင်ရှိသော အဆင့်ကြီး၊
15 ၎င်းအထက်အမြင့်လေးတောင်ရှိသောသင်ပုဒ်ပလ္လင်ကို တင်ရမည်။ ထိုသင်ပုဒ်ပလ္လင်၌၊ စိန်တောင်လေးချောင်းထောင်ရမည်။
16 စတုရန်းဖြစ်သောထိုသင်ပုဒ်ပလ္လင်သည်၊ အလျားအနံဆယ့်နှစ်တောင်စီအဆင့်ကြီးသည်၊ အလျားအနံဆယ့်လေးတောင်စီရှိရမည်။
17 ဗျက်တစ်ထွာအကာရှိသော၊ ကွက်လပ်အနံတစ်တောင် ကျယ်တလင်းထက် အရှေ့ဘက်၌၊ လှေကားရှိရမည်ဟူ၍တည်း။
18 တစ်ဖန်၊ အချင်းလူ့သား၊ အရှင်ထာဝရဘုရားက၊ ပူဇော်ရာပလ္လင်တော်ကို တည်ပြီးသည့်နေ့ရက်၌၊ မီးရှို့ရာသက္ကာဆက်ကပ်ခြင်း၊ အသွေးကိုသွန်းပက်ခြင်းဆိုင်ရာထုံးဖွဲ့ ချက်များကား၊
19 ငါအရှင်ထာဝရဘုရားအခွင့်ပေးသည့်အတိုင်း၊ အမှုတော်ကို ဆောင်ရွက်ရန်၊ ငါ့ထံချဉ်းကပ်ရသူဇာဒုတ်အနွယ်၊ လေဝိဂိုဏ်းသားပရောဟိတ်တို့အား၊ အပြစ်ပြေရာ သက္ကာအဖြစ်၊
20 နွားပေါက်တစ်ကောင်ကိုသင်ဆက်သပြီးလျှင်၊ အသွေးကိုယူ၍စိန်တောင်လေးချောင်း၊ အဆင့်၏လေးထောင့်နှင့်ပတ်လည်သောအကာ၌ သုတ်သဖြင့်၊ ထိုပလ္လင်ကို စင်ကြယ်စေခြင်း၊ ၎င်းအပြစ်အဖို့ဖြေခြင်းကိုပြုပြီးနောက်၊
21 ထိုအပြစ်ဖြေရာသက္ကာနွား၏အကောင်ကိုယူသွား၍၊ သန့်ရှင်းရာဌာနအပ၊ ဗိမာန်တော်ဥပစာပြုမြဲအရပ်တွင်မီးရှို့စေ။
22 ဒုတိယနေ့ရက်၌ အပြစ်ဖြေရာ သက္ကာအဖြစ်၊ ကြန်အင်စုံသောဆိတ်ထီးတစ်ကောင်ကို၊ သင်ဆက်ကပ်၍၊ နွားပေါက်ဖြင့်ပလ္လင်တော်ကိုစင်ကြယ်ကြစေသည့်နည်းတူ၊ စင်ကြယ်စေ။
23 ထိုစင်ကြယ်မှုကို အဆုံးသတ်ပြုပြီးလျှင်၊ ကြန်အင်စုံသော နွားပေါက်တစ်ကောင်နှင့်သိုးထီးတစ်ကောင်ကို ဆက်ကပ်ရန်၊
24 ငါထာဝရဘုရားထံတင်သွင်းပြီးလျှင် ပရောဟိတ်တို့သည် ဆားကိုဖြူး၍၊ ငါထာဝရဘုရားရှေ့မီးရှို့ရာသက္ကာအဖြစ်ပူဇော်ကြရမည်။
25 ခုနစ်ရက်ပတ်လုံးအပြစ်ဖြေရာသက္ကာအဖြစ်၊ တစ်နေ့လျှင် ဆိတ်တစ်ကောင်ကျပူဇော်ရသည့်ပြင်၊ ကြန်အင်စုံသောနွားပေါက်နှင့်၊ သိုးထီးကိုလည်း တစ်နေ့လျှင် တစ်ကောင်စီပူဇော်၍၊
26 ခုနစ်ရက်တိုင်တိုင်ပလ္လင်ပြစ်အဖို့ဖြေခြင်း၊ သန့်စေခြင်းကိုပြုလျက်၊ ပူဇော်ရာပလ္လင်သမုတ်ကြရမည်။
27 ထိုရက်ကုန်လွန်သောအဋ္ဌမနေ့ကစ၍၊ ပရောဟိတ်တို့သည် လူမျိုး၏ မီးရှို့ရာသက္ကာ၊ မိတ်သဟာယသက္ကာများကို၊ ပလ္လင်တော်ထက်ပူဇော်ရသည့်အလျောက်၊ ငါ လက်ခံမည်ဟူသောအရှင်ထာဝရဘုရားအမိန့်တော်ကို ပြန်ဆိုလေ၏။